သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝနဲ့ ရခိုင်မြောက်ပိုင်းမြို့နယ်တချို့မှာ တိုက်ပွဲပြင်းထန်


ပလက်ဝမြို့(သတင်းဓာတ်ပုံ - khonumthung.news )
ပလက်ဝမြို့(သတင်းဓာတ်ပုံ - khonumthung.news )

(Zawgyi/Unicode)

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့မှာ ကြာသပတေးနေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ရသေ့တောင်မြို့နယ် မေယူ၊ မြစ်ကမ်းတလျှောက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ရွာသားတချို့ ဒဏ်ရာရသလို ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံကတော့ ၃၀,၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းက အမ်း၊ ကျောက်တော် နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ် တွေမှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အမ်းမြို့နယ် ကဇုကိုင်း ကျေးရွာရဲ့ အရှေ့ဘက် ၄ ကီလိုမီတာခွဲလောက် အကွာမှာလည်း တိုက်ပွဲဖြစ်တာ ရှိတယ်။ နောက်ပြီးတော့ ပလက်ဝမြို့နယ် မင်းချောင်းတံတားအနီးမှာ ရှိတဲ့ မြန်မာ စစ်တပ်နဲ့ ဖြစ်တာရှိတယ်။ နောက်တခုက ကျောက်တော်မြို့နယ် ကုလားတန်မြစ် ဝက်မကျရွာ အနားမှာရှိတဲ့ တောင်တန်းမှာလည်း တိုက်ပွဲအပြင်းအထန် ဖြစ်တာ ရှိတယ်။”

ရသေ့တောင်မြို့နယ် မေယူမြစ်အတွင်းမှာလည်း မေယူမြစ်ရဲ့ အရှေ့ဘက် ကမ်းမှာရှိတဲ့ ထီးစွဲ၊ ကျောက်တန်း၊ ရေပုတ်၊ ဆောက်ခတ်၊ အောင်မြေကုန်း၊ ဗော်ထိကုန်း၊ ရေမျက်ကျေးရွာနဲ့ အနောက်ဘက်ကမ်းမှာ ရှိတဲ့ အောင်စေ၊ ကုန်း၊ စားဖိုကျွန်း၊ ကန်ပြင်၊ ပြင်ဝန်းစတဲ့ ကျေးရွာတွေကို ပစ်ခတ်မူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီပစ်ခတ်မှုဟာ စစ်တွေကနေ မေယူမြစ်အတိုင်း မြောက်ဘက်ကို တက်လာတဲ့ တပ်မတော် ရေယာဉ်က မနေ့က ညနေ ၆ နာရီကျော် လောက်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ဒဏ်ရရသူ တွေရှိသလို ဒေသခံတွေ ထွက်ပြေးနေကြပါတယ်လို့ ညောင်ပင်လှဒေသခံ တဦးက စွပ်စွဲပြောဆိုပါတယ်။

“တပ်မတော် သင်္ဘော စစ်ရေယာဉ်နှစ်စီးဟာ စစ်တွေကနေလာပြီးတော့ ရသေ့တောင် ၅၃၆ တပ်ရင်းမှာ ခဏနားပြီး တော့ မယူမြစ်ကြောအတိုင်းမြောက်ဘက်ကို တက်လာပြီးတော့ ထီးစွဲ ချောင်းဝကို အရောက်မှာ လက်နက်ကြီး တွေ လက်နက်ငယ်တွေ သုံးပြီး စက်သေနတ်တွေ သုံးပြီး ပစ်လာတယ်။ ကျနော်တို့လည်း ကြောက် လန့်ပြီးတော့ အသက်အိုးအိမ် လုံခြုံမယ့် နေရာမှာပုန် းနေကြရတယ်။ သူတို့ပစ်တာ ကတော့ မေယုမြစ်ရဲ့ အရှေ့ဘက် ရွာတွေ ရော အနောက်ဘက်မှာ ရှိတဲ့ ကျေးရွာတွေရော အကုန်လုံးကို ထိမှန်ခဲ့ပါတယ်။ သူတို့ပစ်ခတ်တာကြောင့် ကျေးရွာ တွေမှာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်။”

အဲဒီပစ်ခတ်မှုကြောင့် မေယူမြစ်ရဲ့အရှေ့ဘက် ကမ်းမှာ ရှိတဲ့ရေပုတ် ကျေးရွာအမျိုးသမီးနှစ်ဦးနဲ့ ဆောက်ခတ် ကျေးရွာက အမျိုးသမီး တဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဆောက်ခတ်ကျေးရွာက ဦးမောင်ပုက ပြောပါတယ်။

“ကျနော်တို့ ရွာက ဒဏ်ရာတယောက်ရတယ်။ အဲတစ်ယောက်က ကျနော်တို့ ရွာကမဟုတ် တစ်ခြားရွာ ကလာပြီး ဆွေမျိုးအိမ်ကိုရောက်နေတာ အဘွားကြီးတဦး ကညာဘက် ဖခုံးမှာ ဒဏ်ရာရတယ်။ အခုတော့ ရသေ့တောင် ဆေးရုံကို ပို့ထားတယ်။”

အဲဒီပစ်ခတ်မှုဟာ တပ်မတော်ရေယာဉ်က ပစ်တာဖြစ်တယ်လို့ ဒေသခံတွေက စွပ်စွဲပြောဆိုကြပေမယ့် တပ်မတော်ဘက်ကတော့ မနေ့က ချင်းပြည်နယ် ပလက်ဝဘက်မှာသာ တိုက်ပွဲတွေရှိပြီး မေယူမြစ်ကမ်းက ရွာတွေကို သူတို့ပစ်တာ မဟုတ်ဘူးလို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ပြောပါတယ်။

“တပ်က မပစ်ပါဘူးကွာ။ တပ်က အဲဒီနားလေးမှာတောင် မရှိဘူး။ တပ်မတော်ရေယာဉ်က အဲလောက်အဝေးကြီး ကျည်ဆံက မရောက်ဘူးဟ။ တို့နေဗီသင်္ဘောက သေနတ်က ဘယ်လိုလုပ်ပစ်မလဲ။ ပစ်ရင်လည်း ကျည်ဆံ တစ်ထောင့်က ကိုက် ၄၀၀ ထက်ပိုမရောက်ဘူး။ ကျည်ဆံ ငါပစ်ပြမယ် ကိုက် ၄၀၀ ရပ်နေထိကိုမထိစေရဘူး။ ပလက်ဝနားပဲ တိုက်နေကြတယ်။ အဲဒီ AA တွေပဲ လိုက်တိုက်နေတာ။"

စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းမှာ နှစ်ဘက်ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး အရပ်သားသေဆုံး ဒဏ်ရာရရှိသူ တွေဟာလည်း တစ်နေ့ထက် တစ်နေ့ များပြားလာနေပါတယ်။ ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ ထိခိုက် ဒဏ်ရာ ရရှိတိုင်းမှာလည်း တပ်နဲ့ AA အဖွဲ့တို့ဟာ တဘက်နဲ့ တဘက် အပြန်အလှန်စွပ်စွဲ ပြောဆိုနေကြ တာ လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ရသေ့တောင်မြို့နယ်ဘက်မှာ AAအဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ရသေ့တောင်မြို့နဲ့ တခြားဘေးလွတ်ရာကျေးရွာတွေကို ထွက်လာပြေးနေကြတဲ့ စစ်ဘေးဒုက္ခသည် ၃၀,၀၀၀ ကျော်လောက် ရှိတယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။

“ဒုက္ခသည်တွေကတော့ စခန်းတွေမှာလည်း ပြည့်နေတယ်။ နောက်အိမ်တွေမှာ ငှားနေကြတယ်။မတတ်နိုင်ငံတဲ့ သူတွေကျတော့ ဒုက္ခသည် စခန်းတွေမှာ နေတယ်။ ဘုန်းကြီးကျောင်းတွေမှာ နေကြတယ်။ ဆွေမျိုးတွေ ဆီမှာ နေကြတယ်။ မြို့ပေါ်မှာတော့ တစ်သောင်းဝန်းကျင်လောက်ရှိမယ်။ နယ်မှာနဲ့ဆို အကုန်လုံး သုံးသောင်း ကျော် ၄၀,၀၀၀ လောက်ရှိမယ်။ ဒီတစ်ပတ်အတွင်း မှာ ဆိုရင် ၄,၀၀၀၊ ၅,၀၀၀ လောက်တိုးလာတာ။”

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ် ၈ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အင်တာနက် ဖြတ်တောက်ထားတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်ပြီး ဒေသခံတွေ ပိုပြီးတော့ ဒုက္ခရောက်နိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG