အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ရာဇဝတ်မှုတွေကြောင့် ထိုင်းနိုင်ငံက လျှပ်စစ်မီး၊ အင်တာနက်နဲ့ စက်သုံးဆီဖြတ်တောက်ခဲ့တဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသအခြေအနေကို ထိုင်းကာကွယ်ရေးဝန်ကြီး ဒီသီတင်းပတ်ထဲ သွားရောက်အကဲခတ်ဖို့ ရှိနေကြောင်း ထိုင်းနိုင်ငံထုတ် သတင်းတွေမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ ဘုရားသုံးဆူမှာ ရာဇဝတ်ဂိုဏ်းတွေထိန်းချုပ်ထားတဲ့ အထပ်မြင့်တိုက်တတိုက်ပေါ်ကနေ ထိုင်းနိုင်ငံသားတယောက် မကြာသေးခင်က ပြုတ်ကျသေဆုံးခဲ့တဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ် Phumtham Wechayachai က မနက်ဖြန် ဗုဒ္ဓဟူးနေ့ နယ်စပ်ကို သွားရောက်မှာဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့တာပါ။
တချိန်တည်းမှာပဲ ရာဇဝတ်ဂိုဏ်းတွေကိုနှိမ်နင်းဖို့ မြန်မာနိုင်ငံနယ်စပ်မြို့တချို့ကို ထိုင်းနိုင်ငံက လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီဖြတ်တောက်ခဲ့တဲ့အပေါ် ကန့်ကွက်နေတာတွေကိုလည်း ထိုင်းကာကွယ်ရေးဝန်ကြီးက တုံ့ပြန်ခဲ့ပါတယ်။ ကန့်ကွက်ဆန္ဒပြတာ၊ ထိုင်းကုန်ပစ္စည်းတွေကို သပိတ်မှောက်တာကြောင့်တော့ လျှပ်စစ်မီးနဲ့အင်တာနက်တွေ ပြန်ပေးမှာမဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီး Phumtham ကပြောဆိုခဲ့တာပါ။
ထိုင်းပြည်သူတွေကို အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေရန်ကကာကွယ်ဖို့ ထိုင်းအစိုးရအနေနဲ့ ဦးစားပေးလုပ်ဆောင်နေတာလို့လည်း ပြောပါတယ်။ မြန်မာဘက်က ဆန္ဒပြသူတွေအနေနဲ့ သူတို့ အဆင်မပြေတာကို ထုတ်ဖေါ်ခွင့်ရှိပေမဲ့ ဒီ ဆန္ဒပြပွဲတွေကြောင့် ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက် ပြောင်းလဲမှာမဟုတ်ဘူးဆိုတာကို ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောဆိုသွားတာပါ။
အွန်လိုင်းငွေလိမ် ဂိုဏ်းတွေကိုနှိမ်နင်းရေး ထိုင်းဘက်က လျှပ်စစ်မီးတွေဖြတ်တောက်ချိန်မှာ ဒေသခံ မြို့နယ် ကျေးရွာတွေပဲ အမှောင်ကျသွားပြီး လောင်းကစားရုံတွေ မီးတွေ ဆက်လင်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့်လည်း တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူ စတဲ့ နယ်မြေတွေမှာ လျှပ်စစ်မီး၊ အင်တာနက်အပြင် လောင်စာဆီတင်ပို့တာတွေကိုပါ ထိုင်းဘက်က ထပ်မံ ပိတ်ပင်ခဲ့ပါတယ်။ ဒီလို ပိတ်ပင်တဲ့အတွက် မြန်မာနိုင်ငံဘက်မှာ စနေနေ့က ရာဂဏန်းလောက်ရှိတဲ့ လူတချို့ ထိုင်းနိုင်ငံကို ဆန့်ကျင် ဆန္ဒပြတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
Forum