သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုရှိ 


မင်းကင် PDF တပ်ဖွဲ့ဝင်များ
မင်းကင် PDF တပ်ဖွဲ့ဝင်များ

စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုရှိ

{{Zawgyi/Unicode}}
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ကြားမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေကြောင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ ကနီမြို့နယ်က ကင်းကျေးရွာမှာ မိုင်းနင်းမိလို့ အရပ်သား တဦးသေဆုံးခဲ့တဲ့အပြင်၊ အရပ်သားတချို့ ဖမ်းဆီးခံခဲ့ရပါတယ်။ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန်ကပြောပြပါမယ်။

ဇန်နဝါရီ ၃၁ ရက်ကစလို့ စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ကြားမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်နေတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းတဲ့ ၁ နှစ်ပြည့်နေ့မှာလည်း တိုက်ပွဲတွေက ဆက်ရှိနေပါတယ်။

ချင်းတွင်းမြစ်ထဲမှာ ဖြတ်သန်းနေတဲ့ စစ်ကောင်စီရေယာဉ်တွေအပေါ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက် ခဲ့တာဖြစ်ပြီး တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ မဟူရာ နဂါးအဖွဲ့က တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“၂ နာရီနဲ့ ၂ မိနစ်မှာ စဖြစ်တာခင်ဗျ။ ကျွန်တော်တို့ ခက်လုံ ၊ ပေတောမှာ စဖြစ်တာ။ ကျွန်တော်တို့ ခက်လုံ ပေတော ဇင်ကလဲပေါ့ ။ ၃ နေရာပေါ့ ။ ခက်လုံ ပေတောမှာ စဖြစ်တာ နတ်တောင် အထက်နားပေါ့။ ကင်းကနေ ဘင်မှာ နားတာပေါ့။ အောက်ကင်းကနေ ထွက်လာတဲ့ ရေယာဉ် ၈ စီးအုပ်စုနဲ့ ဖြစ်တာခင်ဗျ။ ဒီနေ့ တိုက်ပွဲအခြေအနေက သူတို့ဘယ်လောက်ကျလည်း မသိသေးဘူးခင်ဗျ။”

စစ်ကောင်စီတပ်တွေက ကနီနယ် ချင်းတွင်းမြစ် အောက်ဖက်က ကျေးရွာတွေကို ကုန်းကြောင်းကော ရေကြောင်းကောကပါ နယ်မြေရှင်းလင်းတာတွေလုပ်နေတာပါ။ ဇန်နဝါရီ ၃၁ ရက်က ကုန်းကြောင်းကနေ နယ်မြေရှင်းလင်းတဲ့ စစ်ကောင်စီတပ်ဟာ ဘင်ကျေးရွာအနီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အိမ်ထောင်စု ၁၈၀ ရှိတဲ့ ဘင်ကျေးရွာကို မီးရှို့သွားတဲ့အတွက် နေအိမ် ၁၆၀ မီးလောင် ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရေယာဉ်တွေနဲ့ သွားလာနေတဲ့ စစ်ကောင်စီတပ်ဟာ ကင်းကျေးရွာမှာ တပ်ချရပ်နားခဲ့ပြီးနောက် တနင်္လာနေ့က ပြန်လည်ထွက်ခွါချိန်မှာ ကျေးရွာသား ၇ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားသူ ၇ ဦး အနက် ၁ ဦးမှာ သေဆုံးသွားပြီး ၁ ဦးမှာ ပြန်လည် လွတ်မြောက်လာပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာထဲက နေအိမ်ဗီဒိုထဲမှာလည်း မိုင်းထောင်သွားပြီး ဒေသခံတဦးက ဗီဒိုကို ဖွင့်ချိန်မှာ ပေါက်ကွဲပြီး သေဆုံးသွားခဲ့တယ်လို့ ကင်းကျေးရွာ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။

“မိုင်းတလုံးကို အစီအစဉ်ရှိရှိနဲ့ထောင်ခဲ့တယ်။ ကြောင်အိမ်တံခါးနဲ့ ကြောင်အိမ်ထဲထည့်ပြီးတော့ ကြောင်အိမ် တံခါးဖွင့်တဲ့အချိန်မှာ ကွဲဖို့ရာအတွက် ရည်ရွယ်ချက်နဲ့ ေ ထာင်ခဲ့တယ်ခင်ဗျ။ ကြောင်အိမ်ကို ဆွဲဖွင့်လိုက်တော့ ကြောင်အိမ်လည်း ပျက်စီးသွားတယ် နောက်ကျောမှာလည်း သူတို့ရှော့ဆင်ထားတာ အကုန်လိုက်လို့ရတယ်။ အဲ့မှာ တံခါးကို ဆွဲဖွင့်လိုက်တော့ အမျိုးသမီး တယောက် ဆုံးရှုံးသွားပါတယ်။”

ကနီမြို့နယ် နဲ့ မင်းကင်းမြို့နယ်ထဲမှာ ချင်းတွင်းမြစ်ထဲသွားလာနေတဲ့ စစ်ကောင်စီတပ်ရဲ့ရေယာဉ်တွေကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက မကြာခဏဆိုသလို တိုက်ခိုက်တာတွေရှိပြီး စစ်ကောင်စီရဲ့ ရေယာဉ်တွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် မြစ်ဘေးနေထိုင်တဲ့ ကျေးရွာနေအိမ်တွေ မီးလောင်ကျွမ်းတာတွေရှိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းထားတာ ၁ နှစ်ပြည့်ချိန်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေစစ်ကိုင်းတိုင်းအပြင် ဒေသတချို့မှာ ရှိနေပါတယ်။

............................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}










XS
SM
MD
LG