သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အကျပ်အတည်းများဖြေရှင်းရေး ရွေးကောက်ပွဲကို အခွင့်အလမ်းအဖြစ်အသုံးချဖို့ ကုလတိုက်တွန်း

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ရန်ကုန်မြို့ရှိ မဲရုံတခုက မြင်ကွင်း။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ရန်ကုန်မြို့ရှိ မဲရုံတခုက မြင်ကွင်း။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ အပြည့်အဝ ဖော်ဆောင်ရေးနဲ့ တိုင်းရင်းသား လူနည်းစုတွေအကြား ဖြစ်ပေါ်နေတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ အရင်းခံ ပြဿနာတွေကို ဖြေရှင်းရေး မြန်မာအစိုးရအနေနဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲကို အခွင့်အလန်းတရပ်အဖြစ် အသုံးချဖို့ အရှေ့တောင်အာရှဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တိုက်တွန်းလိုက်ပါတယ်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ အပေါ် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးကြရသလို မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ် AAတို့အကြား ပဋိပက္ခအသစ်တွေ ထပ်ပြီးပေါ်ထွက်လာခဲ့တယ်လို့ ဘန်ကောက်မြို့အခြေစိုက် အရှေ့တောင်အာရှဒေသ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာရုံးက အကြီးတန်းအရာရှိ James Rodehaver ရဲ့ ဒီကနေ့ထုတ်ပြန် ကြေညာချက်မှာ ပါရှိပါတယ်။

ရိုဟင်ဂျာ ၇၂၀,၀၀၀ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတာ ၃ နှစ်ကြာခဲ့ပြီ ဖြစ်ပေမဲ့ တိုင်းပြည်တွင်း အခြေအနေတွေက ပိုပြီး ဆိုးရွားလာကြောင်းနဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးတာလည်း ဘာမှ သိပ်မတွေ့သေးဘူးလို့ Rodehaver က ပြောပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကို ပြန်စိစစ်လက်ခံသွားမယ်လို့ ပြောထားပါတယ်။

နိုဝင်ဘာလမှာလုပ်မယ့် ရွေးကောက်ပွဲဟာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရရှိခဲ့ကြတဲ့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေကို ပြန်လည် အသက်သွင်းပေးဖို့ အခွင့်အရေး တရပ်ဖြစ်ကြောင်း၊ သူတို့ဟာ ၂၀၁၅ ခုနှစ်မှာ မဲပေးခွင့် ငြင်းပယ်ခံခဲ့ရသလို အခု ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ စာရင်းပေးသူ အနည်းဆုံး ၄ ဦးကို လက်မခံဘဲ ပယ်ချခံရကြောင်းနဲ့ ဒါဟာ ရိုဟင်ဂျာတွေရဲ့ အခြေခံ အခွင့်အရေးကို တားဆီး ပိတ်ပင်လိုက်တာဖြစ်တယ်လို့လည်း OHCHR အကြီးတန်း အရာရှိက ပြောပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး စစ်မှန်တဲ့ ဂတိကဝတ်ပြု ပေးဖို့၊ ၁၉၈၂ နိုင်ငံသားဥပဒေ ပြင်ဆင်မှုအပါအဝင် ရိုဟင်ဂျာတွေကို နိုင်ငံသား အခွင့်အရေး ပြန်ပေးဖို့နဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့အရေး ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်းလည်း OCHR အကြီးတန်းအရာရှိ James Rodehaver ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







This item is part of
XS
SM
MD
LG