သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် မြေပြိုလူသေဆုံးမှု တပ်မတော်အဆင့်မြင့်အရာရှိ နှစ်ဦး အရေးယူခံရ


ကချင်ပြည်နယ် ဖားကန့်မြို့က မြေစာပုံပြိုကျမှုမှာ သေဆုံးသူများကို ကူညီသယ်ဆောင်ပေးနေတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၂၊ ၂၀၂၀)
ကချင်ပြည်နယ် ဖားကန့်မြို့က မြေစာပုံပြိုကျမှုမှာ သေဆုံးသူများကို ကူညီသယ်ဆောင်ပေးနေတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းမှာ လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ မတော်တဆမှုနဲ့ ဆက်နွယ်ပြီး တပ်မတော်က အဆင့်မြင့် အရာရှိ နှစ် ယောက်ကို အရေးယူလိုက်တဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်မှာ လူပေါင်း ၁၇၂ ယောက်ထက်မနည်း သေဆုံးပြီး၊ ၅၄ ယောက် ဒဏ်ရာရခဲ့တဲ့ မြေပြိုကျမှုအတွက် လုံခြုံရေးတာဝန်ရှိသူတွေအဖြစ် တပ်မှူး တဦးနဲ့ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ကို အရေးယူလိုက်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"လုံခြုံရေးအရ တာဝန်ရှိသူနေရာမှာ အဲနေရာမှာ ကန့်သတ်ထားတာ၊ တားမြစ်ထားတာ၊ စည်းမျဉ်းစည်းကမ်းဒေသန္တရ အမိန့်တွေ ရှိမယ်။ ဒါတွေနဲ့ပတ်သတ်လို့ ချိုးဖောက်ခဲ့တာတွေ၊ လိုက်နာဖို့ အားနည်းခဲ့တာတွေ၊ မလိုက်နာတာတွေ၊ လုံခြုံရေးအရ တာဝန်ယူနေရသူတွေအနေနဲ့ ဒါတွေကို တားဆီးဖို့၊ ကန့်သတ်ဖို့ ဒါတွေနဲ့ပတ်သတ်လို့ အဆင့်ဆင့်တင်ပြရမှာတွေရှိပါလိမ့်မယ်။ ဒါတွေကို လိုက်နာဖို့ အားနည်းခဲ့တယ်။ လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်။ ချိုးဖောက်ခဲ့တယ်ဆိုရင် အရေးယူခံရမှာဖြစ်ပါတယ်။ တပ်မတော်ရဲ့ စစ်ဘက် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားပါလိမ့်မယ်။ စစ်တရား ရုံးဖွဲ့စစ်ဆေးတာတွေ ရှိပါလိမ့်မယ်။"

မတော်တဆမှုမှာ တာဝန်ရှိသူတွေအဖြစ် တပ်မတော်က အရေးယူလိုက်တဲ့ လုပ်ရပ်ကိုတော့ ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကတော့ ကြိုဆိုလိုက်ပါတယ်။ အလားတူ အစိုးရအနေနဲ့လည်း တာဝန်ရှိတဲ့သူတွေကို အရေးယူဖို့လည်း တိုက်တွန်းခဲ့တာပါ။

"အဲလိုဖြစ်ရတာက ပူးပေါင်းဆောင်ရွက်မှု မရှိလို့ အဲတော့နောက်နောင်စံပြအနေနဲ့ ပူးပေါင်းဆောင်ရွက်အောင် ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့သဘောနဲ့ လုပ်ပေးတယ်လို့ ကျနော်မြင်ပါတယ်။ ရဲဘက်ကလည်း လာမယ်ထင်တယ်။ တပ်ကတော့ ပြတ်ပြတ်သားသားလုပ်ပြသလိုကျနော်တို့ ရဲဘက်ကလည်း ပြတ်ပြတ်သားသား လုပ်ပြရမယ်လေ။ ပြည်တဲရေးဘက်က လာစစ်တယ်၊ တပ်ဘက်ကို တိတိကျကျ အရေးယူပေးတယ်။ ကျနော်တို့ အစိုးရဘက်ပိုင်းကလည်း သက်ဆိုင်ရာဝန်ကြီး၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေကို အရေးယူပြဖို့လိုတယ်။ လုပ်ပြမှလည်း ပူးပေါင်းလို့ရမှာလေ။"

မြန်မာအစိုးရရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကတော့ မတော်တဆမှုနဲ့ ပတ်သက်လို့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ သွားရောက် စစ်ဆေးခဲ့တာပါ။ စုံစမ်းရေးအဖွဲ့ဟာ ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို မေးမြန်းစစ်ဆေးတာတွေ၊ ကွင်းဆင်းလေ့လာတာတွေ လုပ်ခဲ့ကြပါတယ်။

တပ်မတော်ကတော့ အရေးယူလိုက်တဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေကို လတ်တလောမူလတာဝန်တွေမှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားထားပြီး ဆက်လက်အရေးယူသွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ရက် ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာကတော့ လက်တွေ့အရေးယူတဲ့ လုပ်ရပ်တွေနဲ့ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှိမှသာ အခုလို အဖြစ်ဆိုးမျိုးကို ရှောင်ရှားနိုင်မယ်လို့ မြင်ပါတယ်။

"အက်ရှင်ယူတာကောင်းပါတယ်။ ဒီဥစ္စာက နိုင်ငံရေးအရ အမည်ကောင်းပဲ ရဖို့လား၊ ဘယ်လောက်အတိုင်းအတာထိ သက်ရောက်မှာလဲဆိုတာ ကျမတို့ မသိဘူးရှင့်။ ကျမတို့ အနေနဲ့ ဖြစ်စေချင်တာကတော့ မှားတဲ့ဟာ မှားပြီးပြီ။ ရှိနေတဲ့ နိုင်ငံတော်ဘက်က ဘတ်ဂျက် စိုက်ထုတ်မှု၊ CSR ဖန်တွေလည်း ရှိတယ်။ ဒါတွေအကုန်လုံးနဲ့ ပြုပြင်မွမ်းမံလို့ရသမျှအ ကုန်ပြုပြင်မွမ်းမံပြီးတော့ လက်ရှိမှာ ထပ်မဖြစ်ဖို့ လုပ်သလို အနာဂတ်မှာ မဖြစ်အောင် လုပ်ဆောင်ဖို့ ကာကွယ်မှုတွေ လုပ်ဖို့နဲ့ တရားဥပဒေတွေ စိုးမိုးအောင်လုပ်ဖို့ လိုပါတယ်ရှင့်။ မလုပ်ဘဲ ဒီ နှစ်ယောက်ပဲ အရေးယူရင်တော့ ထိရောက်မှု မရှိဘူး ယူဆတယ်။ သက်ရောက်မှု မသိတဲ့အခါ အရေးယူမှုကို ကြိုဆိုတယ်လို့ ပြောဖို့လည်းနည်းနည်းခက်ပါတယ်ရှင့်။"

ဖားကန့်ဒေသမှာ ၂၀၁၅ ခုနှစ်တုန်းကလည်း မြေစာပုံပြိုကျရာမှ လူ ၁၀၀ လောက် သေဆုံးခဲ့ဖူးပါတယ်။ အခုလို မတော်တဆမှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာတော့ မြန်မာနိုင်ငံမှာ ကျောက်မျက်ဥပဒေကို အတည်ပြုထားပေမဲ့ လက်တွေ့ ကျင့်သုံးနိုင်မှု မရှိတာဟာလည်း အကြောင်းရင်းတခုအဖြစ်နဲ့ အကဲခတ်တချို့က ထောက်ပြနေကြတာပါ။

နိုင်ငံတကာ သဘာဝသယံဇာတ စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ Global Witness ကတော့ ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်မှုတွေကို အစိုးရက ထိန်းချုပ်ဖို့ ပျက်ကွက်နေတာကြောင့် ဖားကန့်ဒေသမှာ အခုလို ထိခိုက်သေဆုံးမှုတွေ ကြုံနေရတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကြုံခဲ့ရတဲ့ ဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံနဲ့ မြန်မာနိုင်ငံ အခြေစိုက် အမေရိကန်သံရုံးတို့ကလည်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

ဖားကန့ျ မွပွေိုလူသဆေုံးမှု တပျမတောျအဆင့ျမွင့ျအရာရှိ နှဈဦး အရေးယူခံရ













XS
SM
MD
LG