သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကွတ်ခိုင်မြို့နယ်တွင်း လက်နက်ကြီးထိမှန်မှုကြောင့် ကလေးတဦးသေဆုံး


ဒေသခံများ ဘေးလွတ်လာ ထွက်ခွာနေစဉ် (TNLA news and information commitee)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ TNLA တအာင်း ပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်ကြား ဒီနေ့အစောပိုင်း တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တဦး သေဆုံးပြီး၊ လူ ၆ ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြား ဒေသခံတွေ မြေဇာပင် ဖြစ်နေရတဲ့ လုပ်ရပ်ဟာ စစ်ရာဇ၀တ်မှုကျုးလွန်ရာရောက်တယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက သတိပေးနေကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေး ပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်နိမ်အွမ်ရွာအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ထိခိုက် သေဆုံးမှုတွေ ကြုံခဲ့ရတာပါ။ ဒေသအတွင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခု ဖြစ်တဲ့ TNLAတအာင်းပလောင်တပ်ဖွဲ့တွေ ဒီမနက်စောစော ရွာကထွက်သွားအပြီးမှာပဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခံ ခဲ့ရပြီး ဒဏ်ရာပြင်းထန်တဲ့ အသက် ၈ နှစ်အရွယ် ကလေးတဦး သေဆုံးခဲ့တာဖြစ်ကြောင်းလည်း ဒေသခံ ရွာသား တဦးဖြစ်တဲ့ မိုင်စိန်ထွန်းက ပြောပါတယ်။

“ပလောင်စစ်သားတွေကျတော့ မနေ့ညကလာအိပ်ပြီးမှ မနက်စောစောထွက်သွားပြီး။ သူတို့ထွက်သွားပြီးမှ ဗမာ စစ်သားတွေရောက်လာပြီး ရွာထဲမှာရှိနေမှန်းလို့ထင်နေတာပေါ့။ သူတို့ကလက်နက်ကြီးတွေလျှောက်ပစ်နေတယ်။ ဒဏ်ရာရတဲ့ကလေးတယောက်က ဆေးရုံသွားပို့ဖို့ ဆေးရုံမရောက်သေးဘဲနဲ့လမ်းမှာဆုံးသွားတယ်။”

ဒီနေ့အစောပိုင်း ပစ်ခတ်မှုတွေအတွင်း ထိခိုက်သူ အနည်းဆုံး ၆ ယောက်ရှိခဲ့ပြီး၊ ဒဏ်ရာရသူတွေကို ဆေးရုံတွေ ပို့ဆောင်ပေးခဲ့ရကြောင်းလည်း ကိုယ်တိုင်တွေ့ခဲ့သူ ဒေသခံနောက်တဦးကပြောပြပါတယ်။

“ဒဏ်ရာရတဲ့သူက (၆)ယောက်။ တယောက်ကတော့သေတယ်။ မြန်မာ့တပ်မတော်တွေသူတို့က ရွာအပေါ်မှာ လာရောက်ပြီးတော့ ရွာအထဲကနေပစ်ထဲ့လိုက်တယ်။ ဒဏ်ရာရတဲ့သူလားရှိုးဆေးရုံရောက်နေပြီး။ ဘယ်လိုဖြစ် မလဲတော့မသိဘူး။ ကွတ်ခိုင်ဆေးရုံမနိုင်တော့ဘူးဆိုပြီးတော့ လားရှိုးဘက်ဆီသွားလိုက်တာ။”

ဒေသတွင်းမှာ လက်နက်ကိုင် လှုပ်ရှားနေတဲ့ TNLA တပ်ဖွဲ့ကတော့ တိုက်ပွဲတွေ ရပ်တန့်နေတာ တလလောက် အကြာမှာပဲ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ တကျော့ပြန် လုပ်လာနေတာလို့ ပြောပါတယ်။ အခုနောက်ဆုံး ထိခိုက်သေဆုံးမှုတွေဟာလည်း ရင်ဆိုင်တိုက်ပွဲကြောင့် မဟုတ်ဘဲ မြန်မာ့တပ်မတော်ကနေ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့်လို့လည်း TNLA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးတာ့အိုက်ကျော် က ဆိုပါတယ်။

“ဘာမှမရှိဘူး။ ရွာသားတွေဘဲရှိတယ်ရွာထဲမှာ။ တပ်မတော်ဘက်က ဒီမနက်(၆)နာရီလောက် ရွာထိပ်ကိုဝင် လာတယ်။ ရွာထိပ်ကိုဝင်ပြီးမှ အဲဒီစေတီကုန်းမှာနေပြီးမှာ ရွာထဲမှာလက်နက်ကြီး (၈)လုံးလောက်ပစ်သွားတယ်။ အဲဒီမှာနေတဲ့ ရွာသားတွေက ထိခိုက်သွားတယ်။အားလုံးပေါင်း(၈)ယောက်ရှိတယ်။”

မြန်မာစစ်တပ်က အရပ်သားတွေကို ပစ်ခတ်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့သီးခြားအတည်ပြုလို့ မရသလို၊ မြန်မာ့တပ်မတော်က တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ တစုံတရာ သတင်းထုတ်ပြန် တာမျိုးလည်းမရှိပါဘူး။ ပစ်ခတ်မှုနဲ့ထိခိုက်သေဆုံးမှု အခြေအနေကိုသိနိုင်အောင် ကွတ်ခိုင်မြို့နယ်ရဲစခမ်းကို ဆက်သွယ်ခဲ့ပေမဲ့လဲ တာဝန်ယူ ဖြေဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။

၂၀၁၇ ခုနှစ် သြဂုတ်(၁၃)တုန်းကလဲ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ကောင်းဝိုင်းရွာမှာ TNLAတအာင်း ပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ အကြား တိုက်ပွဲအတွင်း ရွာသား(၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် WLB၊ အထွေထွေအတွင်းရေးမှူး လွေးပိုငယ်ကတော့ လက်နက်ကိုင် ပဋိပက္ခတွေကြား အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တဲ့ လုပ်ရပ်တွေဟာ စစ်ရာဇ၀တ်မှုမြောက်တယ်လို့ဆိုပါတယ်။

“ပြည်သူလူထုကိုပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်တာသည် ဘယ်သူလဲကျူးလွန်ကျူးလွန် ကျွန်မတို့အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်တဲ့အရာမဟုတ်ဘူး။ ဒီဟာသည်စစ်ရာဇ၀တ်မှုကိုကျူးလွန်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုလို့ ရှိရင် ဒီဂျီနီဗါကွန်ဗင်းရှင်းမှာရော။ ဒီICCဥပဒေထဲမှာဆိုလို့ရှိရင်ပါတယ်။ အခုလိုမျိုးတိုက်ပွဲတွေဖြစ်လာတဲ့အခါမှာ အများဆုံး သားကောင်အဖြစ်ခံစားရတဲ့ လူတွေကအမျိုးသမီးနဲ့ကလေးတွေအများကြီး။ ခံစားရတဲ့ဟာကို တွေ့ရတာပေါ့နော်။ အခုအဖြစ်အပျက်ကိုကြည့်လိုက်။ ကလေးငယ်လေး သူမှာဘာမှအပစ်မရှိဘူး။ ဘာမှလဲ သူမသိဘူး။ ဒါပေမဲ့သူက စစ်ပွဲရဲ့ သားကောင်ဖြစ်ပြီးတော့မှ သေဆုံးရတာပေါ့နော်။ ရွာသားတွေကို ပစ်မှတ် ထားပြီးတော့မှာ ဒီလိုတိုက်ခိုက်တာသည် လူ့အခွင့်အရေးချိုးဖေါက်မှု ရာဇ၀တ်မှုမြောက်သည်ဆိုတဲ့ ဥစ္စာကိုပြော ချင်ပါတယ်။”

ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂရုံးရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀န်းက ပဋိပက္ခတွေမှာ ကလေးငယ်တွေ သားကောင်ဖြစ်နေရကြောင်း ဖော်ပြခဲ့ တာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာပေါ်ကလက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးငယ် တသောင်းကျော် သေဆုံးခဲ့ရသလို၊ ကလေးစစ်သားအဖြစ် အသုံးချခံရတာ၊ အဓမ္မပြုကျင့်ခံရတာလို ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံခဲ့ရကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG