(Zawgyi / Unicode)
ပါကစ္စတန်နိုင်ငံမှာ လူပေါင်း ၁ ထောင်ကျော် သေဆုံးခဲ့ရတဲ့ ရေဘေးဒဏ်ခံနေရသူတွေကို ကူညီဖို့ အမေရိကန် ဒေါ်လာ ၄၅ သန်း သုံးစွဲမယ့်အကြောင်း ဝန်ကြီးချုပ်က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
"ဗဟိုအစိုးရရဲ့ အကူအညီအနေနဲ့ ဒေါ်လာ ၄၅ သန်း နဲ့ ညီမျှတဲ့ ရူပီးငွေ ၁ဝ ဘီလျံ ကို Baluchistan ပြည်နယ်အတွက် အကူအညီပေးဖို့ ကျနော် ကြေညာအပ်ပါတယ်။ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနဲ့ ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး အကူအညီတွေကို စီစဉ်ပါလိမ့်မယ်" လို့ ပါကစ္စတန်ဝန်ကြီးချုပ် Muhammad Shehbaz Sharif က ပြောသွားတာပါ။
စနေနေ့ကနေ တနင်္ဂနွေနေ့အထိ ရေကြီးမှုကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ နောက်ထပ် ၁၁၉ ဦး ရှိခဲ့တာကြောင့် သေဆုံးသူ ၁,၀၀၀ ကျော်သွားပြီလို့ အစိုးရ အရာရှိတွေက တနင်္ဂနွေနေ့က ပြောပါတယ်။ ဒါဟာ မုတ်သုန်မိုးရာသီအတွင်းမှာ ဆိုးဝါးပြင်းထန်တဲ့ ရာသီဥတု ကပ်ဆိုးကြီးဖြစ်တယ်လို့လည်း ရာသီဥတုဆိုင်ရာ ဝန်ကြီးက ပြောပါတယ်။
မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် ရေကြီးလာကာ ကျေးရွာတွေ၊ စိုက်ပျိုးခင်းတွေဟာ ရေမြုပ်ကုန်တဲ့အတွက် ဒေသခံထောင်ပေါင်းများစွာကို ကယ်ဆယ်ရေးလုပ်သားတွေ၊ စစ်သားတွေက ဘေးလွတ်ရာကို ပြောင်းရွေ့၊ အစားအစာတွေ ထောက်ပံ့ပေးကြရပါတယ်။ Sindh ပြည်နယ် နဲ့ Khyber Pakhtunkhwa ဒေသတွေမှာ သေဆုံးသူတွေ ထပ်တိုးလာတဲ့အတွက်ကြောင့် အခုဆိုရင် ၁,၀၃၃ ဦး အထိ ရှိသွားပြီလို့ ပါကစ္စတန် အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက အရာရှိတွေက ပြောပါတယ်။
(Unicode)