သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် တရားရုံးတက်၊ ကျန်းမာရေးပြန်ကောင်းမွန်


နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်

(Zawgyi/Unicode)

သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့အပေါ် စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ နဲ့ အမှုတတွဲထဲ တရားစွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်၊ လုပ်ဆောင်မှုကို ရှေ့သီတင်းပါတ်ကျရင် စွဲချက်တင်သင့်မသင့် ဆုံးဖြတ်ဖို့ ရှိပါတယ်။ မနေ့က နေမကောင်းလို့ ကြားနာပွဲ မတက်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့တော့ နေပြည်တော်သီးသန့်တရားရုံးမှာလုပ်တဲ့ စစ်ဆေးကြားနာပွဲကို လာရောက်ကြားနာပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်း အလိမ္မာပြောပြပါမယ်။

NLD အစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ ၂၅ အမှုနဲ့၊ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့နဲ့ အမှုတတွဲထဲ စွဲဆိုထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လ့ှုံဆော် လုပ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ အမှုတွေကို ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့မှာ နေပြည်တော် သီးသန့်တရားရုံးမှာ စစ်ဆေးပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ အမှုကို စွဲချက်တင်သင့် မသင့် ရှေ့သီသတင်းပါတ်ကျရင် တရားရုံးက ဆုံးဖြတ်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ခေါင်းဆောင် တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗီအိုအေကို ပြောပါတယ်။ ဒီကနေ့ အမှုစစ်ဆေးမှုနဲ့ပါတ်သက်လို့ သူက ခုလိုရှင်းပြပါတယ်။

"ဒီကနေ့အမှုကိစ္စလည်း ၃ ယောက်လုံးကိုစွဲထားတဲ့ ၅၀၅-ခ အတွက် စွဲချက်တင်သင့် မသင့်လျှောက်လဲချက်ကို ၂ ဖက်က တင်ရပါတယ်။ ဒါနဲ့ပတ်သတ်လို့ လာမယ့်အပတ် ၂၁ ရက်နေ့မှာ ဒီအမှုအတွက် စွဲချက်တင်မတင် တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်။ နောက်ဒီကနေ့ချိန်းထားတဲ့ နောက်တမှုက ဦးညီညီကစွဲတဲ့ သဘာဝဘေး ၂၅အမှုပေါ့ အဲအမှုအတွက်က တရားလိုသက်သေ ၂ ယောက်ကို ချိန်းထားပေမယ့် မလာခဲ့ပါဘူး။ အဲတော့ တရားသူကြီးက အမှုစစ် (IO) ပေါ့ ရဲမှုးသန်းအေးကို စစ်မလားလို့ မေးပါတယ်။ IO ဆိုတာနောက်ဆုံးကျမှ မေးရမှာ သက်သေတွေပြီးမှ စစ်ရမှာ ဒါမှသဘာဝကျမှာဖြစ်လို့ ၂ ဖက်စလုံးက ငြင်းလိုက်ပါတယ်။ အဲဒါကြောင့်အဲအမှုကို မစစ်ဖြစ်ဘဲ ၂၁ ရက်နေ့ကိုပြန်ချိန်း လိုက်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေ စစ်ဆေးဖို့ သီးသန့်လုပ်ထားတဲ့ နေပြည်တော်က တရားရုံးမှာ အမှုစစ်ဆေးမှုတွေကို ကိုဗစ်ကပ်ရောဂါကြောင့် ၂ လကြာ ရပ်နားထားခဲ့ပြီး မနေ့က စက်တင်ဘာ (၁၃) ရက်နေ့ကမှ ပြန်လည်စစ်ဆေးနေတာဖြစ်ပါတယ်။ မနေ့တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မူးဝေနေတာကြောင့် ကြားနာပွဲမတက်နိုင်ဘဲ ပြန်သွားခဲ့ပါတယ်။ ဒီနေ့ နေကောင်းပုံရပေမဲ့ အားနည်းနေပုံရတယ်လို့ ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။


"သူကဒီနေ့တော့ထူထူထောင်ထောင်ရှိပါတယ်။ ဒါမယ့်သူမူးနေတယ်ပြောတယ်။ ထိုင်နိုင်တယ်စကားပြောနိုင် ဝင်ဆွေးနွေးနိုင်ပါတယ်။ တရားခွင်မှာလည်းထိုင်နိုင်ပါတယ်။ သူ့ကိုမနေ့ကလည်းဆရာဝန်လာတယ်ပြောပါတယ်။ ကျန်တဲ့ကျန်းမာရေးကိစ္စမရှိဘူး ပြောပါတယ်။"

မန္တလေးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့က တိုင်းတရားရုံးတွေမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့စွဲဆိုထားတဲ့ အမှု ၅ မှုအတွက် သူ့ကိုယ်စား ခုခံချေပနိုင်ဖို့ ရှေ့နေတွေကို ကိုယ်စားလှယ်လွှဲစာတွေ ပေးခဲ့တယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

ထပ်တိုးအမှုတွေအတွက် ရင်ဆိုင်ဖို့ပြင်ဆင်ရမှာဖြစ်တာမို့ ရုံးချိန်းမှာတွေ့ဆုံခွင့်အပြင် ရုံးချိန်းပြင်ပမှာပါ ရှေ့နေတွေနဲ့ သီးခြားတွေ့ဆုံဆွေးနွေးနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုနေပါတယ်။

" ဒေါ်အောင်ဆန်းစုကြည်ကိုနောက်ဆုံးစွဲထားတာမှာ အသစ်တွေပါတယ်။ သူနဲ့အတူစွပ်စွဲခံရသူတွေလေ။ အဲတော့သူကလည်းပြောတယ် ကျနော်တို့လည်းဝန်ခံတယ်။ အမှုတွေအကုန်လုံးအတွက် ရှေ့နေတွေ နဲ့ အကုန် တွေ့ဖို့ ပေါ့။ သတ်သတ်တချိန်းကျနော်တို့ လျှောက်ဖို့အတွက် ကျနော်တို့ အစီအစဉ်ရှိပါတယ်ဗျ။"

ဒေါ်အောင်ဆန်းစုကြည်ဟာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ (၂)မှု၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ ၅ မှု စုစုပေါင်း အမှုပေါင်း ၁၁ မှုနဲ့ ရင်ဆိုင်နေရပါတယ်။

လာမယ့် စက်တင်ဘာ ၂၀ ရက် နဲ့ ၂၁ ရက်နေ့တွေမှာတော့ နေပြည်တော်က ကနဦးစွဲဆိုထားတဲ့ အမှုတွေကိုဆက်လက် စစ်ဆေးသွားမှာဖြစ်ပါတယ်။ နောက်ထပ်ထပ်တိုးစွဲထားတဲ့ အမှုတွေနဲ့ပတ်သတ်လို့ကတော့ ဘယ်နေ့ ရုံးတင်စစ်ဆေးမလဲဆိုတာ မသိရသေးပါဘူး။

................................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)












XS
SM
MD
LG