သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတချို့ ရိုက်နှက်ခံရ


Google မြေပုံက မြင်တွေ့ရတဲ့ ပဲခူးတိုင်း ပြည်မြို့ရှိ ပြည်အကျဉ်းထောင်
Google မြေပုံက မြင်တွေ့ရတဲ့ ပဲခူးတိုင်း ပြည်မြို့ရှိ ပြည်အကျဉ်းထောင်

ပဲခူးတိုင်း ပြည်အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက ရိုက်နှက်တာကြောင့် နိုင်ငံရေးအကျဉ်းသား တချို့ ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ထောင်တွင်းအခြေအနေတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကပြောလိုက်ပါတယ်။ အာဏာပိုင်တွေကတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနေ့အစောပိုင်းက ဖြစ်စဉ်မှာ ထိုးကြိတ်ရိုက်နှက်တာ၊ ပစ်ခတ်တာမရှိဘဲ ထောင်ဝန်ထမ်းတွေက ထိန်းသိမ်းလိုက်တယ်လို့ တုံ့ပြန်ထားပါတယ်။ ပြည်ထောင်က အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားပါတယ်။

ပြည်အကျဥ်းထောင်က စားရိပ်သာတာဝန်ခံ (ဖိုခေါင်း) ဖြစ်သူ ရာဇဝတ် အကျဥ်းသား လင်းထိန်ဆိုတဲ့သူက အကြောင်းပြချက်မရှိဘဲ နိုင်ငံရေးအကျဥ်းသားတစ်ဦးကို လက်သီးနဲ့ ထိုးခဲ့ရာကနေ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ တနင်္ဂနွေနေ့က ပြဿနာစတင်ခဲ့တာလို့ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ပြောပါတယ်။

အနိုင်ကျင့် ရိုက်နှက်မှုအပေါ် တရားမျှတမှုရဖို့ အရေးယူဖို့ ထောင်တာဝန်ရှိသူတွေကို တိုင်ကြားခဲ့တာမှာ တခြားရာဇဝတ်အကျဉ်းသားတွေကပါ နိုင်ငံရေးအကျဉ်းသားတွေကို ထပ်မံ ရိုက်နှက်တာတွေလုပ်ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ရဲ့ တာဝန်ခံ ဦးသိုက်ထွန်းဦးက ပြောပါတယ်။

"ဒီကိစ္စကိုအရေးယူပေးဖို့ တင်ပြတဲ့အချိန်မှာ တခြားရာဇဝတ်အကျဉ်းသားတွေက ဝါးဆစ်ထုတ်တွေ၊ သစ်သားဒုတ်တွေနဲ့ဝင်ရောက်ရိုက်တာမှာ နိုင်ငံရေးအကျဉ်းသား ၄ဦး အထိုးခံရတဲ့ သူအပါအဝင်ဆို ၅ဦးပေါ့ ထိခိုက်ဒဏ်ရာရခဲ့တာရှိတယ်။ တဦးကဦးခေါင်းပေါက်ပြဲဒဏ်ရာတွေ ဖူးယောင်ညိုမဲဒဏ်ရာ တွေရခဲ့ကြတယ်။ အဲကိစ္စဖြစ်ချိန်မှာဘဲကျနော်တို့သိရသလောက် မျှော်စင်ကနေပြီးတော့ သေနတ် ၂ချက်ဖောက်တဲ့ကိစ္စတွေရှိခဲ့တယ်။ လူဖြိုခွင်းခိုင်းတယ်ပေါ့ နေခင်းပိုင်းမှာ ကျူးလွန်တဲ့သူ ကိုလင်းထိန်အပါအဝင် ဝင်ရိုက်တဲ့အကျဉ်းသားတဦးကိုတော့ တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့တယ်လို့သိရတယ်။ ထိခိုက်တဲ့သူတွေကိုလည်း ဆေးဝါးကုသခွင့်ပေးလိုက်တယ်လို့လည်းသိရပါတယ်။"

ရိုက်နှက်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေမှာ ဖူးယောင် ပေါက်ပြဲ ထိခိုက်ဒဏ်ရာတွေတော်တော်များများရခဲ့တယ်လို့ ပြောပါတယ်။ အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာ၊ နိုင်ကျဉ်းတွေ ဖိနှိပ်ခံနေရတာတွေရှိပေမယ့် ဒီအပေါ်ထိရောက်တဲ့အရေးယူမှုတွေမရှိဘဲ အခြေအနေ ပိုဆိုးလာတဲ့အကြောင်း ဦးသိုက်ထွန်းဦးက ထောက်ပြပါတယ်။

အကျဉ်းထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကိုဖိနှိပ်တာမှာ အရင်ကလိုထောင်အာဏာပိုင်တွေက ရန်ရှာ ကိုယ်တိုင်ရိုက်နှက်တာမျိုးတွေထပ် ခုနောက်ပိုင်းမှာ ရာဇဝတ်အကျဉ်းသားတွေကိုလက်ကိုင်ဒုတ်သဖွယ် အသုံးချပြီး ကိုယ်စားရိုက်နှက်ခိုင်းတာ၊ နောက်ပြီး ရိုက်နှက်မှုတွေရှိလာရင်လည်း အချိန်မှီ မတားဆီးတာ စတဲ့ နိုင်ငံရေးအကျဉ်းတွေအပေါ်လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိလာတယ်လို့ ဦးသိုက်ထွန်းဦးက ပြောပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သူတွေကို တရားမျှတမှုဖော်ဆောင်နိုင်တဲ့အချိန် ရောက်တဲ့အခါ ပြစ်ဒဏ်ပေးနိုင်အောင်လုပ်သွားမယ်လို့ ဦးသိုက်ထွန်းဦးကပြောပါတယ်။

"အာဏာသိမ်းပြီးထဲကအကျဉ်းထောင်တွေမှာ နိုင်ငံရေးသမားတွေကိုဖိနှိပ်ဖို့အတွက် စနစ်တကျ ပြင်ဆင်ထားတဲ့ဖိနှိပ်ရေးယန္တရားဖြစ်လာတယ်။ အရင်တုန်း ကထောင်အာဏာပိုင်တွေကလူ့အခွင့်အရေးချိုးဖောက်မှုတွေကိုပေါ်ပေါ်ထင်ထင်လုပ်လာတယ်။ နောက်ပိုင်းမှာတော့လူ့အခွင့်အရေးချိုးဖောက်မှုကိုပြင်ပကို မထွက်စေဘဲ စနစ်တကျကိုလုပ်လာတာတွေ့ရတယ်။ အကျဉ်းသားအချင်းချင်းပြန်ပြီးရိုက်နှက်ခိုင်းတာ၊ အကျဉ်းထောင်တွေမှာ ထောင်အာဏာပိုင်တွေကနေ အခုလိုမျိုး တိုက်ရိုက်သော်လည်းကောင်းသွယ်ဝိုက်သော်လည်းကောင်းအားပေးအားမြောက်လုပ်တာ ထောက်ခံတာ လုပ်ခိုင်းတာ စေခိုင်းတာ စသဖြင့် လုပ် တာတွေဟာ အကူးအပြောင်းကာလ တရားမျှတမှုပြန်ဖော်ဆောင်တာမှာ သေချာပေါက်ပြန်ပေါ်လာမှာဖြစ်တဲ့အတွက်လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြန် ဆုံးရပ်တန့်ဖို့ ထောင်ထဲမှာရှိတဲ့နိုင်ကျဉ်းတွေကိုအတတ်နိုင်ဆုံးကောင်းမွန်စွာ ပြုစုစောင့်ရှောက်ဖို့ပြောချင်ပါတယ်။"

ပြည်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာန ပြောခွင့်ရသူ၊ စစ်ကောင်စီပြန်ကြားရေးတာဝန်ခံတို့ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်တုံပြန်ဖြေဆိုတာမရှိခဲ့ပါဘူး။ ပြည်အကျဉ်းထောင်ကိုဆက်သွယ်ရမှာလည်း တာဝန်ခံမရှိဘူးဆိုပြီး ပြန်ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။

စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနကတော့ ပြည်အကျဉ်းထောင်မှာ တားမြစ်ထားတဲ့ နေရာကို ၅၀၅ အကျဉ်းသားခေါ် နိုင်ငံရေးမှုနဲ့ ထောင်ကျခံထားတဲ့ အကျဉ်းသားတွေ ရောက်လာတဲ့အတွက် တာဝန်ရှိ အကျဉ်းသားက တားဆီးတဲ့အချိန် စကားများကြတာ ဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ တွန်းလားဆွဲလားဖြစ်ခဲ့ပေမဲ့ ဝန်ထမ်းတွေက ထိန်းသိမ်းလိုက်ပြီး ထိုးကြိတ်ရိုက်နှက်တာ၊ ပစ်ခတ်တာ မရှိတဲ့အကြောင်း၊ အမိန့်မနာခံ အချင်းများတဲ့အတွက် ထောင်တွင်း ဥပဒေနဲ့အညီ ပြစ်ဒဏ်ပေးမယ်ဆိုပြီး သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းက စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ပြည်သူ ၃ သောင်းနီးပါး ဖမ်းဆီးခံထားရတယ်လို့ဖော်ပြထားပါတယ်။ စစ်ကောင်စီကတော့ ဒီစာရင်းတွေဟာ ချဲ့ကားထားတဲ့စာရင်းတွေသာ ဖြစ်တယ်လို့ တုံပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG