သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘေးဒုက္ခသည်တွေအတွက် အလှူခံသူတွေကို စစ်ကောင်စီဖမ်းဆီး


စစ်ရှောင်လူထုအတွက် မူဆယ် လူထုမှ ရံပုံငွေသပိတ် ၊ မေ ၂၆၊ ၂ဝ၂၁
စစ်ရှောင်လူထုအတွက် မူဆယ် လူထုမှ ရံပုံငွေသပိတ် ၊ မေ ၂၆၊ ၂ဝ၂၁

{{Zawgyi/Unicode}}

မူဆယ်မြို့မှာ စစ်ဘေးဒုက္ခသည်တွေအတွက် အလှူခံနေတဲ့ အသက်မပြည့်သေးတဲ့သူတစ်ဦးနဲ့ မိန်းကလေး လေးဦးကို ဖမ်းဆီးခေါ်သွားပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်ကောင်စီက အကြမ်းဖက် နှိပ်ကွပ်နေပေမယ့် ရန်ကုန်မြို့အပါအဝင် တခြားဒေသတွေမှာ ဆန္ဒပြပွဲဆက်ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန် က ပြောပြပေးပါမယ်။

မေ ၂၆ ရက် ဒီနေ့မနက်ပိုင်း မူဆယ်မြို့ အမှတ်(၁) ဈေးထဲမှာ လူငယ်တွေ ဦးဆောင်ပြီး စစ်ဘေးဒုက္ခသည်တွေအတွက် အလှူခံနေချိန် အသက်မပြည့်သေးတဲ့သူတစ်ဦး အပါအဝင် ငါးဦးကို ဖမ်းဆီးသွားတယ်လို့ ဦးဆောင်လူငယ်တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“တိုင်းရင်းသားစစ်ဘေးရှောင်များအတွက် ကျနော်တို့အလှူလိုက်ခံကြတယ်ခင်ဗျ။ ဈေးထဲမှာ အလှူခံပြီးတော့ ကျနော်တို့ ၁၁ နာရီမတိုင်ခင်လောက်မှာ ကျနော်တို့ အဖြိုခွဲခံလိုက်ရတယ်ခင်ဗျ။ အဖြိုခွဲခံလိုက်ရပြီးတော့ မိန်းကလေး လေးယောက်၊ ယောကျာ်လေးတစ်ယောက် ပါသွားတယ်။ ပြီးရင် အလှူခံပုံး တပုံး ပါသွားတယ်။ ဖမ်းတဲ့အထဲမှာ စစ်ကောင်စီရယ်၊ ရဲရယ်၊ ပြည်သူစစ်ရယ်၊ ပြီးရင် ပျူစောထီး လို့ထင်ရတဲ့ အရပ်ဝတ်နဲ့ လူတွေလည်း ပါတယ်ခင်ဗျ။ အရင်တုန်းကလို ကျနော်တို့ သပိတ်စစ်ကြောင်းထွက်နေလည်း မဟုတ်ဘူးပေါ့။ အခုက ကျနော်တို့က စစ်ဘေးရှောင်များအတွက် အလှူခံ နေတာ အဲ့လိုကြီး ဖြိုခွင်တာဆိုတော့ သိပ်ပြီးတော့ ပြောမယ်ဆိုရင် သိပ်ပြီးတော့ မကျေနပ်ဘူးပေါ့။ ဒီလိုဖြိုခွဲလို့ ကျနော်တို့ သပိတ်စစ်ကြောင်းက ရပ်သွားမှာမဟုတ်ဘူးပေါ့။ သပိတ်စစ်ကြောင်းရော အလှူခံတာရော ကျနော်တို့ ရသလောက်လုပ်နေမယ်ပေါ့။”

ဖမ်းဆီးခံရသူတွေဟာ အသက် ၁၇ နှစ် မောင်စွမ်ဝမ်း၊ အသက် ၂၀ နှစ် မထက်ယမင်းနွယ်၊ အသက် ၂၄ နှစ် မစိုးစုလှိုင်၊ အသက် ၂၈ နှစ် မငြိမ်းသီတာနဲ့ အသက် ၃၂ နှစ် ဒေါ်ပြည့်ပြည့် တို့ ဖြစ်ကြပါတယ်။ သူတို့ငါးဦးကို ဘယ်ကို ဖမ်းခေါ်သွားမှန်း မသိရသေးဘူးလို့ ပြောပါတယ်။ ဖမ်းဆီးချိန်မှာ စစ်သား၊ ရဲ၊ ပြည်သူ့စစ်နဲ့ ပျူစောထီး အဖွဲ့တို့လည်း ပါတယ်လို့ သူက အဲဒီ ဦးဆောင်လူငယ်က ပြောပါတယ်။

မူဆယ်လူငယ်တွေ ဦးဆောင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းလျှောက်သပိတ်၊ ဆိုင်ကယ်သပိတ်၊ စစ်ကျွန်ပညာရေးအလိုမရှိတဲ့လှုပ်ရှားမှု စတဲ့ ပုံစံမျိုးစုံသပိတ်တွေ နေ့စဉ်လိုလို လှုပ်ရှားလေ့ရှိပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ မနေ့က လက်ဖက်ရည်ဆိုင်သပိတ်ပြုလုပ်တဲ့ ဆိုင်ပိုင်ရှင်ကို စစ်ကောင်စီတပ်က ဒီကနေ မနက်ပိုင်းမှာ လာရောက်ဖမ်းဆီးသွားပါတယ်။

စာသင်ကျောင်းတွေပြန်ဖွင့်ဖို့ စစ်ကောင်စီက ကြိုးစားနေချိန်မှာပဲ ကျောင်းအနီးဝန်းကျင် ပေါက်ကွဲမှုတွေ နေရာအနှံ့ဆက်တိုက်ဖြစ်ပွားနေပါတယ်။ ကျောင်းတက်မယ့် ကလေးငယ်တွေအတွက် စိုးရိမ်တာကြောင့် ကျောင်းမတက်ရေးလှုပ်ရှားမှုကို ပျောက်ကျားစနစ်နဲ့ ဆန္ဒပြခဲ့တယ်လို့ လှိုင်သာယာက ဆန္ဒပြပွဲမှာပါဝင်တဲ့ ကိုညီထက် က ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီတပ်က နေရာတိုင်းတပ်စွဲထားလို့ လမ်းမပေါ်တက်လှုပ်ရှားဖို့ ခက်ခဲတယ်လို့ သူက ပြောပါတယ်။

“စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တယ်ဗျာ… ပြီးတော့ ကျနော်တို့ ဒီ ပြောမယ်ဆိုရင် ကျောင်းတက်မယ့်ကလေးငယ်တွေပေါ့နော်
ကျောင်းသူ ကျောင်းသားတွေကို ကျောင်းမတက်စေချင်ဘူ။း အန္တရာယ်များမှာစိုးလို့။ အဲ့အတွက်လည်း ကျနော်တို့ ကန့်ကွက်တဲ့သဘောမျိုးနဲ့ စာသားတွေ ကိုင်ဆောင်ပါတယ် ဟုတ်။ သူ့အဖွဲ့နဲ့သူပေါ့နော် ။ ကျနော်တို့ လှိုင်သာယာထဲက G-Z လူငယ်တွေက အကုန်လုံး ပျောက်ကျားပုံစံမျိုးနဲ့ ထွက်နေကြတာဗျ ဟုတ်။ အခက်အခဲကတော့ ရှိတယ်ဗျ ကျနော်တို့ ဒီက စစ်အုပ်ချုပ်ရေးက မပြယ်သေးဘူး စစ်တပ်က နေရာတိုင်းမှာ တပ်စွဲထားတယ်။ ပြီးတော့ ဒလံတွေကလည်း နေရာတိုင်းမှာရှိတယ်။”

ဒါအပြင် လှိုင်သာယာမှာ မီတာမဆောင်၊ စစ်တပ်ထုတ်ကုန်မသုံး၊ အဆိပ်ပင်ရေမလောင်း ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ပြီး လျှပ်တပျက် ‘ဘူး’သပိတ် လှုပ်ရှားခဲ့ကြသလို၊ တောင်ဥက္ကလာပမြို့မှာ အနိုင်မခံ အရှုံးမပေး တောင်ဥက္ကလာနွေဦးတော်လှန်းရေး လူငယ်တွေ မိုးရေထဲ လမ်းလျှောက် ဆန္̔ဒပြနေကြပါတယ်။

ဒီကနေ့ မုံရွာပင်မသပိတ်စစ်ကြောင်းနဲ့ ဖောင်းကားကျေးရွာလူထုတွေနဲ့ ပူးပေါင်းပြီး အင်အား ၆၀၀ လောက် စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ကျေးလက်တွေမှာ စစ်ကောင်စီထံ အခွန်ဆောင်နေတွေ ချေးငွေပြန်ဆပ်တာမျိုးရှိနေတာကြောင့် ဘူးသပိတ်ကို မြှင့်တင်ဖို့ သွားရောက်ဟောပြောခဲ့ပြီး ကျေးရွာလူထုတွေကလည်း စံပ္ပါယ်ပန်းကုံတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ မုံရွာလူထုတိုက်ပွဲ သပိတ်ဦးဆောင်ကော်မတီအဖွဲ့ ကိုခန့်ဝေဖြိုး က ပြောပါတယ်။

“ကျေးလက်နေ ပြည်သူလူထုကို ဘူး သပိတ်ကို အရှိန်မြှင့်လှုပ်ရှားဖို့ပေါ့နော်၊ အဓိက အဲ့ဘက်မှာ စိုက်ပျိုးချေးငွေဆပ်ဖို့ရယ် မီတာခဆောင်ဖို့ရယ် အဲ့ဒါတွေ လုပ်နေတဲ့အခါကျ ကျနော်တို့ ဒီပေးငွေတွေကို စစ်ကောင်စီရှိနေသမျှမပေးဖို့ပေ့ါနော်။ မပေးဆောင်ဖို့အဲ့ဒါသွားပြောတယ်ဗျ။ အဓိကကတော့ ဟုတ်ကဲ့။ ကျေးရွာထဲမှာပဲဗျ ဟုတ်။ ကျနော်တို့ ဒီရွာအဝင်ကနေပြီးတော့ ကျနော်တို့ ရွာအထွက်ကို ချီတက်ကြတယ်ဗျ။ အင်အားတော့ ကျနော်တို့ ၆၀၀ ဝန်းကျင်လောက်တော့ရှိတယ်ဗျ။ သူတို့ကျေးရွာလာပြီးတော့ ဟောပြောတဲ့အတွက် သူတို့အဲ့လိုမျိုးဟောပြောသူတွေလို ပင်မသပိတ်စစ်ကြောင်းထဲပါတဲ့သူတွေကို ကြိုဆိုတဲ့အနေနဲ့ စံပ္ပါယ်ပန်းကုံတွေ စွတ်ကြတာဗျ ဟုတ်။”

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာလည်း လူအင်အားအများအပြားနဲ့ လမ်းလျှောက်သပိတ် ဆိုင်ကယ်သပိတ်ကို ကျေးရွာတွေမှာ လှည့်လည်ချီတက် သပိတ်မှောက်ခဲ့ကြတယ်လို့ သပိတ်ဦးဆောင်ပါဝင်သူ ကိုသန့်မျိုးဦး က ပြောပါတယ်။

“စစ်ကောင်စီကို ရှုတ်ချတဲ့ ကြွေးကြော်သံတွေနဲ့အတူ အဲ့မှာဆိုင်ကယ်သပိတ်လုပ်တယ်၊ ပထမလမ်းလျှောက်သပိတ်၊ လမ်းလျှောက်သပိတ်ပြီးတဲ့အခါကျ ဆိုင်ကယ်သပိတ် ပိတ်ပါတယ်၊ အဲ့လိုမျိုး။ ရွာပေါင်း ငါးရွာလောက်ကို ပိတ်တယ်ဗျ ဟုတ်။ ကျောင်းသားကျောင်းသူတွေလည်း အဲ့မှာသူတို့ ဒီစစ်ကျွန်ပညာရေး အလိုမရှိလိုဆိုပြီးတော့ ကျောင်းမအပ်တဲ့ အစိမ်းနဲ့အဖြူဝတ်ပြီးတော့ ကျောင်းသားကျောင်းသူတွေလည်း ဟိုဟာလောက် ၁၀၀ ဝန်းကျင်လောက် ပါပါတယ်ဗျ။”

ယင်းမာပင်၊ မြိုင်၊ ဆားလင်းကြီး၊ မန္တလေး၊ ချောင်းဦး၊ ဖားကန့် ကလေး စတဲ့ နေရာဒေသတွေမှာ လူအများအပြားနဲ့ စစ်အာဏာရှင်ကို ပုံစံမျိုးစုံနဲ့ တော်လှန်သပိတ်မှောက်နေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မေလ ၂၅ ရက်နေ့ ရက်စွဲနဲ့ နောက်ဆုံး ထုတ်ပြန်ထားတဲ့ စာရင်းအရတော့ စစ်ကောင်စီရဲ့လက်ချက်ကြောင့် အခုချိန်ထိ သေဆုံးသူ ၈၂၇ ဦး၊ ဖမ်းဆီးခံထားရသူ ၄၃၁၃ ဦးနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ၁၈၆၁ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

.............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}


















XS
SM
MD
LG