သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ ပြည့် ရွေးကောက်ပွဲ မဲဆန္ဒရှင်အားလုံး မဲပေးနိုင်ဖို့ ပြင်ဆင်နေ


ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်ရုံးမှာ နိုင်ငံရေး ပါတီတွေ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ တွေ့ဆုံ
ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်ရုံးမှာ နိုင်ငံရေး ပါတီတွေ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ တွေ့ဆုံ

၂၀၂၀ ပြည့်နှစ်မှာကျင်းပဖို့ စီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲကို မြို့နယ်တိုင်းမှာ ကျင်းပနိုင်အောင် လုပ်သွားမှာဖြစ်ပြီးတော့ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်အောင် လုပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ အရင်ရွေးကောက်ပွဲ တွေမှာ မဲဆန္ဒရှင်စာရင်းနဲ့ ပတ်သက်ပြီး အငြင်းပွားတာတွေ ကြုံခဲ့ရပြီးတဲ့နောက် လာမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း မူကြမ်းတခုကို ဒီဇွန်လကုန်ကစလို့ ၃ လကြာ စီမံချက်နဲ့ ကောက်ယူပြုစုဖို့လည်း ပြင်ဆင်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မမေခ ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်မှန်တဲ့ မဲစာရင်းတွေရဖို့နဲ့ မဲပေးခွင့် ဆုံးရှုံးတာတွေ မဖြစ်ဖို့ ဒီစီမံချက်ကို လုပ်ဆောင်တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ နိုင်ငံရေး ပါတီတွေ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေနဲ့ ဒီကနေ့တွေ့ဆုံချိန် အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က အဲဒီလို ပြောသွားတာပါ။

“မြို့နယ်တိုင်းမှာ ရွေးကောက်ပွဲကျင်းပ နိုင်အောင်လုပ်သွားမယ်။ စစ်ဘေးရှောင်တွေ၊ မသန်စွမ်းတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ အကုန်မဲပေးနိုင်သူတွေ အကုန်မဲပေးနိုင်ဖို့ လုပ်သွားမယ်။ သူတို့တွေ ဘယ်နေရာမှာပဲ ရှိနေသလဲ သူတို့မဲပေးနိုင်အောင် ဘယ်လိုလုပ်မလဲ။ ဒါတွေက ခုအချက်အလက်တွေရလာရင် သူတို့မကျန်ဘဲ ရှိအောင် လျာထားနိုင်အောင်လုပ်ဖို့ လုပ်ထားပါတယ်”

မဲစာရင်းမူကြမ်းတွေကို သက်ဆိုင်ရာ အခြေစိုက် နိုင်ငံရေးပါတီတွေကို CD ချပ်တွေနဲ့ပေးမယ်လို့ ကော်မရှင်ကပြောပါတယ်။ ဒီစီမံချက်ကနေ ပြီးပြည့်စုံတဲ့ မဲစာရင်း တခုထွက်လာမယ်လို့ ကော်မရှင်က ယုံကြည်နေပါတယ်။

တပြည်လုံးအတိုင်းအတာနဲ့ လုပ်ဆောင်ဖို့ပြင်ဆင်နေတဲ့ သူတို့စီမံချက်နဲ့ ပတ်သတ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်မောင်အေးက အခုလိုပြောပါတယ်။

“လက်ရှိ ၂၀၁၉ ခုနှစ် ဇွန်ကနေ သြဂုတ်လ အထိလူဦးရေ စာရင်းပြုစုမယ်။ တပြိုင်နက်ထဲ ဇွန်ကနေ စက်တင်ဘာထိ အခြေခံ မဲစာရင်းရအောင် လုပ်မယ်။ ဒီမဲစာရင်းက အခြေခံမဲဆန္ဒ နယ်စာရင်းပဲ ဖြစ်တယ်။ ရပ်ကွက်ထဲမှာ နေထိုင်တဲ့စာရင်းနဲ့ ပေါ်နေပေမယ့် အမှန်တကယ် မနေတဲ့ သူတွေကိုလည်း စာရင်းကောက်ပါမယ်။ ပြုစုမှာ ၂ မျိုးပါ။ အမှန် တကယ်နေတာတမျိုး၊ မနေတဲ့ သူတွေက တမျိုးကောက်မှာပါ။ ဒါတွေစုံရင်ပြည့်စုံတဲ့ မဲစာရင်းရပါမယ်။”

ဒီလိုကောက်ယူဖို့ ပြင်ဆင်နေတာနဲ့ ပတ်သတ်လို့ IPACE ရွေးကောက်ပွဲစောင့်ကြည့်လေ့ လာရေးအဖွဲ့က စိုင်းရဲကျော်စွာမြင့်ကတော့ ပြည့်စုံတဲ့ မဲစာရင်း တခု ရဖို့ဆိုရင် ကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေအတွက် မဲစာရင်းကောက်ယူတာမှာ သုံးတဲ့နည်းလမ်းတွေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တွေ့ကြုံခဲ့ရတဲ့ တွေ့ရှိချက်တွေကို အရင် စုစည်းသုံးသပ်ပြီးမှသာ စီမံချက်တခု ရေးဆွဲလုပ်ဆောင်သင့်တယ်လို့ အကြံပြုပါတယ်။

“အဓိကကတော့ တနိုင်ငံလုံးစာရှိတဲ့ပြဿနာကို ခြုံငုံကြည့် ပြီးတော့မှ တနိုင်ငံလုံးစာ မူဝါဒ ချလုပ်စေချင်တယ်။ အဲလိုမှထိရောက်မယ်။ အခုကကျတော့ မဲစာရင်းတွေက ဖောင်းပွနေတဲ့ ပြဿနာပေါ်မှာ အခြေခံပြီးစဉ်းစားတဲ့ စဉ်းစားချက်မျိူး ဖြစ်နေတယ်လို့ သုးသပ်ချင်တယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မြို့နယ် ၄၀ နီးပါးလောက်မှာ နယ်မြေအေးချမ်းမှုမရှိလို့ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG