သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောင်မြို့နယ်မှာ ရဲကင်းစခန်း တိုက်ခိုက်ခံရ


မိုးဗြဲရဲစခန်းကို ဒေသခံ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့စဉ်(ANONYMOUS SOURCE via AFPTV )
မိုးဗြဲရဲစခန်းကို ဒေသခံ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့စဉ်(ANONYMOUS SOURCE via AFPTV )

(Zawgyi/Unicode)

မြောင်မြို့နယ်မှာ ရဲကင်းစခန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်မှာ မြောင်ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မြို့နယ်ထဲက ရဲစခန်း ၂ ခုအပေါ် ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ခုလို ၂ ဘက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အနားမှာရှိတဲ့ ရွာက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုကျော်ကျော်သိန်း ကပြောပြပါမယ်။

စက်တင်ဘာ ၈ ရက် ဗုဒ္ဓဟူးနေ့ညနေက စစ်ကောင်စီတပ်တွေနဲ့ မြောင်ဒေသခံ ကာကွယ်ရေး PDF အဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ကျောက်ရစ်ကျေးရွာ ရဲစခန်းကို ဝင်တိုက်သူတွေနဲ့ စစ်တပ်အပြန်အလှန်ပစ်ခတ်ခဲ့ကြသလို မြစ်ဆုံကျေးရွာဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

ဒါ့အပြင် နဘက်ကျေးရွာ ရဲကင်းစခန်းကို ဒေသခံ ကာကွယ်ရေး PDF တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ခုလို မြောင်မြို့နယ်ထဲမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ပါတ်သက်လို့ မြောင် PDF က တာဝန်ရှိသူ တဦးက

“မြောင်က နဘက်ရဲစခန်းတော့ မီးရှို့တယ်ခင်ဗျ။ ရဲကင်းစခန်းပေါ့။ နောက်ခါ ကျောက်ရစ်ရဲစခန်း ကျောက်ရစ် ရဲစခန်းက ရဲတွေပဲ ရှိတဲ့ အခါကျတော့ ပစ်ခတ်မှုတွေ စပြီးဖြစ်တာ။ အဲ့အချိန်မှာ စခန်းမှူးက CDM ဝင်တာလေ။ ပြည်သူနဲ့တသားတည်းရှိတယ်။ ပြည်သူနဲ့ပူးပေါင်းပါတယ်ဆိုပြီးလုပ်တာလေ။ စခန်းမှူးက ပြည်သူနဲ့ပေါင်းလိုက်တဲ့အချိန်မှာ စစ်သားတွေက ဒီဘက်ကနေဝင်လာပြီးတော့ စစ်သား အယောက် ၄၀ လောက်ကပေါ့နော်။ အဲ့ဒါတွေကနေ တောက်လျှောက်ပစ်တော့ ပြည်သူတွေလည်း ရှောင်လိုက်တာပေါ့နော်။ မနေ့ညနေ မြစ်ဆုံတိုက်ပွဲက သူတို့က မြစ်ဆုံဆီကို ဦးတည်လာပြီးတော့ စတင်ပစ်ခတ်မှုတွေ လုပ်ကြတာပေါ့။ ဒီဘက်ကလည်း ပြည်သူ့ကာကွယ်ရေးတွေကော ပြည်သူတွေကော နယ်သူနယ်သားတွေကော အကုန်ဝိုင်းပြီးတော့ ပြန်ပြီး ခုခံတိုက်ခိုက်ကြတာပေါ့။ အဲ့မှာတင် ၃ ယောက်က မျက်မြင်သေသွားတယ်။ စစ်ကောင်စီဘက်ကပေါ့။ ပြည်သူဘက်ကတော့ ဘာမှ ကြီးကြီးမားမား ထိခိုက်တာမရှိဘူးပေါ့။”

နဘက်ကျေးရွာရဲစခန်းက ရဲတပ်သားတွေဟာ ကျောက်ရစ်ရဲစခန်းမှာ အစထဲက သွားပူးပေါင်းနေကြတာဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးအဖွ့ဲတွေ သွားရောက် မီးရှို့စဉ် ခုခံသူမရှိဖြစ်တာပါ။

ဧရာဝတီမြစ်ဘေးက မြစ်ဆုံကျေးရွာ တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်လို့ PDF တွေဘက်က ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့က တိုက်ပွဲဖြစ်ပြီးနောက် ကြာသပတေးနေ့မနက်အထိလည်း စစ်ကောင်စီဘက်က အနားက ရွာတွေအပေါ် ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် ကျောက်ရစ်ကျေးရွာနဲ့ မြစ်ဆုံကျေးရွာတို့က ရွာသားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေသူကပြောပါတယ်။

“ကျောက်ရစ်ဘက်မှာပစ်နေတယ်။ မြစ်ဆုံဘက်မှာပစ်နေတယ်။ မနက်အစောကြီး ၅ နာရီ မိနစ် ၅၀ လောက်က လက်နက်ကြီးသံတွေ ခဏတိုင်းကြားရတယ်။ အခုတော့ဘာမှမကြားရသေးဘူး။ ပြောရရင် ကျီးလန့်စာစားလိုနေနေရတာပေါ့။ အသံကြားပြန်ပြီဆို လွတ်ရာပြေးကြရတာပေါ့။ ဖြစ်နေတဲ့ ရွာသားတွေက မပြန်ဘူး။ မြစ်ဆုံတို့ဖြစ်နေတာတွေ ကျောက်ရစ်တို့ဖြစ်နေတာတွေ အဲ့ရွာတွေက မပြန်ဘူးပေါ့။”

အခုလို တိုက်ပွဲမဖြစ်ပွားမှီ စက်တင်ဘာ ၆ ရက်ကလည်း ချောင်းဇင်းကျေးရွာဘက်ကို ရေတပ်သင်္ဘောက ဧရာဝတီမြစ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို ဘေးလွတ်ရာ ထွက်ပြေးကြတဲ့ ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့ပါသေးတယ်။

အခုလို တိုက်ပွဲတွေဖြစ်ပွားတာဟာ စစ်ကောင်စီဘက်က ကျေးရွာတွေမှာ မကြာခဏဆိုသလို ဝင်ရောက်ရှာဖွေတာတွေလုပ်ပြီး ဒေသခံတွေကို ဖမ်းဆီးလာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားလာတာလို့ PDF တွေဘက်က ပြောပါတယ်။

........................................................................

တိုက်ရိုက် လင့်ခ်



(Unicode)










XS
SM
MD
LG