သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဘာသာရေးလွတ်လပ်ခွင့်ညီလာခံ ရိုဟင်ဂျာကိုယ်စားလှယ်တွေ တတ်ရောက်


(credit- MP U Shwe Maung)
(credit- MP U Shwe Maung)

မြန်မာနိုင်ငံတွင်းက အစ္စလာမ်နဲ့ ခရစ်ယာန် ဘာသာဝင်တွေ အထူးသဖြင့် ဘာသာရေး အရ ခွဲခြားဆက်ဆံခံနေရကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ကျင်းပနေတဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ညီလာခံမှာ တက်ရောက်သူ ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။ သိန်းနဲ့ချီ ထွက်ပြေးရတဲ့ ရိုဟင်ဂျာ ပဋိပက္ခ၊ မငြိမ်းနိုင်တဲ့ ကချင်ပြည်တွင်းစစ်တွေဟာ ဘာသာရေး အရ ခွဲခြားမှုတွေကို အခြေတည် ဖြစ်လာတာလို့လည်း ပြောဆိုကြပါတယ်။ ရိုဟင်ဂျာ ကိုယ်စားလှယ် အဖြစ် ဖိတ်ကြားခံရတဲ့ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ဘူးသီးတောင် ကိုယ်စားပြု လွှတ်တော် အမတ်ဟောင်း ဦးရွှေမောင်ကို မသိင်္ဂ ီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆွေးနွေးပွဲမှာ မြန်မာပြည်က ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြတဲ့ အခြေအနေကို လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင်က အခုလို စပြောပါတယ်။

"ဦးရွှေမောင်။ ။ ကျနော်တို့ အဓိကဆွေးနွေးတာကတော့ မြန်မာပြည်မှာ ဘာသာရေးလွတ်လပ်မှုက မှရှိဘူး။ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း ဘာသာရေးလွတ်လပ်မှုကအဆိုးရွားဆုံးအခြေအနေကို ရောက်နေတယ်။ အဲဒီမှာ အထူးသဖြင့်ခံနေရတာက နံပတ် ၁ အစ္စလာမ်ဘာသာဝင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေဖြစ်တယ်၊ နံပတ် ၂ ခရစ်ယာန်ဘာသာဝင်တွေဖြစ်တဲ့ ကချင်တိုင်းရင်းသားတွေက ဖိနှိပ်ခံနေရတယ်။ အဓိက ဖိနှိပ်ခံနေရတဲ့အကြောင်းကတော့ ဘာသာရေးကြောင့်ဖြစ်နေတယ်။ ဆိုတော့ အဲဒါလေးတွေပဲ အဓိကဆွေးနွေးတိုင်ပင်ညှိနှိုင်းကြတာပါ။

မေး။ ။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေထွက်ပြေးရတဲ့ ပြဿနာရဲ့ အရင်းခံက မြန်မာနိုင်ငံရဲ့ ခွဲခြားဆက်ဆံမှုကြောင့်လို့ ဆရာတို့က ဒီလိုများဆိုပါသလားရှင့်။

ဦးရွှေမောင်။ ။တခွန်းတည်းပြောရရင် အဲလိုသုံးသပ်တယ်။ ကျနော်သုံးသပ်ချက်ကတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သုံးသပ်ချက်နဲ့လည်း သွားတူနေတယ်။ အဓိကဖြစ်ရတဲ့ အကြောင်းအရင်းကို ကျနော်တို့ ရှာကြည့်ရင် အချက်တွေတော့အများကြီးရှိတယ်။ တကယ့်Key Point က ဘာသာရေးကြောင့်ပဲ။ ဘာသာရေးကြောင့်ခွဲခြားဆက်ဆံခံနေရတယ်၊ ဘာသာရေးနိတ်ကွက်မှုတွေခံနေရတယ်၊ အဲဒါအကျိုးဆက်အနေနဲ့ လူ ၁ သန်းနီးပါး ဒုက္ခသည်ဘဝကို ရောက်သွားပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတာတွေလည်း အားလုံးဇစ်မြစ်ကို ကြည့်ရင် ဘာသာရေးကြောင့်ဆိုတာ ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်။

မေး။ ။ကချင်ကိုယ်စားလှယ်တွေဘက်ကရော ကချင်ပြည်တွင်းစစ်ဟာ ဘာသာရေးအရ ခွဲခြားဆက်ဆံတာလို့ သူတို့ သုံးသပ်ကြပါသလား။

ဦးရွှေမောင်။ ။ နိုင်ငံခြားရေး ဝန်ကြီးဌာနအစည်းအဝေးအတွင်းမှာတော့ ဆွေးနွေးမှုတွေမှာတော့ မကြားမိဘူးပေါ့နော် ။ အဓိက အစည်းအဝေးနဲ့ အပြိုင် Washington D.C မှာ Side events တွေက ၅၀ ကနေ ၁၀၀ အကြားမှာ ရှိတယ်။ အဲဒီ Side events မနေ့က တခုမှာလည်း ကချင်တိုင်းရင်းသားခေါင်းဆောင်တဦးကလည်း ခုနက ကချင်ပြည်နယ်မှာဖြစ်တဲ့ ဖြစ်စဉ်တွေ ၊ ဆရာမ ၂ ဦးအသတ်ခံရတာတွေ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအားလုံးက ဘာသာရေးနဲ့ ဆက်နွယ်နေတယ်လို့ သုံးသပ်တင်ပြတာရှိပါတယ်။

မေး။ ။အခု အရပ်သားအစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဒီကွဲပြားမှု ၊ ခွဲခြားမှုကို ကိုင်တွယ်လိုစိတ်ပါသလား၊ ကိုင်တွယ်ဖြေရှင်းနေပါသလား ဘယ်လိုမြင်ပါသလဲ။

ဦးရွှေမောင်။ ။လွတ်လပ်မှုရှိတယ်ဆိုတာကို လက်တွေ့အနေနဲ့ လုပ်တာ ဘာပဲရှိလဲဆိုတော့ ဆုတောင်းပွဲလုပ်တာပဲ ရှိတယ်။ ဆုတောင်းတာနဲ့တော့ ဘာသာရေးလွတ်လပ်မှုကို အကောင်အထည်မဖော်နိုင်ဘူး။ ဆုတောင်းတာက ၁-၂ နာရီ၊ တရက် ၂ ရက် လောက်ပဲ ။ တကယ့်လက်တွေ့မှာ ဘာသာရေးလွတ်လပ်မှုကို ပေးသလား။တန်းတူအခွင့်အရေး ပေးသလား။ လူနည်းစုဘာသာဝင်တွေကို တကယ်ပဲ ဥပဒေနဲ့ အကာအကွယ်ပေးသလား၊ ဖွဲ့စည်းပုံမှာရှိတာကတော့ ကျနော်လည်းသိပါတယ်။ မှန်တယ် ဥပဒေလည်းရှိတယ် ဒါပေမယ့် ခက်တာက ကျနော်တို့မှာ တရားဥပဒေစိုးမိုးမှုမရှိဘူးပေါ့နော်။ Rule of Law မရှိဘူး ။ ဖွဲ့စည်းပုံထဲမှာတော့ရှိတယ် ဥပဒေထဲမှာရှိတာနဲ့ ကျနော်တို့က မပြီးဘူး လက်တွေမှာ အကောင်အထည်ဖော်ရမှာသည် လက်ရှိနိုင်ငံတော်အစိုးရတာဝန်ဖြစ်တယ်။"

လွှတ်တော် အမတ်ဟောင်း ဦးရွှေမောင်ဟာဆိုရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားပြုပြီး ၂၀၁၀ ပြည့်နှစ်မှာ ရခိုင်ပြည်နယ်တွင်းက မူဆလင် အများစု နေထိုင်ရာ ဘူးသီးတောင်မြို့နယ်မှာ ရွေးကောက်ပွဲ အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG