သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံကတိအတိုင်း လက်တွေ့ဆောင်ရွက်ဖို့ တိုင်းရင်းသားတို့လိုလား


Myanmar State Counsellor Office
Myanmar State Counsellor Office

တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှအခွင့်အရေးရနိုင်မယ်လို့ယုံကြည်တဲ့ ပြည်ထောင်စုကြီးတရပ်တည်ထောင်နိုင်ဖို့ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၁၉၄၇ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေအတိုင်း အပြောမဟုတ်ပဲ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ လိုပါတယ်လို့ တိုင်းရင်းသားအရေးလေ့လာသူတွေကပြောပါတယ်။ ကိုယ့်အဖွဲ့အစည်းအတွက် မစဉ်းစားပဲ ပြည်ထောင်စုစိတ်ဓာတ်နဲ့ စဉ်းစားပေးကြပါလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့တိုက်တွန်းချက်အပေါ်မှာလည်း ၂၁ရာစုပင်လုံညီလာခံမှာ အားလုံးပါဝင်ရေးဆိုတဲ့မူကို ဦးဆောင်သူတွေကိုယ်တိုင်က အလေးအနက်ထားစဉ်းစားဖို့လိုတယ်လို့လည်း ထောက်ပြကြပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးထားပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ဟာ ပြည်ထောင်စုမူတရပ်အုတ်မြစ်ချနိုင်ဖို့ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဦးဆောင်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ လက်မှတ်ထိုးခဲ့ကြတဲ့ ပင်လုံစာချုပ် လက်မှတ်ထိုးခဲ့တဲ့ နှစ်(၇၀)မြောက် ပြည်ထောင်စုဖြစ်တဲ့အတွက် ပြည်ထောင်စုကြီး ပေါ်ထွန်းနိုင်ရေး ဒီနေ့အချိန်အခါမှာ တိုင်းရင်းသားပြည်သူတွေကြားဘုံသဘောတူညီချက်၊ နားလည်မှု၊ ယုံကြည်မှုတွေနဲ့ ငြိမ်းချမ်းရေးကိုရယူကြပါလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရှမ်းပြည်နယ် ပင်လုံမှာ ကျင်းပတဲ့ပြည်ထောင်စုနေ့အခမ်းအနားမှာ တိုက်တွန်းလိုက်ပါတယ်။

ဒီတိုက်တွန်းချက်အပေါ်မှာ ကချင့်အရေးလှုပ်ရှားသူ ကချင်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာ Hkalam Sam Som ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ၁၉၄၇ ပင်လုံစာချုပ်ပါ သဘောတူညီချက် ကတိကဝတ်တွေအတိုင်း ဒီနေ့ခေတ်မှာ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းပါတယ်။

“အထူးသဖြင့် ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေအတွက်တော့ သူ့ပြောဆိုချက်နဲ့ နည်းနည်းကွာဟနေတာကိုတွေ့ရတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာက ကျနော်တို့ က ပြည်ထောင်စုစိတ်ဓါတ်ရှိပြီးသားပဲ၊ ကျနော်တို့ တိုင်းရင်းသားတွေက ။ အဲဒါကြောင့်မို့လို့ တကယ်မတမ်း ပင်လုံစိတ်ဓါတ်ဆိုတဲ့ ကတိကဝတ်နဲ့သွားမယ်ဆိုရင်တော့ တိုင်းရင်းသားတွေအတွက်တော့ ပြဿနာဘာမှမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးတည်ပြောတာက ကိုယ်တဦးတဖွဲ့ရဲ့ ကောင်းစားချင်း မဟုတ်ပဲနဲ့ တိုင်းပြည်အတွက် ကြည့်ဖို့လိုတယ်ဆိုတာကတော့ ကျနော်ထင်တာကတော့ တပ်မတော်ပိုင်းနဲ့ ဗမာပိုင်းကို သူတို့ပို နားလည်ဖို့လို မယ်လို့ ကျနော်ကတော့ အဲလိုပဲနားလည်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ပြီး ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့ဆိုရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေမှာ အားလုံးပါဝင်ရေးဆိုတဲ့မူနဲ့ တိုင်းရင်းသားတွေကြားမှာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုလည်း မြန်မာ့အရေးလေ့လာသုံးသပ်သူဒေါက်တာရန်မျိုးသိမ်းက ရှု့မြင်ပါတယ်။

“ဒီမိုကရေစီနိုင်ငံတွေမှာ ရတဲ့ အခြေခံအခွင့်အရေးတွေ ရရမယ်လို့ အတိအကျဖော်ပြထားပါတယ်။ နောက်ပြီးတော့ ပင်လုံစာချုပ်မှာပဲ တောင်တန်းဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့်တွေကို ရရမယ်လို့လည်း အတိအကျဖော်ပြထားတာတွေ့ရပါတယ် ။ လွတ်လပ်ရေးရပြီး အစိုးရအဆက်အဆက်ဟာ ပင်လုံစာချုပ်မှာပါတဲ့ သဘောတူညီချက်တွေကို လက်တွေ့ကျကျထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီအခါကျတော့ တကယ်တန်းလက်ရှိ အမျိုးသားဒီမိုကရေစီအစိုးရဦးဆောင်တဲ့ လက်ထက်မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ယုံကြည်မှုတည်ဆောက်ရေးကို လုပ်ချင်တယ်ဆိုရင် ကျနော့်အမြင်အားဖြင့်တော့ ပင်လုံစာချုပ်ထဲမှာ ပါနေတဲ့ ဖော်ပြချက်တွေကို အလေးထားနိုင်ဖို့အတွက်အစိုးရအနေနဲ့ တပ်မတော်နဲ့ကော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ရော တိုင်းရင်းသားပါတီတွေအပါအဝင် နိုင်ငံရေးပါတီတွေအနေနဲ့ရော၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ရော မျက်နှာစုံညီတွေ့ဆုံဖြေရှင်းနိုင်ဖို့ အဓိက ကျတယ်လို့မြင်ပါတယ်။”

ပြည်ထောင်စု တည်ဆောက်နိုင်ရေး တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရယူနိုင်ရေး ဆောင်ရွက်ဖို့ဆိုရင်တော့ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု ၊ နားလည်မှု ရအောင် လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေနဲ့သက်သေပြဖို့လိုတယ်လို့လည်း ဒေါက်တာ Hkalam Samsom က အကြံပြုပါတယ်။

“ဒီတိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေအတွက်တော့ လက်တွေ့ဖြစ်နေတဲ့နေရာမှာ ယုံကြည်မှုဆိုတာ အဝေးကနေ သူတို့အနေနဲ့ စဉ်းစားကြည့်ရင်တော့ ဖြစ်နိုင်တာပေါ့ ဒါပေမယ့် ဒီအနီးကပ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေအတွက်တော့ ကျနော်ထင်တာကတော့ လွယ်တော့မလွယ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူထားတဲ့ ပင်လုံကို အခြေခံပြီးမှ လုပ်သွားမယ့် ပင်လုံညီလာခံဆိုရင်တော့ အောင်မြင်လိမ့်မယ်လို့ ကျနေ်ာယုံကြည်တယ်။ ဒါပေမယ့် NCA အခြေခံပြီးမှ လုပ်သွားမယ့် ညီလာခံဆိုရင်တော့ ကျနော့်အနေနဲ့တော့ လွယ်မယ်လို့ မထင်မိပါဘူး”

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလိုလားတဲ့ပြည်ထောင်စုထူထောင်ရေး တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ မတူခြားနားမှုတွေကို အသိအမှတ်ပြုလက်ခံပြီး ဒီမတူခြားနားမှုတွေကနေ စုစည်းညီညွတ်တဲ့ အင်အားအဖြစ် ပြောင်းလဲစွမ်းဆောင်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး ဆောင်ရွက်သွားမယ်လို့ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုနေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG