သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AI အန္တရာယ်အလားအလာ ပုပ်ရဟန်းမင်းကြီး သတိပေး


ပုပ်ရဟန်းမင်းကြီးဖရန်စစ်က Artificial Intelligence လို့ ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာရဲ့ အလားအလာရှိတဲ့အန္တရာယ်တွေကို ကမ္ဘာတဝန်း ပြန်လည်သုံးသပ်ကြဖို့ အင်္ဂါနေ့ကတောင်းဆိုလိုက်ပြီး ခေတ်နည်းပညာသစ်ရဲ့ "အဖျက်သဘော အသုံးပြုနိုင်ခြေနဲ့ ကွဲပြားတဲ့ သက်ရောက်မှုတွေ" ကိုသတိပြုကြဖို့ နှိုးဆော်ပါတယ်။

"AI နည်းပညာအသုံးပြုရာမှာ ကူကယ်ရာမဲ့သူတွေနဲ့ ဖယ်ကြဥ်ခံရသူတွေကို ထိခိုက်နစ်နာစေတဲ့ အကြမ်းဖက်မှုနဲ့ခွဲခြားဆက်ဆံမှုတွေကို အုတ်မြစ်အဖြစ် အခြေမခံမိဖို့ လိုကြောင်း” ကက်သလစ်အသင်းတော်ရဲ့ နှစ်သစ်ကူးနေ့မှာ ကျရောက်မယ့်ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အကြိုကြေညာချက်ထုတ်ပြန်ရာမှာ ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း မှာကြားခဲ့တာပါ။

"လူသားမျိုးနွယ်စုအပေါ် ဝန်ဆောင်မှုပေးနိုင်ဖို့နဲ့ လူသားတွေရဲ့ဘုံနေရာ ကမ္ဘာကြီးကို အကာအကွယ်ပေးနိုင်ရေးအတွက် ဉာဏ်ရည်တုနည်းပညာကို တာဝန်သိသိနဲ့ လမ်းကြောင်းမှန်မှန်အသုံးပြုဖို့ အရေးတကြီးလိုအပ်နေပြီး ပညာရေးနဲ့ ဥပဒေနယ်ပယ်အထိကျင့်ဝတ်ဆိုင်ရာ ထင်မြင်ယူဆချက်တွေကို ချဲ့ထွင်ကာ ပြန်လည်သုံးသပ်ဖို့ လိုတယ်။” လို့ ပြောပါတယ်။

သက်တော် ၈၆ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ဖရန်စစ်ဟာ အရင်က နည်းပညာနဲ့ကွန်ပျူတာဆိုင်ရာမှာ အားနည်းသူအဖြစ် ထုတ်ဖော်ဝန်ခံထားဖူးပေမယ့် အင်တာနက်၊ လူမှုကွန်ရက်နဲ့ စာတိုပို့စနစ် စတဲ့ ခေတ်နည်းပညာတွေက "ဘုရားသခင်ရဲ့ လက်ဆောင်" လို့ အရင်ကညွှန်းဆိုဖူးပြီး “ပညာရှိနည်းနဲ့ ကောင်းကောင်းမွန်မွန် အသုံးပြုရင်” အကျိုးကျေးဇူးများတယ်လို့လည်း ပြောဖူးပါတယ်။

၂၀၂၀ ခုနှစ်တုန်းကလည်း ဗာတီကန်နန်းတော်ဟာ AI ရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရေး၊ မျက်နှာပုံရိပ်ဖမ်းနည်းပညာလို ပုဂ္ဂလိက ဘဝတွေကို ကျူးကျော် ဝင်ရောက်လာတဲ့ အကဲဆတ်တဲ့နည်းပညာတွေကို စည်းကမ်းတကျအသုံးပြုနိုင်ရေး စည်းမျဉ်းတွေချမှတ်နိုင်ဖို့ Microsoft၊ IBM အစရှိတဲ့ နည်းပညာ ကုမ္ပဏီကြီးတွေနဲ့ လက်တွဲ လုပ်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG