သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ပါကစ္စတန် အသင့်


မှတ်တမ်းဓာတ်ပုံ - ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး Shah Mehmood Qureshi
မှတ်တမ်းဓာတ်ပုံ - ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး Shah Mehmood Qureshi

အိန္ဒိယနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသင့်ပဲလို့ ပါကစ္စတန်က ကမ်းလှမ်းလိုက်ပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦး Kyrgyzstan မှာပြုလုပ်တဲ့ ဒေသတွင်းနိုင်ငံများ ဆွေးနွေးပွဲတရပ်မှာ အလွတ်သဘော သီးခြားတွေ့ဆုံပြီး အခုလို ပြောကြားလိုက်တာပါ။

တောင်အာရှဒေသတွင်း နြူကလီယားလက်နက် တပ်ဆင်ထားတဲ့ ပြိုင်ဘက်နိုင်ငံ နှစ်ခုကြား ဖေဖော်ဝါရီလတုန်း က စစ်ဖြစ်လုနီးအထိ တင်းမာမှု မြင့်မားခဲ့ပြီးနောက် ဒါဟာ ပထမဆုံးအကြိမ် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ကမကထ ပြုလုပ်တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ခေါ် လုံခြုံရေး ဆွေးနွေးပွဲ အပြီးမှာ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi ဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj နဲ့ ခနတာတွေ့ဆုံခဲ့တယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

“မိမိတို့အနေနဲ့ ပြဿနာအားလုံးကို ဆွေးနွေးညှိနှိုင်းမှုကတဆင့် ရင်းနှီးချစ်ကြည်စွာ ဖြေရှင်းလိုတယ်ဆိုတာ ရှင်း ရှင်းလင်းလင်း ပြသလိုက်တယ်” လို့ ပါကစ္စတန်ဝန်ကြီးက ပြောကြောင်း သူတို့ရဲ့ ကြေညာချက်တစောင်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယ အရာရှိတွေ ဘက်ကတော့ ချက်ချင်းတုံ့ပြန်မှု တစုံတရာ မရှိသေးပါဘူး။ အိန္ဒိယ မီဒီယာတွေ ထဲမှာတော့ ဝန်ကြီး Swaraj ဟာ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ပဋိသန္ဓာရ စကားတွေ ပြောကြားခဲ့တယ်လို့ပဲ ဖော်ပြထား ပါတယ်။

ဗုဒ္ဓဟူးနေ့က ဝန်ကြီးနှစ်ဦး တွေ့ဆုံမှုဟာ BJP ပါတီ ဝန်ကြီးချုပ် Narendra Modi အရေးသာနေတဲ့ အိန္ဒိယနိုင်ငံ အထွေထွေ ရွေးကောက်ပွဲရလဒ် မသိရခင် တရက်အလိုလည်း ဖြစ်ပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan ကတော့ Modi ရဲ့ BJP ပါတီ အနိုင်ရခဲ့ရင် နှစ်နိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာ ရှိလာနိုင်တယ်လို့ ပြီးခဲ့တဲ့လက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG