သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝမြို့အနီး စစ်ရေယာဉ်တန်းကို AA တိုက်ခိုက်ဟု တပ်မတော်အတည်ပြု


(ဓါတ်ပုံ- ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
(ဓါတ်ပုံ- ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

(Zawgyi/Unicode)

ဒီကနေ့မနက်ပိုင်းက ပလက်ဝမြို့အနီးမှာ တပ်မတော် သင်္ဘောတွေကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

မနေ့ကလည်း ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို ဗွီအိုအေသတင်းထောက် ကိုသက်နိုင်က စုစည်း တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က တံတားစီမံကိန်းအတွက် ပစ္စည်းတွေ တင်ဆောင်လာတဲ့ အရပ်သားရေယာဉ် ၃ စီးနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ တပ်မတော်ရေယာဉ် ၃စီးတို့ကို ဒီကနေ့ မနက်ပိုင်းက ရခိုင်လက်ကိုင် AA အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အနောက်ပိုင်တိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

"ကျနော်တို့ ပလက်ဝ စီမံကိန်းတံတားလုပ်နေတာ ရှိတယ်။ ပလက်ဝတံတား စီမံကိန်းအတွက် သံဘောင်တွေရယ်၊ ဘိလပ်မြေတွေရယ်၊ ပြီးရင် ကျန်တဲ့ သဲ၊ ကျောက်တွေ သယ်သွားတဲ့ စစ်ရေယာဉ် သုံးစင်းအဲမှာ ရေယာဉ်တွေက ရွှေပြည်တန် တစ်စီးပါတယ်။ ရွှေမင်းသမီးတစ်စီး ပါတယ်။ ပြီးတော့ နောက်တစ်စီးပါတယ် သုံးစင်း။ ပလက်ဝတံတား စီမံကိန်းအတွက် သံဘောင်တွေ ရယ် ဘိလပ်မြေတွေ ရယ် ပြီးရင် ကျန်တဲ့ သဲ ကျောက်တွေ သယ်သွားတဲ့သုံးစင်းကို ကျနော်တို့ တပ်မတော် ရေယာဉ်က အနီးကပ် လုံခြုံရေး လိုက်ပါပြီးတော့ စစ်တွေကနေ ထွက်လာတာ။ ပလက်ဝ၊ ပီကောက်ဝ တံတားအနီးမှာ AA ကနေပြီးတော့မှ အရှေ့ဖက်ကမ်းက RPG တွေနဲ့ ပစ်တယ်။ လက်နက်ကြီးတွေ၊ ဗုံးတွေနဲ့ ပစ်တယ်။ ဘာမှတော့ မဖြစ်ဘူး၊ ကျနော်တို့ ဒဏ်ရာရတာ တစ်ယောက်ပဲ ရှိတယ်၊ ကျန်တာဘာမှမရှိဘူး။"

မနေ့က ညနေပိုင်းကလည်း ရသေ့တောင်မြို့နယ်၊ ရီဇိုးချောင်း တပ်မတော် ဗျုဟာကုန်း တည်ရှိရာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တဲ့ ကျည်ဟာ အမျက်တောင် ကျေးရွာကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

"ကျနော်တို့ ရသေ့တောင် မြို့နယ် အမျက်တောင် ကျေးရွာမှာ ညနေ ၅နာရီလောက်မှာ လက်နက်ကြီး ကျပြီးတော့ လူနှစ်ဦး တစ်ဦးသေသွားတယ်၊ တစ်ဦးဒဏ်ရာရသွားတယ်။ ဒီအချိန်မှာ စပါးသီးနှံတွေ ရိုတ်သိမ်းချိန်မှာ ပစ်ခတ်မှုတွေကြောင့် မတရား သေဆုံးနေရတယ်ဆိုရင်တော့ လယ်သမားတွေဟာ စိတ်မချမ်းသာ ပြည်သူတွေ ဖြစ်ရပါတယ်။ လက်ရှိရွာသွားတွေကတော့ ကယ်ဆယ်ရေး စခန်းတွေကို သွားနေကြသူတွေ ရှိတယ်။ လယ်သမားတစ်ချို့ကတော့ လယ်ကွင်းတွေမှာ လာရောက် အလုပ်လုပ်နေကြတဲ့ သူတွေလောက်ပဲရှိတယ်။"

သေဆုံးသူဟာ နေအိမ်အတွင်းထိုင်နေစဉ် လက်နက်ကြီးကျည်ကျပြီး သေဆုံးခဲ့တာဖြစ်ပြီး ဗျုးဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အလောင်းကိုထားပြီး ထွက်ပြေးခဲ့ရတာဖြစ်တယ်လို့ သေဆုံးသူရဲ့ ဇနီးကပြောပါတယ်။

"ကျမ အမျိုးသားက နေမကောင်းဘူး၊ ကျန်းမာရေး မကောင်းဖြစ်နေတာ။ စစ်တွေက ဆေးကုပြီး ပြန်လာတာ လေးငါးရက်လောက်ပဲ ရှိသေးတယ်။ အခုတော့ အိမ်မှာနေရင်း လက်နက်ကြီးကျပြီး သေတယ်။ အဲလို ရခိုင်ပြည်သူတွေကို သတ်နေလို့ သေကြတာကို ဘယ်နိုင်ငံ၊ ဘယ်ပြည်နယ်ကမှ မကယ်နိုင်ကြဘူးလို့ ပြောချင် တယ်။ သူ့ကို ထားခဲ့ပြီးတော့ ထွက်ပြေးရတယ်။ မနေ့က ၄နာရီလောက်ကပင် သေသွားတဲ့ အလောင်းကို ထားပြီး ထွက်ပြေးရတာ၊ သူတို့ပစ်နေတော့ ဘယ်သူမှ မနေရဲကြဘူး။"

တပ်မတော်က လက်နက်ကြီးနဲ့ ပစ်လို့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပေမယ့် တပ်မတော်ဖက်ကတော့ သူတို့ပစ်တာမဟုတ်ပဲ AA အဖွဲ့က ပစ်တာလို့ ပြောပါတယ်။

"ကျနော်တို့က ဝေးလို့ ဘာမှကို ပြန်မပစ်ဘူး။ AA ကနေပြီးတော့ ရေဇိုးချောင်း အမျက်တောင် အနောက်ဖက်ကမ်းကနေပြီးတော့ လှမ်းပစ်လိုက်တာကြောင့် အဲကျည်က စခန်းကိုမကျပဲ ရွာထဲကိုကျတယ်။ ကျပြီးတော့မှ အဲဒီမှာ စပါးဘာညာ လုပ်နေတဲ့ လူကို သွားထိတယ်။"

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှာ လက်နက်ကြီးကျည်ကျပြီး နေအိမ်အတွင်း မီးမွေးနေတဲ့ အသက် ၇၀ကျော် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီ ဆေးရုံကို ပို့ဆောင်လိုက် ရပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနေသလို မကြာခဏဆိုသလို အရပ်သားတွေဟာလည်း လက်နက်ကြီးကျည်ကျပြီး သေဆုံး၊ ဒဏ်ရာ ရရှိနေကြတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကတော့ အရပ်သား သေဆုံး၊ ဒဏ်ရာရမှုတွေအတွက် တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် စွပ်စွဲ ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)












XS
SM
MD
LG