ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ Jammu နဲ့ Kashmir ဒေသတွေနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ အငြင်းပွားဖွယ် မကြာသေးခင်က လုပ်ရပ်ဟာ ဒေသတွင်းငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိစေတယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က ဒီကနေ့ သတိပေး လိုက်ပါတယ်။
ပါကစ္စတန် လွတ်လပ်ရေးနဲ့ အခမ်းအနားတွေကို ဒီကနေ့ကျင်းပချိန်မှာပဲ ဝန်ကြီးချုပ် Khan က အဲဒီလိုပြောတာပါ။ အိန္ဒိယက သူတို့အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တဘက်သတ် ပြန်ရုပ်သိမ်းလိုက်အပြီး သီတင်းတပတ်အကြာမှာ အခုလိုပြောတာလည်းဖြစ်ပါတယ်။
အိန္ဒိယအစိုးရက စစ်သား ထောင်ပေါင်းများစွာကို ကက်ရှ်မီးယားဒေသမှာ ထပ်လွှတ်ထားသလို ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်လာမှာကို တားဆီးတဲ့အနေနဲ့ ဒေသတခုလုံးမှာ လုံခြုံရေးတင်းကျပ်ပြီး ပိတ်ဆို့ ကန့်သတ်တာတွေလည်း လုပ်ထားပါတယ်။ ဒါပေမယ့်လည်း အဲဒီကန့်သတ်ချက်တွေ ဒေသတွင်း တချို့နေရာတွေမှာ လျော့ပါးသွားပြီဆိုတဲ့ သတင်းတွေတော့ ထွက်ထားပါတယ်။
ဝန်ကြီးချုပ် Khan က “လွတ်လပ်ရေးနေ့ဆိုတာ သိပ်ကိုပျော်ရွှင်ဖို့ကောင်းတဲ့ အချိန်အခါ တခုဖြစ်ပေမယ့် ဒီကနေ့မှာတော့ အိန္ဒိယ ရဲ့ ဖိနှိပ်မှုအောက်ရောက်နေတဲ့ သိမ်းပိုက်ခံ Jammu နဲ့ ကက်ရှ်မီးယားက ညီအကိုတော်တွေ ခံစားနေရတာအတွက် ကျနော်တို့ ဝမ်းနည်းရပါတယ်၊ သူတို့နဲ့အတူတကွ ကျနော်တို့ ရပ်တည်နေပါတယ်ဆိုတာ ကက်ရှ်မီးယား ညီအကိုတော်တွေကို ကျနော် အခိုင် အမာပြောပါတယ်” လို့ ဒီကနေ့ ပြောသွားပါတယ်။