သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး အာရှသုံးနိုင်ငံခရီး အတွင်း မြန်မာ့အရေးဆွေးနွေးဖို့ရှိ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ။

သြဂုတ်လ ၁ ရက်နေ့ ဒီကနေ့မှာ စတင်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ အာရှ ၃ နိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ပါတ်သက်တဲ့ ကိစ္စတွေကို ဒေသတွင်းနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးဖို့ရှိပါတယ်။ ရခိုင်ပြည်နယ်ကိစ္စ၊ မြန်မာနိုင်ငံတဝန်း ရေကြီးမှုတွေဖြစ်ရတဲ့ သဘာဝဘေးဒဏ်နဲ့ ပါတ်သက်တဲ့ကိစ္စ၊ လူသားချင်းစာနာမှု အကူအညီပေးရေး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပါတ်သက်လို့ ဝန်ကြီး Pompeo ရဲ့ ခရီးစဉ်အတွင်း ဆွေးနွေးမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ မလေးရှား၊ စင်္ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို သွားမယ့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်နဲ့ပါတ်သက်လို့ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါတယ်။

ဒီကနေ့ ဝါရှင်တန်ကနေ ထွက်ခွာပြီး သြဂုတ်လ ၂ ရက်နေ့က ၅ ရက်နေ့အထိ မလေးရှား၊ စင်္ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို သွားရောက်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ခရီးစဉ်မှာ အဓိက သွားမယ့်နိုင်ငံကတော့ စင်္ကာပူနိုင်ငံဖြစ်ပါတယ်။ လက်ရှိ 2018 ASEAN အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ စင်္ကာပူမှာကျင်းပမယ့် နိုင်ငံစုံ နှစ်ပါတ်လည် စည်းဝေးပွဲတွေကို ဝန်ကြီး Pompeo တက်ရောက်ဖို့ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်းတာဝန်ရှိသူတယောက်က ခရီးစဉ်နဲ့ပါတ်သက်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

မြန်မာအပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးနဲ့ အမေရိကန်ကြား မဟာဗျူဟာမြောက်ဆက်ဆံရေးဟာ ဘယ်လောက် အရေးပါတယ်ဆိုတာနဲ့ အာဆီယံနဲ့သက်ဆိုင်တဲ့ကိစ္စတွေအပေါ် အမေရိကန်ရဲ့ ခိုင်မာတဲ့ထောက်ခံမှုကို ပြသဖို့အတွက် ဒီခရီးစဉ်ဟာ အရေးကြီးတယ်လို့ အကြီးတန်းတာဝန်ရှိသူက ပြောပါတယ်။

ဝန်ကြီး Pompeo ဟာ ASEAN Regional Forum အာဆီယံဒေသတွင်းဆွေးနွေးပွဲ၊ East Asia Summit အရှေ့အာရှထိပ်သီး နိုင်ငံခြားရေးဝန်ကြီးအဆင့်ဆွေးနွေးပွဲ၊ အမေရိကန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့်ဆွေးနွေးပွဲနဲ့ မဲခေါင်မြစ်ဝှမ်း အောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေကို တက်ရောက်မှာဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၇ နိုင်ငံပါဝင်တဲ့ East Asia Summit ကျရင် မြန်မာနိုင်ငံက ရခိုင်ဒေသပြဿနာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်းတာဝန်ရှိသူက ခုလိုပြောပါတယ်။

"အရှေ့အာရှထိပ်သီး နိုင်ငံခြားရေးဝန်ကြီးအဆင့်ဆွေးနွေးပွဲကျရင် ဝန်ကြီး Pompeo ဟာ တခြားနိုင်ငံခြားရေးဝန်ကြီး ၁၇ ယောက်နဲ့ တွေ့ဆုံပြီး ဒေသတွင်း လုံခြုံရေးနဲ့ဆိုင်တဲ့ အရေးအကြီးဆုံးကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ မြောက်ကိုရီးယား Nuclear ကင်းရှင်းရေးကိစ္စ၊ ရေပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ကိစ္စ၊ အကြမ်းဖက်ဝါဒကိစ္စ၊ ရေကြောင်းနဲ့ ဆိုင်ဘာလုံခြုံရေးကိစ္စတွေအပြင် ရခိုင်ပြည်နယ်ပြဿနာ အပါအဝင် တခြားလုံခြုံရေးဆိုင်ရာ အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။"

မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကျရင်လည်း မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ ရေကြီးမှုလို ပြဿနာမျိုးတွေနဲ့ပါတ်သက်လို့ ဆွေးနွေးဖို့ရှိပါတယ်။ မြန်မာနိုင်ငံအပါအဝင် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းဒေသ ၅ နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုပြီးခိုင်မာစေရေးကို ဆွေးနွေးမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်းတာဝန်ရှိသူက ပြောပါတယ်။

"အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးခိုင်မာအောင်ဆောင်ရွက်မယ့် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းနိုင်ငံတွေထဲမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေ ပါဝင်ပါတယ်။ ဆွေးနွေးမယ့်အကြောင်းအရာတွေ အများကြီးထဲမှာ ရေအရင်းအမြစ် စီမံခန့်ခွဲရေးကိစ္စကိုလည်း ဆွေးနွေးကြမှာပါ။ လောလောလတ်လတ်ပဲ လာအိုမှာ ရေကာတာကျိုးပေါက်တာရယ် မြန်မာနိုင်ငံမှာ အကြီးအကျယ်ရေကြီးနေတာရယ်လို ကြေကွဲစရာအဖြစ်တွေ ဖြစ်နေတော့ ဒီအကြောင်းဆွေးနွေးဖို့ အချိန်ကိုက်ပါပဲ။ ရေဘေးဒုက္ခခံနေရတဲ့ မြန်မာနဲ့ လာအို ၂ နိုင်ငံလုံးက ပြည်သူတွေကို အမေရိကန်ပြည်ထောင်စုက ဝမ်းနည်းစကားပါးပါတယ်။"

Indo Pacific ဒေသ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် အမေရိကန်ရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ၂ နိုင်ငံချင်းစီရော၊ နိုင်ငံစုံပါ အတူတွဲဆောင်ရွက်သွားဖို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကသူ့ခရီးစဉ်အတွင်း ဆွေးနွေးပြောကြားသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ခုလို နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မစခင် တရက်အလိုကပဲ အမေရိကန်အစိုးရအနေနဲ့ Indo Pacific ဒေသမှာ စီးပွားရေးအရ ထိတွေ့ဆက်ဆံမှုတွေ ပိုပြီး တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အာရှမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုကို တိုးချဲ့သွားမယ်လို့ ဝန်ကြီး Pompeo က အမေရိကန် ကုန်သည်ကြီးများအသင်းက ပြုလုပ်တဲ့ဆွေးနွေးပွဲ တခုမှာ မိန့်ခွန်းပြောခဲ့တာပါ။ အာရှဒေသက နည်းပညာ၊ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံပိုင်းမှာ အမေရိကန် ဒေါ်လာ ၁၁၃ သန်းသုံးစွဲမယ်လို့လည်း ကြေညာခဲ့ပါတယ်။ နိုင်ငံတခုခုရဲ့ လွှမ်းမိုးမှုမရှိစေတဲ့ လွတ်လပ် ပွင့်လင်းတဲ့အာရှဖြစ်ရေးအတွက် အမေရိကန်ကဆောင်ရွက်တာဖြစ်တယ်လို့ ပြောကြားခဲ့တာမို့ အာရှမှာ တရုတ်ရဲ့လွှမ်းမိုးလာမှုကို အမေရိကန်က တန်ပြန်ဖို့ကြိုးစားတာလို့ လေ့လာသူတွေက သုံးသပ်နေပါတယ်။

အမေရိကန်က Indo Pacific ဒေသမှာ စီးပွားရေးအရ ထိတွေ့ဆက်ဆံမှုတွေ တိုးလုပ်သွားဖို့ အစီအစဉ်ရှိတော့ မြန်မာနိုင်ငံနဲ့ရော တိုးမြှင့်ဖို့ အခြေအနေဘယ်လိုရှိပါသလဲ။ အမေရိကန် အာဆီယံစီးပွားရေးကောင်စီရဲ့ ပြောခွင့်ရ ကိုလှဘုန်းမြင့်က ခုလိုသုံးသပ်ပါတယ်။

"လောလောဆယ်မှာက အမေရိကန်-မြန်မာရေးရာ ပေါ်လစီက နှစ်ခုကွဲနေတယ်ပေါ့.။လွှတ်တော်ဘက်ကတော့ အမသိတဲ့အတိုင်းပဲ ရခိုင်အရေးက နံပတ်တစ် နေရာယူနေတယ်ပေါ့နော်။ ရခိုင်အရေးကိစ္စနဲ့စပ်လျဉ်းပြီးတော့ပဲ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်တော့မယ်ဆိုတဲ့အသံတွေ ထွက်နေတယ်။ အဲ့ ဒါပေမဲ့လည်း လွှတ်တော်က ဘယ်လောက်ပဲ အသံထွက်ထွက် အိမ်ဖြူတော်ဘက်ကနေ အတည်ပြုမှာပဲ စီးပွားရေးပိတ်ဆို့မှုကလည်း တကယ်တမ်းဖြစ်လာနိုင်တယ်။ အဲ့တော့ ကျနော်တို့က ကြည့်ရမယ့်ဟာတွေက အရေးတကြီးကြည့်ရမယ်ဟာတွေက အိမ်ဖြူတော်ဘက်က မြန်မာနိုင်ငံအရေးကို ဘယ်လိုမြင်နေလဲပေါ့။ အဲ့တာကိုကြည့်တဲ့အခါမှာ အနီးစပ်ဆုံး ကျနော်တို့ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့နှစ်လလောက်က အမေရိကန် အမျိုးသားအကြံပေးကောင်စီရဲ့ အကြီးအကဲတယောက် မြန်မာနိုင်ငံကို သွားတယ်။ အဲ့ဒီ့အခါမှာ ရခိုင်အရေးကို သူဆက်စပ်ပြီးပြောသွားတာကို ကျနော်နည်းနည်းပြောပြချင်တယ် အဲ့မှာ သူက ဘာပြောသွားလဲဆိုရင် ရခိုင်အရေးဟာ long term strategy ထားပြီးတော့ ဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်။ ချက်ခြင်း ဒီနေ့ဝင် ဖြေရှင်းလို့မရဘူး အဲ့တာကို သူတို့ သဘောပေါက်တယ်။ အဲဒီတော့ မြန်မာပြည်ရဲ့ NLD ဦးဆောင်တဲ့အစိုးရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက လုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို ဆက်ပြီးတော့ အမေရိကန်အစိုးရကနေ အားပေးပြီးတော့ တိုက်တွန်းသင့်တယ် တတ်နိုင်သမျှ အားပေးကူညီသင့်တယ်ဆိုပြီးတော့ ပြောတယ် အားပေးကူညီတဲ့နေရာမှာလည်း စီးပွားရေးရင်းနှီးမြုပ်နှံမှုကို တတ်နိုင်သလောက် လုပ်ကြပါဆိုပြီး အမေရိကန်အစိုးရကို တိုက်တွန်းသွားတယ်။ စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေ ဝင်လာမှ ဝင်လာတဲ့ရင်းနှီးမြုပ်နှံမှုနဲ့အတူတူ စီးပွားရေးတိုးတက်မှု လူမှုရေးတိုးတက်မှု ပညာရေးတိုးတက်မှုတွေနဲ့အတူတူ ဒီလိုမျိုး ရေရှည်ဖြစ်နေတဲ့ ပြဿနာကြီးကို အတူတကွာဖြေရှင်းနိုင်မှာဖြစ်တယ်ဆိုပြီး သူက အဲ့လိုပြောသွားတယ်။"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ စင်္ကာပူကိုအသွား မလေးရှားကို ဝင်ပြီး ဝန်ကြီးချုပ် Mahathir Mohamad နဲ့တွေ့ဆုံဖို့ရှိသလို၊ စင်္ကာပူက အပြန်အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတ Joko Widodo တို့နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ သူ့ရဲ့ အခုအာရှခရီးစဉ်ဟာ တတိယမြောက်ဖြစ်ပြီး သမ္မတ Donald Trump နဲ့အတူ စင်္ကာပူခရီးစဉ်တုန်းကတခေါက်၊ ဗီယက်နမ်နိုင်ငံကို တခေါက်သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG