သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပန်ဆိုင်းမြို့အနီး တရုတ်-မြန်မာ နယ်မြေ အငြင်းပွား


တရုတ်- မြန်မာနယ်စပ်တနေရာ
တရုတ်- မြန်မာနယ်စပ်တနေရာ

ဒီကနေ့ မနက်အစောပိုင်းက တရုတ်- မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်)မြို့နယ် ဖိုင်ကောင်းကျေးရွာအုပ်စု အတွင်းက နယ်မြေအငြင်းပွားမှု တခုဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့တွေက မြန်မာပိုင် နယ်နမိတ် ထဲကို ဝင်ရောက်ပြီးနယ်စပ်ဖြတ်ကူးတဲ့ လမ်းကို ပိတ်ဆို့ တံတိုင်းတည်ဆောက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ကတော့ အခင်းဖြစ်တဲ့နေရာကို ဘယ်သူ ပိုင်ဆိုင်သလဲဆိုတာ စိစစ်နေပြီး လောလောဆည်မှာတော့ တံတိုင်းခတ်ခဲ့ လုပ်ငန်းကို ရပ်ဆိုင်း ခိုင်းထားတယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တရုတ်မြန်မာနယ်ဒေသမှာ နယ်မြေအငြင်းပွားမှုဖြစ်နေတဲ့ နေရာဟာ ပန်ဆိုင်း(ကြူကုတ်)မြို့ နဲ့ ၆မိုင်အကွာ ဖိုင်ကောင်းကျေးရွာ အုပ်စုအတွင်းမှာ မနက် ၇နာရီလောက် က ဖြစ်ပွားခဲ့တာပါ။

တရုတ်တွေက မြန်မာပိုင်နယ်ထဲကို ပေ ၁၀၀ ဝန်းကျင်လောက် ဝင်ရောက်ပြီး တံတိုင်းခတ် တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ တရုတ်တွေက ကျနော်တို့ဘက်ကို ပေပေါင်းတော်တော်လာပြီးမှ ခြံစည်းရိုး ကာမယ်ဆိုပြီးမှ မြောင်းပြန်လာတူးနေတယ်။ ဘတ်ဖိုးနဲ့ ဒီမနက်။ ကျောက်ခင်းလမ်းကို သူတို့ ဧရိယာပါဆိုပြီးတော့ လာပြီးတော့ ဖြတ်ယူသွားတယ်ဆိုတော့ နယ်မြေခံတွေကတော့ နေပြည်တော်အစိုးရကများ အဲဒီအပိုင်း ဖြတ်ရောင်းထား လို့ သူတို့ ပိုင်စိုးပိုင်းနင်း လာပြီးမှ အုတ်ရိုးစီမယ်ဆိုပြီး လာလုပ်ယူသလားပေါ့။ ဘာမှလည်း ပြန်မပြောရဲဖြစ်နေတယ်။ နယ်မြေခံတွေက။ ပေတစ်ရာဝန်းကျင်လောက်ရှိတယ်။ တော်တော်ကို ကျယ်တယ်။ တရုတ်တွေကတော့ ရဲတွေ ကိုယ်တိုင်စောင့်ပြီး ဘတ်ဖိုးနဲ့ မြောင်းတူးနေတာပေါ့နော်။”

ဒီလို တံတိုင်းခတ်ဖို့ လုပ်တဲ့ နယ်မြေအတွင်းမှာ ဒေသခံတွေ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်ခဲ့တဲ့ လယ်မြေတွေလည်း ပါဝင်နေတယ်လို့ ပြောပါတယ်။

မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန်းကတော့ နယ်မြေပိုင်ဆိုင်မှုကို စိစစ်ဖို့ ဆောင်ရွက်နေပြီး လုပ်ငန်းတွေ ရပ်ဆိုင်းဖု့ိ ပြောဆိုထားကြောင်း အခုလို ပြောပါတယ်။

“ ဟိုဘက်ကနေ တရုတ်နိုင်ငံဘက်ကနေ မြေကော်စက်နဲ့ မြေ တူးတာရှိတယ်။ မြောင်းဖောက်ဖို့လေ။ အဲတော့ ဒီဘက်နိုင်ငံထဲ ပါ မပါ မသေချာသေးလို့ပေါ့။ ဒီဘက်နိုင်ငံထဲ ပါတယ်လို့ ပြောတဲ့အတွက်ကို သေချာလေး ကွင်းဆင်းပြီးတော့မှ အတိအကျဖြစ်ဖို့ကတော့ နှစ်ဘက်က သေချာ တိကျလေး ရှင်းမှ ရမယ်။ ဒါကြောင့်မို့ နှစ်ဘက်က အငြင်းပွားဖွယ်ဖြစ်နေတဲ့အတွက် ရပ်ထားပါလို့ အုပ်ချုပ်ရေးအဖွဲ့အစည်းက ပြောထားလို့ ရပ်ထားတယ်။ ကွင်းဆင်းစစ်ဆေးပြီးမှပဲ သူတို့ဘက်ကမှာ ပါနေရင် သူတို့ လုပ်လို့ ရတယ်။ ဒီဘက်ကို ကျော်နေရင် နယ်စပ်နဲ့ မလုပ်ရတဲ့နယ်မြေထဲ ရောက်တယ်ဆို မလုပ်ဖို့ စိစစ်နိုင်ဖို့ တားထားတာ။ အဲဒီကိစ္စပါ။ ”

၂၀၁၄ခုနှစ်တုန်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းမှာ နယ်စပ်အငြင်းပွားမှုဖြစ်ပွားခဲ့ပါတယ်။ တရုတ်နိုင်ငံဖက်က ယူနီဖောင်းဝတ်တွေ ဝင်ရောက်လာပြီး လယ်မြေ`ဧက ၇၀လောက်ကို တိုင်စိုက်ပြီး သူတို့ပိုင်ကြောင်း သတ်မှတ်ခဲ့လို့ နမ့်ခမ်းဒေသခံတွေက ဆန္ဒြုပကန့်ကွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အစိုးရချင်း ညှိနှိုင်းဖြေရှင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG