မြောက်ကိုရီးယားနိုင်ငံ နျူကလီယားလက်နက်ထုတ်လုပ်မှု စွန့်လွှတ်ရေး ဖိအားပေးဖို့နဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးဆိုင်ရာ မြှင့်တင်ဖို့ မျှော်လင့်ထားတဲ့ အာရှခရီးစဉ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ မလေးရှားနိုင်ငံကို ပထမဆုံး ရောက်သွားပြီ ဖြစ်ပါတယ်။
ဝန်ကြီး Pompeo ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း သွားရောက်တဲ့ နိုင်ငံတွေကို မြောက်ကိုရီးယား အပေါ် အမေရိကန်ရဲ့ အရေးယူမှုတွေနဲ့ ဖိအားပေးနေတာကို ဆက်လက်ထောက်ခံဖို့ တွန်းအားပေးမှာ ဖြစ်ကြောင်း မလေးရှားနိုင်ငံ Kuala Lumpur လေယာဉ် ခရီးစဉ်အတွင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ ဇွန်လ တွေ့ဆုံပြီးချိန်ကစပြီး အမေရိကန် အရာရှိတွေက မြောက်ကိုရီးယား အစိုးရဟာ သူ့ရဲ့ နျူကလီယား လက်နက်အစီစဉ်တွေကို စွန့်လွှတ်မယ်လို့ အကောင်းမြင်နေခဲ့ပေမယ် မြောက်ကိုရီးယား ဘက်ကတော့ ဒီလုပ်ငန်းစဉ်အတွက် လုပ်ဆောင်တဲ့ အထောက်ထား ဘာမှ မတွေ့ရသေးပါဘူး။
အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း အထိ ရောက်အောင် ပစ်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည် တည်ဆောက်နေတဲ့ စခန်းမှာ မြောက်ကိုရီးယားက ဒုံးကျည် အသစ်တွေ ဆက်ပြီး တည်ဆောက်နေတယ်လို့ အမေရိကန် ထောက်လှန်းရေး အရာရှိတွေက ယုံကြည်ကြကြောင်း ဝါရှင်တန်ပို့စ် သတင်းစာကြီးက အင်္ဂါနေ့ ရေးသားခဲ့ပြီးတဲ့ နောက်ပိုင်း မြောက်ကိုရီးယား ဟာ သူ့ရဲ့ နျူကလီယားနဲ့ ဒုံးကျည် အစီစဉ်တွေကို ဆက်လုပ်နေမယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
ဝန်ကြီး Pompeo ဟာ ဒီခရီးစဉ် အတွင်း စင်္ကာပူမှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံတဲ့ အခါ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေး၊ ဆိုင်ဘာလုံခြုံရေးတို့ အပြင် တောင်တရုတ်ပင်လယ်ပြင် ပြဿနာကိုပါ ဆွေးနွေးမယ်လို့ မျှော်လင့် ရပါတယ်။