သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ရှိပင်လုံ (သို့) ဦးစံအောင် ကွယ်လွန်


သက်ရှိပင်လုံ (သို့) ဦးစံအောင်
သက်ရှိပင်လုံ (သို့) ဦးစံအောင်

သမိုင်းဝင်ပင်လုံညီလာခံကို တက်ရောက်သတင်းယူခဲ့သူ၊ ပင်လုံစာချုပ်ချုပ်ဆိုတာကို မျက်မြင်တွေ့ရှိခဲ့သူ ဖြစ်တာကြောင့် လေးစားသူတွေက သက်ရှိ ပင်လုံလို့ တင်စား ခေါ်ဝေါ်ခံရသူ မြန်မာအလင်းသတင်းစာရဲ့ သတင်းထောက်၊ စာရေးဆရာ၊ ပါလီမန်ဒီမိုကရေစီခေတ်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ ဦးစံအောင်ဟာ အင်္ဂါနေ့ ညပိုင်းက တောင်ကြီးမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဦးစံအောင်ဟာ ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေ အကောင်အထည်ပေါ်ရေး ကို နောက်ဆုံးအချိန်ထိ မျှော်လင့်ခဲ့သလို တောင်သူလယ်သမားအရေးကိုလည်း အလေးထားဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ဦးစံအောင်ရဲ့ နာရေးသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။

ဦးစံအောင်ဟာ အသက် ၉၃နှစ်အရွယ်မှာ တောင်ကြီးမြို့က နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဦးစံအောင်ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး သားဖြစ်သူ ဦးကျော်ကျော်စံက အခုလို ပြောဆိုပါတယ်။

“မနေ့ညက ၁၀ နာရီ ၃၄ မိနစ်ပေါ့ ဆုံးသွားတယ်။ သူက ခါးအရမ်းနာတယ် လို့ပြောတယ်၊ အဲဒီတော့ ဆရာဝန်ခေါ်ပေးတယ် အဲဒီ ဆရာဝန်က ဆေးထိုးပေး တယ် ၊ အဲဒီဆေးက အန်လိမ့်မယ်လို့ပြောတယ် ဆရာဝန်က ။ အဲဒီတော့ ဆေးထိုးပြီး အစားစားတဲ့အချိန်အန်လာတယ်၊ ပထမ တခေါက်အန်တယ်၊ နောက် ဒုတိယ တခေါက်အန်တဲ့ အချိန်မှာ တော်တော်မော သွားပြီး သတိလစ်သွားတယ်ခင်ဗျ။ အဲဒီကနေပြီးတော့ ဆေးကလည်း မှိန်းတဲ့ဆေးပါမယ် ထင်တယ်၊ အဲလိုမှိန်းပြီးမြောပြီး အသက်ပါ ပါသွားတယ်ပေါ့”

ဦးစံအောင်ကို ၁၉၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် တောင်ကြီးမြို့မှာ ရဲဝန်ထောက် ဦးမောင်မောင်ကြီး နဲ့ ဒေါ်ခင်ထွေးတို့က မွေးဖွားခဲ့တာဖြစ်တယ်။

အသက် ၁၅ နှစ်အရွယ်မှာ တောင်ကြီးမြို့က ABM ခေါ် အမေရိကန်နှစ်ခြင်း ခရစ်ယာန် သာသနာပြုကျောင်းမှာ ပညာသင်ကြားပြီး အဲဒီအချိန်မှာပဲ မြန်မာ့အလင်း သတင်းစာတိုက်ကို သတင်းများ ရေးသားပေးပို့ရင်း အကျိုးတော်ဆောင် သတင်းထောက်အဖြစ် ခန့်ထားခံခဲ့ရပါတယ်။

သတင်းထောက်အဖြစ်နဲ့ မဲနယ်တောင်ဒေသမှာ ပအိုဝ်းရွာတွေ အငတ်ဘေး ကျရောက်တဲ့ သတင်းရေးသားခဲ့တာကြောင့်လည်း အင်္ဂလိပ်အစိုးရက ဖမ်းဝရမ်းထုတ်ခံခဲ့ရသလို နောက်ပိုင်းမှာ သတင်းဖြစ်ရပ် မှန်ကန်တာကြောင့် အရေးယူ မခံခဲ့ရပါဘူး။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်မှာတော့ ဦးစံအောင်ဟာ၁၉၅၂ မှ ၁၉၅၆ ခုနှစ်အထိပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။

ဦးစံအောင်ဟာ ပင်လုံညီလာခံကို တက်ရောက်ခွင့်ရခဲ့တဲ့ သတင်းထောက်ဖြစ်ပြီး ၁၉၇၀မှာစတင်ထုတ်ဝေတဲ့ညီညွတ်ရေးအရေးတော်ပုံ ခေါ် ပင်လုံအတွင်းရေးစာအုပ်ဟာလည်း ထင်ရှားတဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။

ဦးစံအောင်က ပင်လုံစာချုပ်အရ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ကို နောက်ဆုံးအချိန်ထိ မျှော်လင့်နေခဲ့ကြောင်းရှစ်လေးလုံးရှမ်းပြည် နိုင်ငံရေးအင်အားစုအဖွဲ့က ဦးတင်မောင်တိုး က အခုလို ပြောပါတယ်။

“သူက ဒီပင်လုံစာချုပ်နဲ့ ပတ်သက်ပြီးတော့လည်း တော်တော်လေး ခံစားချက်ပြင်းတယ်လေ၊ နောက်ပြီး သူက ဒီစာချုပ်ထဲက အချက်တွေ အကောင်အထည်မပေါ်လာတဲ့အတွက်လည်း အခုအထိ ဆုံးတဲ့အထိပေါ့လေ မျှော်လင့်နေတုန်းပဲ၊ ဒီ ၂၁ ရာစု ပင်လုံကို မျှော်လင့်နေရင်းနဲ့ပဲ ကွယ်လွန်သွားတာပါ။ ဖက်ဒရယ်ပြည်ထောင်စုပဲ ပေါ့ သူမျှော်လင့်တာကတော့။”

ဦးစံအောင် တောင်သူလယ်သမားအရေးကိုလည်း မကွယ်လွန်မီ အထိ ဆောင်ရွက်ခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။

“ ဒီ ၂ နှစ် ၃ နှစ်အတွင်းမှာလည်း သူက TPA ဂျပန် NGO အဖွဲ့ နဲ့ ချိတ်ဆက် ပြီးတော့မှ ကျနော်တို့ တောင်သူလယ်သမားတွေကို သင်တန်းတွေ ပေးတယ၊်ပြီးတော့ ပန်ကားရွာမှာ စိုက်ပျိုးရေးကျောင်းရှိတယ်လေ၊ အဲဒါကို ချိန်ဆက်ပြီးတော့မှသင်တန်းတွေပေးတယ်။ နောက်ပြီးတော့ အဓိက အင်းလေးကန်၊ အင်းလေးကန် စိမ်းလန်းစိုပြေရေးအတွက်လည်း ဒီအင်းလေးကန်က တောင်သူလယ်သမားတွေကို သူအများကြီး အဖွဲ့အစည်းတွေ ဖွဲ့ပေးထားတယ်၊ နောက် NGO နဲ့ ချိန်ဆက်ပေးတာပေါ့။”

အစ္စလာမ်ဘာသာဝင်တဦးဖြစ်တဲ့ ဦးစံအောင်ရဲ့ ဈာပနကိုတော့ ဗုဒ္ဓဟူးနေ့ နေ့လည် ၂ နာရီမှာ တောင်ကြီးမြိုု့က မွတ်ဆလင်မ် သုသာန်တွင် မြေမြှုပ်သင်္ဂြ ိုလ်ခဲ့ပါတယ်။

ဦးစံအောင်ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်အေးမြ၊ သားဦးညီညီစံ၊ ဦးကျော်ကျော်စံနဲ့ သမီး ဒေါ်မိုးမိုးစံသမီး နဲ့ မြေး ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG