သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး နိုင်ငံတကာဖိအားပေးမှု တရုတ်ဆန့်ကျင်


ရိုဟင်ဂျာ မူဆလင် အရေးနဲ့ ပတ်သက်ပြီး ဖိအားပေးနေတာတွေက ပြသနာကို ဖြေရှင်းရေး အထောက်အကူ မဖြစ်ဘူးလို့ တရုတ်ဘက်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ တုံ့ပြန်ခဲ့တာပါ။

ရိုဟင်ဂျာ မူဆလင် အရေးနဲ့ ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ ဝေဖန်မှုတွေနဲ့ ကိုင်တွယ်ဖြေရှင်းလို့ ရနိုင်မယ်လို့ တရုတ် အနေနဲ့ မယူဆဘဲ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကသာ ဆက်ပြီး ဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying က ပြောဆိုသွားပါတယ်။ ကုလသမဂ္ဂရဲ့ ဆွေးနွေးမှုတွေ၊ အရေးယူ ဆောင်ရွက်မှုတွေကို တရုတ်ဘက်က တားဆီးပိတ်ပင်တယ်ဆိုတဲ့ ပြောဆိုချက် အပေါ်မှာ တရုတ်ဘက်က သဘောမတူဘူးလို့လည်း ပြောဆိုသွားပါတယ်။

ရိုဟင်ဂျာ အရေးဟာ လူမျိုးရေး ဘာသာရေး အရရော သမိုင်းကြောင်း အရပါ ရှုပ်ထွေးနေတဲ့ ပြသနာ ဖြစ်ကြောင်း၊ ဆွေးနွေး ညှိနှိုင်းမှုတွေနဲ့သာ ဒီကိစ္စ ပြေလည်ရေး ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကရော မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ဘက်ကရော ကြိုးစား ဖြေရှင်းနေကြပြီး တိုးတက်မှု တချို့ကို တွေ့နေရပါတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟွာချောင်ယင်းက ပြောဆိုခဲ့တာပါ။ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတွေ ဒီကိစ္စကို ဆွေးနွေးညှိနှိုင်း ဖြေရှင်းနိုင်ရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်ပြီး ပံ့ပိုးဆောင်ရွက်ဖို့လည်း တိုက်တွန်းသွားပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကြား ဆွေးနွေးညှိနှိုင်းမှုတွေ တိုးတက်လာစေဖို့၊ ရခိုင်ပြည်နယ်တွင်း ရေရှည် တည်ငြိမ်ရေးကို ထိန်းသိမ်းပြီး လက်တွေ့ကျတဲ့ ဖြေရှင်းချက် တရပ်နဲ့ ရှေ့ဆက် ဖော်ဆောင်နိုင်ရေးကိုသာ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ဆက်ပြီးဆောင်ရွက်သွားဖို့ကိုလည်း တရုတ်ဘက်က ဒီကနေ့ တိုက်တွန်းသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG