စစ်တွေမြို့ ဒါပိုင်းကယ်ဆယ်ရေးစခန်းက မွတ်စလင် တချို့နဲ့ ဒေသခံတချို့ကြား ပဋိပက္ခဖြစ်ပွါးပြီးတဲ့နောက် အခုအခါမှာ စစ်တွေမြို့ရဲ့ အခြေအနေဟာ တည်ငြိမ်နေတယ်လို့ ဒေသလုံခြုံရေးရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ အခုလို ပဋိပက္ခမျိုးမပေါ်ပေါက်အောင် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သက်ဆိုင်သူတွေအနေနဲ့ လိုက်နာနေထိုင်ဖို့လည်း ဒေသခံတွေက ဆန္ဒ ရှိနေတာပါ။ စစ်တွေမြို့ရဲ့ နောက်ဆုံးအခြေအနေကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ဇူလိုင်လ ၄ ရက်နေ့က စစ်တွေမြို့ ဒါးပိုင်းကယ်ဆယ်ရေးစခန်းက မွတ်စလင်တချို့နဲ့ ဒေသခံတချို့ကြား ဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခကြောင့် လူတဦးသေဆုံးပြီးနောက် အခုအခါမှာ စစ်တွေမြို့ရဲ့ အခြေအနေဟာ တည်ငြိမ်နေပြီလို့ စစ်တွေခရိုင်ရဲမှူး ရဲမှုးဝင်းနောင်က ပြောပါတယ်။
“ဟုတ်ကဲ့ စစ်တွေမြို့ကတော့ ပုံမှန်အတိုင်းပါပဲ ဘာမှ ပြဿနာမရှိပါဘူး၊ အေးအေးချမ်းချမ်းနဲ့ သွားလာလှုပ်ရှားပြီးတော့ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့တွေကလည်း အပြည့်တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ။”
ဒါးပိုင်းစခန်းက မွတ်စလင် ၁၀ ဦးဟာ စစ်တွေမြို့ တရားရုံးမှာ သက်သေထွက်ဆိုဖို့ ကားတစီးနဲ့ လာရောက်စဉ် အဲဒီကားနောက်ကနေ့ ဦးလှမြင့် အပါအဝင် မွတ်စလင် ၇ ဦးဟာ သီးခြားကားတစီးနဲ့ လိုက်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ သီးခြားခွဲထွက်ပြီး အစောင့်အရှောက် ရဲလုံခြုံရေးတဦးနဲ့အတူ ရောင်နီဦးဆိပ်ကမ်းကို သွားရောက်စဉ်မှာ ဒေသခံတချို့နဲ့ ပဋိပက္ခဖြစ်ပွါးပြီး အသက် ၅၅ နှစ်အရွယ် ဦးမောင်နုသေဆုံးခဲ့သလို တခြားသူတွေလည်း ဒဏ်ရာရခဲ့ပါတယ်။ အဲဒီပဋိပက္ခဖြစ်စဉ်ကိုတော့ ရဲမှူးဝင်းနောင်က အခုလိုရှင်းပြပါတယ်။
“လှေဝယ်မယ်ဆိုပြီးတော့ ရခိုင်သားတယောက်က လှမ်းခေါ်လို့ မြို့ထဲရောက်တော့ အဲဒီက ရဲစခန်းတခုကို အကူအညီတောင်း ပြီးတော့ ရခိုင်သားကခေါ်တယ်ဆိုပြီးတော့ အဲဒီမှာ တာဝန်ရှိတဲ့သူတွေ မဟုတ်ပဲနဲ့ လက်လွှတ်စပယ်ထည့် ပေးလို့ အဲလိုဖြစ်သွားတာပါ။
ပဋိပက္ခဖြစ်ပွါးရာမှာ ပါဝင်တဲ့ ဒါးပိုင်း စခန်းက မွတ်စလင်တွေအနေနဲ့ သီးခြားကားတစီးနဲ့ ထွက်ခွါလာရာမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အပြင်မထွက်ဘို့ တားဆီးတာမျိုး ရှိမရှိဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filipo Grande လည်း ဒါးပိုင် ဒုက္ခသည်စခန်းကို မကြာသေးခင်ကမှာ သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေရဲ့ အခြေအနေကို လေ့လာခဲ့ပါသေးတယ်။
ဒါးပိုင်စခန်းက မွတ်စလင်တွေအနေနဲ့ လွတ်လပ်စွာသွားလာခွင့်ရှိပေမယ့် ပဋိပက္ခဖြစ်ပွါးနိုင်တဲ့ အနေအထားကို ရှောင်ရှားဖို့ လိုလားနေတာပါ။စစ်တွေမြို့ခံ ဦးသန်းထွန်းက
“သူတို့အချင်းချင်း ဘင်္ဂလီဒုက္ခသည်စခန်းမှာရှိတဲ့ရွာတွေကို သူတို့ လွှတ်လပ်စွာသွားလာခွင့်ရှိတယ်။ သူတို့အချင်းချင်းလွတ်လွတ်လပ်လပ်သွားလာခွင့်ရှိတယ်။ ဒါပေမယ့် စစ်တွေမြို့ပေါ်ကို လာဖို့ကြတော့ သူတို့လုံခြုံရေးအတွက် ရဲတွေက လိုအပ်ရင် စောင့်ကြပ်ပေးရတာရှိတယ်။ သူတို့ပြောတာကတော့ ဘင်္ဂလီတွေ မသွားသင့်တဲ့နေရာကို ၊ သွားခွင့်မရှိတဲ့နေရာကို သွားတဲ့ ၁ ချက်ရယ် ၊ နောက်တချက်က သွားခွင့်မရှိတဲ့နေရာအထိကို တောက်လျှောက်လိုက်ပေးတဲ့ လုံခြုံရေးအဖွဲ့ တပ်ဖွဲ့ဝင်တွေကိုတော့ အပြစ်ပြောကြတာပေါ့လေ။”
အခုအခါမှာတော့ တခြားဒေသတွေကို ပဋိပက္ခ ကူးစက်ပြန့်ပွါးတာမျိုးမရှိအောင် စစ်တွေမြို့မှာ လုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားပြီး ဒီဖြစ်စဉ်အသေးစိတ်နဲ့ ပတ်သတ်လို့ စုံစမ်းစစ်ဆေးနေသလို ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးပြီး အရေးယူဖို့ ဆောင်ရွက်လျက်ရှိကြောင်း အစိုးရက သတင်းထုတ်ပြန် ထားပါတယ်။