သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဝန်ကြီး Pompeo မြောက်ကိုရီးယားကိုထွက်ခွါ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ဇူလိုင်လ ၆ ရက်၊ သောကြာနေ့မှာ ပြုံယမ်း မြို့တော်ကို ရောက်မှာဖြစ်ပြီး မြောက်ကိုရီးယား တာဝန်ရှိသူတွေနဲ့ နှစ်ရက်ကြာ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါဟာ ဝန်ကြီး Pompeo ရဲ့ တတိယအကြိမ် မြောက်ကိုရီးယားခရီးစဉ်ဖြစ်ပြီး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ Kim Jong Un တို့ ဇွန်လ ၁၂ ရက် နေ့က စင်္ကာပူမှာ ထိပ်သီးအစည်းအဝေး လုပ်ပြီးတဲ့နောက် ပထမဆုံးပါ။ ဒီခရီးစဉ်နဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Victor Beattie က ကိုရီးယားရေးရာ ကျွမ်းကျင်သူတဦးကို ဆက်သွယ်မေးမြန်းထားတာအပေါ် အခြေခံပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

နျူကလီးယားကင်းရှင်းရေးကို ဦးတည်တဲ့ တိုးတက်မှုကောင်းတွေ ရထားပြီးပြီလို့ သမ္မတထရမ့်ပ်က ဒီသီတင်းပတ်အတွင်း ပြောထားပါတယ်။ မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ နျူကလီးယားလက်နက်တွေကို တနှစ်အတွင်း ဖျက်သိမ်းပစ်နိုင်ခြေရှိတယ် လို့ သမ္မတထရမ့်ပ်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် John Bolton က ပြောထားပါတယ်။ ဒါပေမဲ့ တခြား အမေရိကန် တာဝန်ရှိသူတွေကတော့ သမ္မတထရမ့်ပ်ရဲ့ လက်ရှိသမ္မတသက်တမ်း ကုန်ဆုံးမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ မြောက်ကိုရီးယား နျူကလီးယားဖျက်သိမ်းရေး ဖြစ်နိုင်ခြေရှိမယ်လို့ ဆိုကြပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယား တာဝန်ရှိသူတွေ ကိုရီးယားနှစ်နိုင်ငံနယ်စပ် Panmunjom စစ်မဲ့ အပစ်ရပ် ကျေးရွာမှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ဝန်ကြီး Pompeo မြောက်ကိုရီးယားကို သွားတာပါ။

အမေရိကန်ဘက်က နျူကလီးယားကင်းရှင်းရေးလို့ ပြောနေတာဟာ မြောက်ကိုရီးယားနဲ့ပဲ သက်ဆိုင်ပြီး မြောက်ကိုရီးယားအနေနဲ့ ကတော့ ဒါဟာ ကိုရီးယားနှစ်နိုင်ငံစလုံးနဲ့ သက်ဆိုင်တယ်လို့ သတ်မှတ်တဲ့အတွက် နှစ်ဘက်ကြားမှာ ကွဲပြားနေတယ်လို့ အမေရိကန်၊ မက်ဆာချူးဆက်ပြည်နယ်၊ Tufts တက္ကသိုလ်က ကိုရီးယားလေ့လာရေးဌာန လက်ထောက်ပါမောက္ခ Sung Yoon Lee က ပြောပါတယ်။

“ကိုရီးယားနှစ်နိုင်ငံစလုံးအနေနဲ့ နျူကလီးယားကင်းရှင်းအောင် တဆင့်ချင်း လုပ်ဆောင်သွားဖို့ မြောက်ကိုရီးယားက တသမတ်တည်း တောင်းဆိုနေပြီး အလျှော့ပေးလိုက်လျောမှု တခုချင်းစီအတွက် အပြန်အလှန်အားဖြင့် အလျှော့ပေးလိုက်လျော မယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ကျနော့်အမြင်မှာတော့ Kim Jong Un က သိသာထင်ရှားတဲ့ အလျှော့ပေးလိုက်လျောမှု တခုမှ မလုပ်သေးပါဘူး။ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်တာတွေကို ထပ်မလုပ်ဘူးလို့ Kim Jong Un ကပြောထားပါတယ်။ အဲဒါတွေကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၀ ခုကျော်နဲ့ ပိတ်ပင်ကန့်သတ်ထားတဲ့ ကိစ္စတွေပါ။”

Kim Jong Un ဟာ တကယ်ပဲ နျူကလီးယားကင်းရှင်းရေး ရည်ရွယ်ချက်ရှိရဲ့လားဆိုတဲ့အပေါ် အမေရိကန် ထောက်လှမ်းရေး အဖွဲ့အစည်းတွေက သံသယရှိကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ပုံဖျက် ဖုံးကွယ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ထားပါတယ်။

မြောက်ကိုရီးယားဟာ နှစ်ပေါင်းများစွာ ဒီလိုလုပ်လာတာပဲလို့ Sung Yoon Lee ကပြောပါ တယ်။

“မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ ပြန်ပြီး ထိတွေ့ဆက်ဆံမယ်လို့ အဆက်မပြတ် ပြောဆိုတာ၊ လိမ်လည်တာ၊ ဒေါ်လာဘီလီယံပေါင်းများစွာ ရဖို့အတွက် မဟာဗျူဟာကျကျ လှည့်ဖျားပြောဆိုတာ စတာတွေလုပ်ပြီး သူတို့ရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်စွမ်းရည်တွေ ပိုကောင်းလာအောင် လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း တောက်လျှောက် လုပ်လာတာပဲဖြစ်ပါတယ်။”

မြောက်ကိုရီးယားဆီကနေ တကယ်တမ်း ရဖို့လိုအပ်တာကို ဝန်ကြီး Pompeo ရအောင် လုပ်နိုင်မယ်လို့ Sung Yoon Lee က သိပ်ကြီး မျှော်လင့်ချက် မထားလှပါဘူး။ အဲဒါကတော့ သူတို့မှာရှိတဲ့ နျူကလီးယားလက်နက်တွေကို အပြည့်အဝ ဖွင့်ချပေးဖို့နဲ့ နျူကလီးယားကင်းရှင်းရေးဆိုင်ရာ အတည်ပြု သက်သေပြလို့ရတဲ့ လုပ်ဆောင်ချက်တခုကို အသေးစိတ်အချိန်ဇယားနဲ့တကွ ချပြဖို့ပဲဖြစ်ပါတယ်။

ဝန်ကြီး Pompeo ဟာ မြောက်ကိုရီးယားမှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် အဲဒီဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး ဂျပန်နဲ့ တောင်ကို ရီးယား နိုင်ငံခြားရေးဝန်ကြီးတွေကို တိုကျိုမြို့တော်မှာ ရှင်းလင်းပြောဆိုမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG