သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-အိန္ဒိယခေါင်းဆောင်နှစ်ဦး အိမ်ဖြူတော်မှာ တွေ့ဆုံ


အမေရိကန်နဲ့ အိန္ဒိယ ၂ နိုင်ငံ မိတ်ဆွေအဖြစ်ကို ခိုင်မာအောင် ကြိုးစားမှာ ဖြစ်ကြောင်း ကြာသပတေးနေ့ သမ္မတအိမ်ဖြူမှာ သမ္မတ Joe Biden နဲ့ တွေ့ဆုံအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ပြောပါတယ်။

"ဒီကနေ့ဟာ အိန္ဒိယ- အမေရိကန် ဆက်ဆံရေးသမိုင်းမှာ အထူးအရေးပါတဲ့ နေ့တနေ့ ဖြစ်ပါတယ်။ ဒီကနေ့ ကျနော်တို့ ၂ ဦး ရဲ့ ဆွေးနွေးမှုတွေနဲ့ ချမှတ်ခဲ့တဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေဟာ ကျနော်တို့ရဲ့ ကမ္ဘာတလွှား မဟာဗျူဟာကျ မိတ်ဖက်ဖြစ်မှုမှာ စာမျက်နှာသစ် ဖွင့်လိုက်တာ ဖြစ်ပါတယ်။”

သမ္မတ Biden ကလည်း အမေရိကန်နဲ့ အိန္ဒိယတို့ဟာ လူသားတိုင်းလိုလိုရဲ့ ကြိုးပမ်းအားထုတ်မှုတိုင်းအတွက် ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပဲ ပြောပါတယ်။

ရုရှားနဲ့ မပြေလည်ချိန် ဖြစ်သလို တရုတ်နဲ့ တင်းမာမှုတွေ တိုးနေချိန်မှာ အမေရိကန်က ရှားရှားပါးပါး အိန္ဒိယ ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ ကျန်းမာရေးဆန်းစစ်မှု ဆိုင်ရာ နည်းပညာ၊ အာကာသစူးစမ်းရေး၊ သန့်ရှင်းစွမ်းအင် ပြောင်းလဲ သုံးစွဲမှုနဲ့ ဥတုရာသီဆိုင်ရာ အရေး အပါအဝင် အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း သမ္မတ Joe Biden က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ အိန္ဒိယ ၂ နိုင်ငံပူးပေါင်းပြီး ကွမ်တမ် ကွန်ပြူတာနဲ့ ဉာဏ်ရည်တု AI နည်းပညာဆိုင်ရာလို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှု ဆိုင်ရာ မျှဝေမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ဟာ ကြာသပတေးနေ့ ညနေပိုင်းမှာတော့ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG