သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ခုခံစစ် ကြေညာချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ သဘောထား


PPST အွန်လိုင်းအစည်းအဝေး (ဓာတ်ပုံ-NCA S-EAO/fb)
PPST အွန်လိုင်းအစည်းအဝေး (ဓာတ်ပုံ-NCA S-EAO/fb)

NUG ခုခံကြေညာချက် အပေါ် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ သဘောထား

{{Zawgyi/Unicode}}

NUG အမျိုးသားညီညွတ်ရေးအစိုးရက ခုခံတွန်းလှန်စစ် ကြေညာလိုက်တဲ့အပေါ် NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က နိုင်ငံရေးကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်ပြီး တစ်စုံတစ်ရာ မှတ်ချက် ပေးပြောဆိုတာ မရှိပါဘူး ။ PPST လက်နက်ကိုင် ၁၀ ဖွဲ့အနေနဲ့ NCA မူအတိုင်း တွေ့ဆုံဆွေးနွေးရေးကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး NUG နဲ့ ပူးပေါင်းဆောင်ရွက်ရေးကတော့ တစ်ဖွဲ့ချင်းအလိုက် ဆုံးဖြတ် ဆောင်ရွက်နိုင်တယ်လို့ အဖွဲ့တာဝန်ရှိသူကပြောပါတယ်။ ရန်ကုန်ကလာတဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ရပ်တည်ချက်ကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။

NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်းဝေးကို ဒီလ ၇ ရက်နေ့ကနေ ၉ရက်နေ့ထိ Online ကတဆင့် ဆွေးနွေးခဲ့တာပါ။

ဒီအစည်းအဝေးအပြီးမှာ ကြေညာချက် ထုတ်ပြန်တာမရှိဘဲ ဦးဆောင်မှုအလုပ်အဖွဲ့ကိုယ်စား ဗိုလ်မှုးကြီး စိုင်းငင်းရဲ့ မိန့်ခွန်းကိုသာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီမိန့်ခွန်းမှာ ဒီလ ၇ ရက်နေ့က NUG အမျိုးသားညီညွတ်ရေးအစိုးရက အရေးပေါ်အခြေအနေကြေညာတာဟာ ထူးခြားတဲ့ အခြေအနေမှာ နိုင်ငံရေးတောင်းဆိုချက်အရ NUG ရဲ့ နိုင်ငံရေးကြိုးပမ်းမှုတစ်ရပ်သာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရက အရေးပေါ်အခြေအနေကြေညာတဲ့အပေါ် PPST ရဲ့ ရပ်တည်ချက်ကို သိနိုင်ဖို့ ဦးဆောင်မှုအလုပ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှုးကြီး ခွန်ဥက္ကာကို VOA မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“အဲဒီ D Day ကိစ္စက ထူးခြားတဲ့ နိုင်ငံရေးဖြစ်စဉ်အောက်မှာ NUG ကနေပြီးတော့ နိုင်ငံရေး တောင်းဆိုမှုအရ လုပ်လိုက်ရတယ်လို့ မြင်တယ်ပေါ့ဗျာ။ ကျနော်တို့က အဲဒါကို မှန်တယ်လို့လည်း ကျနော်တို့ မပြောဘူး။ မှားတယ်လို့လည်း ကျနော်တို့ မပြောဘူး။ ကျနော်တို့က Comment (မှတ်ချက်) မပေးဘူးပေါ့ဗျာ။ သဘောထားမပေးဘူးပေါ့။ အဲဒါကို ကျနော်တို့က စာထဲမှာ ထုတ်ရေးထားတာရှိပါတယ်။ ”

PPST အဖွဲ့ဝင်တွေအနေနဲ့ တစ်ဖွဲ့ချင်းအလိုက် NUG နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်းလည်း အခုလို ဆက်လက်ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေကိုဖွင့် ထားပေးတယ်လေ။ မည်သူမဆို ပူးပေါင်းဆောင်ရွက်ချင်ရင်သွားလုပ်၊ အပြန်အလှန် မိတ်ဆွေဖွဲ့ပြီးတော့ လုပ်ချင်လည်းလုပ်၊ မဟာမိတ် ဖွဲ့ချင်လည်း ဖွဲ့၊ အဲဒီလိုတော့ အဆင့်လိုက်အဆင့်ပေါ့ဗျာ။ အဲဒီလို ကြီးမားတဲ့အပြောင်းအလဲ လှုပ်ရှားမှု တစ်ခုအပေါ်မှာတော့ PPST တစ်စုံလုံးအနေနဲ့ကတော့ သဘောထားမပေးဘူးပေါ့။”

PPST အနေနဲ့ NCA မူအတိုင်း ဆက်လက်ရပ်တည်သွားမှာ ဖြစ်ကြောင်းလည်း ဗိုလ်မှုးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“တကယ်တော့ ကျနော်တို့က NCA မှာ ပါတဲ့အတိုင်းပေါ့။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရန် အင်အားသုံးပြီး စစ်ရေးအရ မဖြေရှင်းဖို့ သဘောတူထားတယ်လေ။ တူထားတော့ သဘောတူတဲ့အတိုင်းပဲ ကျနော်တို့ကတော့ အဲဒီမူပေါ့။”

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာမယ်ဆိုရင် NCA မူအရ အစိုးရ၊ လွှတ်တော်၊ တပ်မတော် စတဲ့ အစုအဖွဲ့ အစုံပါဝင်ရမှာဖြစ်တာကြောင့် ရွေးကောက်ခံအစိုးရသစ်တရပ် ပေါ်ပေါက်ရေးကို ဆက်လက် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့က ပြီးဆုံးသွားတဲ့ PPST အစည်းအဝေးမှာတော့ နိုင်ငံရေး ရည်မှန်းချက် ၇ ရပ်ကို ချမှတ်ထားပါတယ်။
အဲဒီအချက်တွေထဲမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် အားလုံးပြန် လွှတ်ပေးပြီး ဆွေးနွေးအဖြေရှာရေး၊ ဆွေးနွေးရာမှာ သက်ဆိုင်သူအားလုံးပါဝင်ပြီး နိုင်ငံတကာပံ့ပိုးမှုနဲ့ ဆွေးနွေးဖို့၊ တိုင်းပြည်အာဏာကို အရပ်သားကိုယ်စားလှယ်အုပ်ချုပ်မှုနဲ့ ဒီမိုကရေစီဘောင်အတွင်းကနေ အမြန် ပြန်လွဲှပြောင်းရေး ကို အဖြေရှာဖို့ စတာတွေ ပါဝင်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ပြီးဆုံးသွားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေ အပေါ် အခုလို သုံးသပ်ထားပါတယ်။

“ သူတို့ ဆုံးဖြတ်ချက်ကို ခြုံငုံကြည့်လိုက်လို့ ရှိရင်တော့ နိုင်ငံတကာ အာဘော်ပေါ့။ တွေ့ဆုံညှိနှိုင်းဖြေရှင်းရေးကို နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ပေါ့ဗျာ။ ဒါပေမဲ့ သူတောင်းဆိုထားတဲ့အထဲမှာတော့ အခု အဖမ်းခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ချက်ချင်း ပြန်လွှတ်ပေးဖို့၊ သူတို့အပါအဝင်တွေ့ဆုံဆွေးနွေးဖို့ ဆိုတဲ့ အခြေအနေက တစ်ခုပေါ့။ ဒါပေမဲ့ NCA လမ်းကြောင်းကလည်း ရည်ရွယ်ချက်အနေနဲ့ ဆက်ထားပုံတော့ ရတယ်။ လတ်တလော အကောင်အထည်ဖော်လို့ ရနိုင်တဲ့ ပုံစံတော့ မတွေ့ရပါဘူး။ ဒါတော့ သူတို့ ဆွေးနွေးပွဲမှာ ဆုံးဖြတ်တဲ့ အချက်တွေအပေါ် မူတည်ပြီး သုံးသပ်ရတာပေါ့။”

PPST မှာ ပါဝင်တဲ့ချင်းအမျိုးသားတပ်ဦး CNF က NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တရားဝင် ကြေညာထားပြီး ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်မဟာအချို့ကတော့ လက်ရှိမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိသလို လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တွေကို စစ်ရေးအရ အကူအညီပေးနေတာတွေ ရှိပါတယ်။ ဒီ့အတွက် KNU ခေါင်းဆောင်တွေကြား သဘောထားကွဲမှုတွေရှိတယ်လို့ မြင်နေရပါတယ်။

..............................................

တိုက်ရိုက် လင့်ခ်


{{Unicode}}















XS
SM
MD
LG