သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဆန့်ကျင်ရေး ဆန္ဒပြသူ ၄၅ ဦး တရားစွဲခံထားရ


ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆန္ဒပြမှုတွေ မြန်မာနိုင်ငံမြို့အတော်များများမှာ ပြုလုပ်လျှက်ရှိရာမှာ၊ ဒီကနေ့ထိဆိုင်ရာ ဆန္ဒပြသူ ၄၅ ဦးကို အာဏာပိုင်တွေဖက်က အမှုဖွင့် အရေးယူထားပါတယ်။ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြတဲ့ တတ်ကြွလှုပ်ရှားသူတွေကို သက်ဆိုင်ရာဒေသအာဏာပိုင်တွေက အရေးယူနေတဲ့အပေါ်၊ အရပ်သားအစိုးရအနေနဲ့ ဝင်ရောက်ဖြေရှင်းပေးသင့်ပြီလို့ အမှုဖွင့်အရေးယူခံရသူတွေက ပြောပါတယ်။ ဗွီအိုအေသတင်းထောက် ကိုထက်အောင်ခန့် သတင်းပေးပို့ထားပါတယ်။

ပြည်တွင်းစစ်တွေရပ်ဆိုင်းဖို့နဲ့ ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို အမြန်ဆုံးကယ်ထုတ်ဖို့ အတွက် ဒီ သီတင်းပတ်တွေအတွင်းမှာပဲ ရန်ကုန် မန္တလေး ကချင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ တက်ကြွ လှုပ်ရှားသူတွေ ဆန္ဒထုတ်ဖော်တာတွေ လုပ်ခဲ့ပါတယ်။ အခုလ မေလ ၅ ရက်ကနေ ၁၅ ရက်အတွင်း ဆန္ဒထုတ်ဖော်တာတွေကို အာဏာပိုင်တွေဘက်က အမှုဖွင့်အရေးယူတာ ၁၄ မှုမှာ အမှုဖွင့်ခံထားရသူ ၄၅ ဦးထိရှိလာတာဖြစ်ပါတယ်။

အခုလို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို အရေးယူတဲ့ အပေါ် အရပ်သား အစိုးရအနေနဲ့ ဝင်ရောက် ဖြေရှင်း ပေးသင့်တယ်လို့ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံထားရတဲ့ ကဗျာဆရာ မောင်ဆောင်ခက အခုလိုပြောပါတယ်။

"၄၅ ယောက်လောက် ဒီတပတ်လောက်အတွင်းမှာ တရားစွဲခံနေရတာနဲ့ပတ်သက်ပြီးတော့ ဒီလက်ရှိ အရပ်သား အနေနဲ့ တခုခုစီစဉ်ဆောင်ရွက်ပေးသင့်တယ်လို့ ကျွန်တော်ကထင်တယ်။ ဘာလို့လည်းဆိုတော့ သူတို့တွေ အကုန်လုံးဟာ ကိုယ်ကျိုးစီးပွား မဟုတ်ပဲနဲ့ တကယ် ကချင်ပြည်နယ် စစ်ပွဲရပ်တန့်ရေးနဲ့ တိုက်ပွဲအတွင်းမှာ ပိတ် မိနေတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ပေးရေးအတွက် သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်တာ။ နောက်တခုက ထုတ် ဖော်တဲ့နေရာမှာလည်း အကြမ်းဖက်နည်း တခုမှမပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်တယ်။ အဲ့ဒီအပေါ်မှာ ဒီလောက်ထိ အများအပြား အရေးယူခံနေရခြင်းနဲ့ ပတ်သက်ပြီးတော့ အရပ်သား အစိုးရအနေနဲ့ တနည်းနည်း ကိုင်တွက် ဝင်ရောက်ဖြေရှင်းတာမျိုးလုပ်သင့်တယ်။"

စစ်ပွဲတွေ ရပ်တန့်ဖို့ ငြိမ်းချမ်းရေးအတွက်ဆက်ပြီး ဆန္ဒထုတ်ဖော်မယ်ဆိုရင် ဆန္ဒထုတ်ဖော်တဲ့သူတွေ ထပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရနိုင်တယ်လို့ မောင်ဆောင်းခက ဆက်ပြောပါတယ်။

"သူတို့တွေ တောင်းဆိုတဲ့ အားလုံးဟာလည်း ကချင်ပြည်နယ်မှာဖြစ်တဲ့ စစ်ပွဲတွေအပေါ်မှာ အခြေခံနေတာကို တွေ့ရတယ်။ အဲ့ဒီအပေါ်မှာ တပ်မတော် အထူးသဖြင့် တပ်မတော်လို့ ကျွန်တော်တို့ပြောရမယ် အဲ့ဘက်က နည်းနည်း အကဲဆတ်တယ်လို့ ကျွန်တော်မြင်တယ်။ တကယ်လို့သာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ထပ်လုပ်မယ် ဆိုရင်လည်း ထပ်လုပ်မယ့်လူတွေကို ဒီလိုတနည်းနည်းနဲ့ စောစောက ပြောသလို ဖမ်းဆီးတာမျိုး ထိန်းသိမ်းတာ မျိုး တရားစွဲတာမျိုး မဖြစ်မနေခံရလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။"

ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်တဲ့ တက်ကြွလှုပ်ရှားတွေကို အာဏာ ပိုင်တွေဘက်က ငြိမ်းစုစီပုဒ်မ ၁၉ ၊ ပုဒ်မ ၂၀ အပြင် အသရေဖျက်မှု ပုဒ်မ ၅၀၀ စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။ အမှုဖွင့်ခံထားရသူတွေထဲမှာ ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုတဲ့သူတွေပါ ပါဝင်လာပါတယ်။

ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်တဲ့ ကိစ္စကို အာဏာပိုင်အစိုးရအနေနဲ့ အသိအမှတ်ပြုသင့်ပြီး အခုလို တရားစွဲဆိုတာတွေဟာ အကျည်းတန်တဲ့ လုပ်ရပ်တခုလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက အခုလိုသုံးသပ်ပါတယ်။

"တနိုင်ငံလုံးမှာ အပစ်အခတ်တွေရပ်ဆဲပြီး ငြိမ်းချမ်းရေး အမြန်ဆုံးရဖို့အတွက် ပြည်သူလူထုတိုင်းမှာ တာဝန် ရှိတယ်လို့မြင်တယ်။ အဲ့ဒီတာဝန်ရှိမှုကို အသိစိတ်ဓာတ်ရှိရှိနဲ့ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူလူထုအပေါ်မှာ အစိုးရ အနေနဲ့ပဲဖြစ်ဖြစ် ဒီအာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ပဲဖြစ်ဖြစ် ဥပဒေကြောင်းအရ တရားစွဲဆိုပြီးတော့ အမှု ဖွင့်တယ်ဆိုတာ ကျွန်တော့်အမြင်အားဖြင့်တော့ ကြောင်းကျိုးစီလျော်မှု မရှိဘူးလို့မြင်တယ်။ သူတို့ရဲ့ ဆောင်ရွက်မှုတွေကို အသိအမှတ်ပြုသင့်တယ်လို့မြင်တယ်။ အဲ့လိုမဟုတ်ဘဲနဲ့ ငြိမ်းချမ်းရေး လိုလားတဲ့သူတွေ ဆန္ဒထုတ်ဖော်တဲ့သူတွေကို တည်ဆဲဥပဒေဘောင်ထဲကနေပြီးတော့ အမှုဖွင့်မယ် တရားစွဲဆိုမယ်ဆိုရင် ဒါဟာ အင်မတန်မှ မျက်နှာပျက်စရာ အကျည်းတန်စရာ လုပ်ရပ်တခုလို့ ကျွန်တော်ကမြင်ပါတယ်။"

မေ ၁၂ ရက်နေ့က တာမွေအဝိုင်းမှာ ဆန္ဒထုတ်ဖော်တဲ့ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတွေဟာ လူစု ခွဲဖို့ ပြင်ဆင်နေချိန်မှာ ရဲတပ်ဖွဲ့အပြင် အရပ်ဝတ်နဲ့ လူတွေက ဖမ်းဆီးထိုးကြိတ်မှုတွေလည်းရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် အောင်ဝင်းဦးက ဆန္ဒထုတ်ဖော်မှုကို ရှင်းလင်းရာမှာ အရပ်ဝတ်တွေအသုံးပြုခြင်း မရှိဘူးလို့ မနေ့က ပြည်ထဲရေး ဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲမှာ ငြင်းဆိုထားပါတယ်။ ဆန္ဒထုတ်ဖော်သူတွေဟာ အာဏာပိုင်တွေကို ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုမိန့်တောင်းခံခဲ့ပေမယ့် အာဏာပိုင်ဘက် က ယာဉ်ကြောကြပ်တည်းတာတွေ ပြည်သူအထိတ် တလန့်ဖြစ်မယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဆန္ဒထုတ် ဖော်ခွင့်မပြုခဲ့တဲ့အတွက် ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်တာတွေကို အာဏာပိုင်တို့က ရန်ကုန်တိုင်းမှာ ၇ မှု မန္တလေးတိုင်းမှာ ၃ မှု ကချင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ ၂ မှုစီ ဖွင့်ထားတာဖြစ်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ စစ်ပွဲတွေ ရပ်ဖို့ ငြိမ်းချမ်းရေး လှုပ်ရှားဆက်လက် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးတခုအနေနဲ့ ဆောင်ရွက်နေတဲ့ အခု NLD အစိုးရလက်ထက်မှာပဲ နယ်စပ်တကြောမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ရေးတင်းမာမှုတွေ ပို များလာပါတယ်။ ပင်လုံညီလာခံကိုလည်း အခု ဒီ မေလထဲမှာ ပြန်လည်စတင်နိုင်ဖို့ မှန်းထားတာပါ။ ဒါပေမယ့် ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ပွဲတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အတော်လေး အနှောက်အယှက်ဖြစ်လာသလို၊ တဖက်မှာတော့ စစ်ပွဲရပ်စဲရေး တောင်းဆိုမှုတွေကလည်းအရှိန်မြင့်လာပါတယ်။

XS
SM
MD
LG