သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေး အမေရိကန်ပါဝင်ဆောင်ရွက်ဖို့ USIP တိုက်တွန်း


ဝါရှင်တန် အခြေစိုက် အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု့ (USIP) မှာ ကျင်းပတဲ့ China's Role in Myanmar's Internal Conflicts
ဝါရှင်တန် အခြေစိုက် အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု့ (USIP) မှာ ကျင်းပတဲ့ China's Role in Myanmar's Internal Conflicts

မြန်မာ့ငြိမ်းချမ်းရေးမှာ ပိုပြီး ပါဝင်ပတ်သက်လာတဲ့ တရုတ် အနေနဲ့ မြန်မာ နိုင်ငံမှာ စစ်ပွဲတွေ ဖြစ်နေတာ မမြင်ချင်သလို၊ လုံးဝ ငြိမ်းချမ်းသွားတာမျိုး ကိုလည်း မြင်ချင်တာမဟုတ်ဘူးလို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု့ (USIP)က ထုတ်တဲ့ သုတေသနအစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အမေရိကန် နဲ့ အနောက်နိုင်ငံတွေ ရဲ့ မြန်မာ့အရေးမှာ ပါဝင်ပတ်သက်မှုကို အနိုင်အရှုံး သဘောမျိုးမမြင်ပဲနဲ့ မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး မှာ အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေကိုလည်း ပါဝင်ခွင့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုငြိမ်းချမ်းက တင်ပြမှာပါ။

ဝါရှင်တန် အခြေစိုက် အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု့ (USIP) မှာ ကျင်းပတဲ့ China's Role in Myanmar's Internal Conflicts မြန်မာ့ပြည်တွင်းရေး ပဋိပက္ခတွေ မှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ ခေါင်းစဉ် နဲ့ သုတေသန အစီရင်ခံစာ တစ်ခုထုတ်ပြန်လိုက်ပါတယ်။ ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအပေါ် တရုတ်ရဲ့ အမြင်နဲ့ အခန်းကဏ္ဍတွေကို လေ့လာဖောြ်ပထားပြီး အမေရိကန်အနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် ဘယ်လိုကူညီရမလဲဆိုတာ အကြံဉာဏ်ပေးထားတာပါ။ တရုတ် အနေနဲ့ မြန်မာ နိုင်ငံမှာ စစ်ပွဲတွေ တိုက်နေတာ မမြင်ချင်သလို၊ လုံးဝ ငြိမ်းချမ်းသွားတာမျိုး ကိုလည်း မြင်ချင်တာမဟုတ်ဘူးလို့ ပြောရတဲ့အကြောင်းကို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း၊ လက်ရှိ National Democratic Institute အဖွဲ့ဥက္ကဋ္ဌ Derek Mitchell က ရှင်းပြပါတယ်။

"ဒါဟာ ကျနော်တို့ တရုတ်ပြည်တွင်းထဲက ပါဝင်ပတ်သက်သူတွေကော၊ ပါဝင်ပတ်သက်သူတွေ နဲ့ စကားပြောခဲ့သူတွေကိုရော သူတို့ အခြေအနေကို ဘယ်လိုမြင်လဲ ဆွေးနွေးပြီးမှ အခုလို ဆုံးဖြတ်တာပါ။ နောက်ပြီးတော့ ကျနော်တို့ ကြားရတာက တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်မှာ ငြိမ်းချမ်းရေး လွယ်လွယ်ရမယ် မထင်ပါဘူး။ လုံးဝငြိမ်းချမ်းသေးမှာမဟုတ်ဘူးဆိုတာ သူတို့ သေသေချာချာသိပါတယ်။ သူတို့ အနေနဲ့ သူတို့ အကောင်းဆုံး လုပ်နိုင်တဲ့ ပုံစံအတိုင်း ငြိမ်းချမ်းရေး ရဖို့ ဝိုင်းဝန်းလုပ်ဆောင်သွားမှာပါ။ လုံးဝ ငြိမ်းချမ်းရေးရဖို့ စိတ်မပူပါဘူး။"

အစီရင်ခံစာထဲမှာ ဖော်ပြထားတာက တရုတ် မြန်မာနယ်စပ်နား မှာ လတ်တလော ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ ရခိုင်ပြည်နယ် နယ်စပ်က ရိုဟင်ဂျာ အရေးတွေ ကြောင့် မြန်မာနိုင်ငံအပေါ် တရုတ် ရဲ့ သြဇာလွမ်းမိုးမှု ပိုရှိလာသလို တရုတ်ဟာ သူရဲ့ ကြားနေရေး မူဝါဒကို ပစ်ပယ်ပြီး မြန်မာ့ငြိမ်းချမ်းရေးမှာ တက်တက်ကြွကြွပါဝင်လာတာကို မြန်မာဘက်ကလည်း ကြိုဆိုပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံအနေနဲ့ အနိုင်အရှုံး သဘောမျိုးမမြင်ပဲ ပွင့်လင်းမြင်သာမှု ရှိရှိ အမေရိကန် နဲ့ အနောက်နိုင်ငံတွေ ကိုလည်း မြန်မာ့ငြိမ်းချမ်းရေးမှာ ပါဝင်ခွင့်ပေးဖို့ International Republican Institute ဥက္ကဋ္ဌ Daniel Twining က ဗွီအိုအေကို အခုလို ပြောပါတယ်။

"တရုတ်အနေနဲ့ အနိုင်အရှုံး သဘောမျိုးမမြင်ပဲ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ အကွဲအပြဲဖြစ် ဒုက္ခရောက်စေတဲ့ ပြည်တွင်း ပဋိပက္ခတွေ ဖြေရှင်းရာမှာ အမေရိကန်၊ အီးယူ နဲ့ တခြားဘယ်နိုင်ငံကို မှ မြန်မာအစိုးရ၊ လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့်မပေးပဲ ဖယ်ထားတာမျိုး မလုပ်သင့်ပါဘူး။"

မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ နောက်ပြီးတော့ ရိုဟင်ဂျာ အရေး ကိစ္စတွေမှာ မြန်မာအစိုးရဘက် က အစဉ်တစိုက်ကာကွယ်ပေးနေတဲ့ တရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးမှာ အဓိက နေရာက ပါဝင်လာနေတာဖြစ်ပါတယ်။ အခုအစီရင်ခံစာ က အကြံပြုထားချက်တွေဟာ ကျိုးကြောင်းဆီလျော်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက အခုလို ပြောပါတယ်။

"ရခိုင်ပြည်နယ်အကြံပေးကော်မတီရဲ့ အကြံပေးချက်တွေကို အကောင်ထည်ဖော်ဖို့ ကိစ္စ တိုက်တွန်း အကြံပေးချက်တွေဟာ ကျနော်တို့အတွက် ကျိုးကြောင်းဆီလျော်ပါတယ်။ ဒီကိစ္စ နဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေကို ကျနော်တို့ အလေးအနက်ထားကိုင်တွယ်နေပါတယ် လို့ ပြောသွားတာပါ။"

တရုတ်ဟာ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုံ ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်ထားပြီး မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြုပ်နှံအမှု အများဆုံး လုပ်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာအနေနဲ့လည်း တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အားကျပြီး တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ကို ကြိုဆိုပေမဲ့လည်း တနိုင်ငံတည်းကို မှီခိုနေရတာ နဲ့ တရုတ် ရဲ့ လုပ်ငန်း လုပ်နည်းလုပ်ဟန်တွေဟာ မြန်မာလူထုနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်တာတွေကြောင့် စိုးရိမ်နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ဒေသခံတွေလည်း ထိခိုက်မှုနည်းပြီး ပဋိပက္ခတွေကိုမကြီးထွားလာစေဖို့ တရုတ်အနေနဲ့ တာဝန်ခံတဲ့ ရင်းနှီးမြုပ်နှံမှုတွေလုပ် ဖြစ်အောင် မူဘောင်တွေ နဲ့ ထိန်းသိမ်း ဆောင်ရွက်ဖို့ အမေရိကန် အစိုးရ အနေနဲ့ တိုက်တွန်းသင့်တဲ့အကြောင်း အစီရင်ခံစာက အကြံပေးထားပါတယ်။

အဖွဲ့ဝင် သုတေသီ ၁၃ ဦးပါဝင်တဲ့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု့ အကြီးတန်း တရုတ်လေ့လာရေးအဖွ့ဲ Senior China Study Group က ရေးသားတဲ့ ဒီအစီရင်ခံစာ ထုတ်ပြန်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း၊ လက်ရှိ National Democratic Institute အဖွဲ့ဥက္ကဋ္ဌ ဒါးရက်မစ်ချယ် (Derek Mitchell)၊ မြန်မာအရေးလေ့လာသူ Georgetown တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ ဒေးဗစ်စတိုင်းဘတ် (David Steinberg) နဲ့ International Republican Institute အဖွဲ့ ဥက္ကဋ္ဌ ဒယ်နီရယ် တွင်းနင်း (Daniel Twining) တို့က ဦးဆောင်ဆွေးနွေးပြီး အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းလည်း တက်ရောက်ခဲ့ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး အမေရိကန်ပါဝင်ဆောင်ရွက်ဖို့ USIP တိုက်တွန်း
please wait

No media source currently available

0:00 0:04:07 0:00
တိုက်ရိုက် လင့်ခ်
မြန်မာ့ငြိမ်းချမ်းရေး တရုတ်ရဲ့အခန်းကဏ္ဍ
please wait

No media source currently available

0:00 0:04:05 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG