သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့်ညီလာခံ ရိုဟင်ဂျာအရေး အလေးထား


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တာဝန်ယူကျင်းပတဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်း ရေးဆိုင်ရာ ပထမဆုံးအကြိမ် ညီလာခံ ပြီးဆုံးသွားပြီဖြစ်ပြီး ရိုဟင်ဂျာအရေးဟာ ညီလာခံအတွင်းမှာ အလေးထား ပြောဆိုဆွေး နွေးကြတဲ့ ကိစ္စရပ်တခုဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတဦးကပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းကို အမေရိကန်အစိုးရအနေနဲ့ ရှေ့ဆက်ပြီး တွန်းအားပေးလုပ်ဆောင်သွားမယ်လို့ ပြောတဲ့အကြောင်း ရိုဟင်ဂျာအရေး အမေရိကန်အခြေစိုက် လှုပ်ရှားဆောင်ရွက်နေသူတဦးကလည်း ပြောပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံပြောပြပါမယ်။

အမေရိကန်နိုင်ငံခြားရေးဌာနမှာ ဇူလိုင်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သုံးရက်ကြာကျင်းပတဲ့ ဘာသာရေး လွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ပထမဆုံးအကြိမ်ညီလာခံကို တက်ရောက်တဲ့ နိုင်ငံပေါင်း ၈၀ ကျော်က ကိုယ်စားလှယ်တွေထဲ အများအပြားက ရိုဟင်ဂျာအကျပ်အတည်းနဲ့ ပတ်သက်ပြီး ပြောဆိုကြတယ်လို့ အမေရိကန် နို်င်ငံခြားရေး ဌာန၊ ကမ္ဘာတဝန်း ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Sam Brownback က ညီလာခံအပြီးလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

“ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့၊ အဲဒီမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ အထူးသဖြင့် စိုးရိမ်တဲ့အကြောင်း တွေကို ကိုယ်စားလှယ်အများအပြားက ပြောကြပါတယ်။ ဒီဖြစ်ရပ်ကို လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုအဖြစ် ကျနော်တို့အနေနဲ့ သတ်မှတ်ထားပြီးသားပါ။ အဓိကအားဖြင့် ဘာသာရေးအရ လူနည်းစုတွေကို လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတာနဲ့ ပတ်သက် တဲ့ နောက်ထပ်အစီရင်ခံစာတွေလည်း ထွက်လာဖို့ရှိပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်အသိုက်အဝန်းအဖြစ် မြန်မာအစိုးရက သုံးနှုံးပြောဆိုဖော်ပြသူတွေကို နိုင်ငံတကာက ရိုဟင်ဂျာလို့ ခေါ်ဆိုသုံးစွဲပြီး အဲဒီအခေါ်အဝေါ်ကိုက အခြေအတင်ဖြစ်စရာ အဓိကအကြောင်းရပ်တခုဖြစ်နေသလို ခုချိန်ထိလည်း ဒီအပေါ်မှာ ပြေလည်မှုရသေးတာမဟုတ်ပါဘူး။

လက်ရှိဖြစ်နေတဲ့ အကျပ်အတည်းပြေလည်အောင် အမေရိကန်အစိုးရအနေနဲ့ တိုက်တိုက်တွန်းတွန်း လုပ်သွားမယ်လို့ ပြောတဲ့ အကြောင်း ညီလာခံတက်ရောက်သူတွေထဲက တဦးဖြစ်တဲ့ ရိုဟင်ဂျာအရေး အမေရိကန်အခြေစိုက်လှုပ်ရှားသူ ဒေါက်တာ ဝါကာ အူဒင်က ဗွီအိုအေကိုပြောပါတယ်။

"နားလည်မှုအတွက် အားလုံးအတူတူအေးအေးချမ်းချမ်းနေဖို့အတွက် အဲဒါကို ဦးဆောင်ပြီးတော့လုပ်မယ်လို့ ပြီးတော့ ရိုဟင်ဂျာအကြောင်းနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် Camp မှာရှိတဲ့ လူတွေ သူတို့ပြန်သွားပြီးတော့ ဟိုမှာအေးအေးချမ်းချမ်း လုံခြုံရေးနဲ့ နေဖို့အတွက် ပြီးတော့ ရခိုင် ဗုဒ္ဓဘာသာဝင်တို့နဲ့ အတူတူငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့အတွက် Religious perspective အရလုပ်မယ်လို့ပြောပါတယ်။"

ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့မူရင်းနေရာတွေဆီ ပြန်ပို့ရေး လုပ်ဆောင်ဖို့ မြန်မာ-ဘင်္ဂလား ဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူလက်မှတ် ရေးထိုးထားသလို ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR ၊ UNDP တို့နဲ့ မြန်မာ အစိုးရကြားမှာလည်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပါတယ်။ ဒီလိုအခြေအနေတွေကို တိုးတက်မှုအဖြစ် မြန်မာတာဝန်ရှိ သူတွေဘက်က ထောက်ပြပြောဆိုကြတာပါ။

ရိုဟင်ဂျာအကျပ်အတည်း ပြေလည်ရေးအတွက် အချက်သုံးချက်ကို အမေရိကန်အစိုးရက သတ်မှတ်လုပ်ဆောင်သွားမယ်လို့ ပြောတဲ့အကြောင်း ဒေါက်တာ ဝါကာ အူဒင်က ပြန်ပြောပြပါတယ်။

"ပထမအချက်က ရိုဟင်ဂျာဒုက္ခသည် နောက်ပြီးတော့ တခြား ရခိုင်မှာရှိနေတဲ့ ဒုက္ခသည်အားလုံးပေါ့လေဗျာ အားလုံးကို ကယ်ဆယ်ဖို့အတွက် ၊ သူတို့ပြဿနာဖြေရှင်းဖို့အတွက် ရည်ရွက်ချက်။ နောက် ရည်ရွက်ချက် ၂က ဆုံးရှုံးသွားတဲ့ နိုင်ငံသားအခွင့်အရေးကို ရိုဟင်ဂျာပြန်ရပြီးတော့ လူ့အခွင့်အရေးပြန်ရဖို့အတွက် အဲဒါကို အမေရိကန်အစိုးရက ကြိုးစားသွားမယ်။ ပြီးတော့ နံပတ် ၃ က Development တိုးတက်မှုပေါ့လေဗျာ ရခိုင်မှာရှိတဲ့ လူတွေအားလုံး ရိုဟင်ဂျာနဲ့ တခြားဘာသာဝင်တွေ အားလုံးအေးအေးချမ်းချမ်းနေပြီးတော့ ဒေသကို တိုးတက်ဖို့အတွက် ပညာရေး၊ စီးပွားရေး လူမှုရေး အားလုံးပေါင်းပြီးတော့ တိုးတက်ဖို့အတွက် အဲဒီ ၃ ခုအဓိက ရည်ရွယ်ချက်ရှိတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။"

အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ ကမ္ဘာတဝန်း ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးအတွက် နိုင်ငံစုံ ပါဝင်တဲ့ ပူးတွဲ ရန်ပုံငွေတရပ် ထူထောင်ဖို့၊ ကမ္ဘာတဝန်း ဘာသာရေးလွတ်လပ်ခွင့် လှုပ်ရှားလုပ်ဆောင်နေသူ ဘာသာပေါင်းစုံက လူပုဂ္ဂိုလ်တွေ အတွက် ခေါင်းဆောင်မှုဆိုင်ရာ အစီအစဉ်သစ်တခု အကောင်အထည်ဖော်ဖို့နဲ့ ပုဂ္ဂလိကနဲ့အစိုးရ ပူးပေါင်းပါဝင်တဲ့ ၃ ရက်ကြာ ဆွေးနွေးပွဲတခု လုပ်သွားဖို့ဆိုတာတွေကို ညီလာခံအဆုံးသတ်နေ့မှာ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကြေညာသွားပါ တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG