သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New Hampshire ပြည်နယ် ပါတီတွင်းသမ္မတလောင်းရွေးပွဲအကြိုသုံးသပ်မှု


Nikki Haley and Donald Trump
Nikki Haley and Donald Trump

ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ ထိပ်ဆုံးကအသာစီးရနေတဲ့ သမ္မတဟောင်း Donald Trump ကို ယှဉ်ပြိုင်နိုင်မယ့်သူလို့ ယူဆထားတဲ့ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis နုတ်ထွက်သွားပါပြီ။ ဒါကြောင့် ဒေသစံတော်ချိန် အင်္ဂါနေ့ New Hampshire ပြည်နယ်မှာကျင်းပမယ့် ပါတီတွင်းသမ္မတလောင်းရွေးပွဲမှာ ပြိုင်ဘက်တဦးတည်းသာကျန်တော့တဲ့ အမေရိကန်သံအမတ်ကြီးဟောင်း Nikki Haley အတွက် Trump ကိုယှဉ်နိုင်ကြောင်းပြသဖို့ သူ့အနေနဲ့ နောက်ဆုံးအခွင့်အလမ်းလို့ သုံးသပ်ချက်တွေရှိနေပါတယ်။ အမေရိကန်နိုင်ငံရေးကို စောင့်ကြည့်နေတဲ့ နယူးရောက်က မြန်မာနွယ်ဖွား ကိုမိုးချမ်းကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ အမေရိကန်ပြည်ထောင်စုတွင်း သတင်းဌာနတချို့ရဲ့ စစ်တမ်းတွေအရ New Hampshire ပြည်နယ် မဲဆန္ဒရှင်တွေရဲ့ ၅၀ ရာခိုင်နှုန်း Donald Trump ကိုထောက်ခံပြီး Nikki Haley ကိုတော့ ၃၉ ရာခိုင်နှုန်း ထောက်ခံကြတယ်လို့ဆိုတယ်။ အဲတော့ ဒေသစံတော်ချိန် အင်္ဂါနေ့မှာ New Hampshire ပြည်နယ်မှာ ကျင်းပမယ့် ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်းရွေးပွဲအခြေအနေကို ကိုမိုးချမ်း ဘယ်လို သုံးသပ်လဲ။

ကိုမိုးချမ်း။ ။ ကျနော့်အနေနဲ့က Nikki Haley အမျိုးသမီး တက်လာဖို့အတွက် မျှော်လင့်တယ်။ Nikki Haley တက်လာတယ်ဆိုရင် ရီပတ်ဘလစ်ကန်ပါတီအတွက်တင်မကဘူး၊ ရွေးကောက်ပွဲတခုလုံးအတွက်ပါ အတော်လေးကို လှုပ်လှုပ်ရွရွ ဖြစ်သွားလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကားမှာ ပထမဦးဆုံး အမျိုးသမီးသမ္မတဖြစ်ဖို့အတွက်ကို ဒီမိုကရက်က တချိန်က ဟီလာရီကလင်တန်နဲ့ ကြိုးစားခဲ့ပေမဲ့လို့ မအောင်မြင်ခဲ့ဘူး၊ အကယ်၍ ရီပတ်ဘလစ်ကန်က ဦးဆောင်ပြီးတောင် တင်လိုက်နိုင်လို့ ရှိရင်တော့ တော်တော်လေး လှုပ်လှုပ်ရွရွ ဖြစ်သွားမယ်လို့ ကျနော်မျှော်လင့်တယ်။ အဲဒါမျိုးဆိုလို့ရှိရင်တော့ ဒီမိုကရက်ဘက်ကလည်း.... ဒီမိုကရက်တော့ မဟုတ်ဘူးပေါ့၊ အထူးသဖြင့် ကြားကလူတွေပေါ့နော်၊ silent majorities လို့ ခေါ်မှာပေါ့၊ အဲဒီ independent အနေနဲ့သော်လည်းကောင်း၊ ကြားကလူတွေအနေနဲ့သော်လည်းကောင်း Nikki Haley အနေနဲ့ နည်းနည်းလေး ဆွဲဆောင်မှုလုပ်နိုင်မယ်လို့ ကျနော် ယူဆတယ်၊ အဲလိုလူမျိုးတွေကို။

အင်ကြင်းနိုင်။ ။ အခုယှဉ်ပြိုင်မယ့် New Hampshire ပြည်နယ်မတိုင်ခင် အိုင်အိုဝါပြည်ရွေးကောက်ပွဲမှာ Nikki Haley ထောက်ခံမှု သိပ်မရခဲ့တဲ့အပေါ်ကိုရော ဘယ်လိုမြင်လဲ။

ကိုမိုးချမ်း။ ။ Nikki Haley အနေနဲ့က ရှင်းရှင်းပြောရရင် ပွဲဦးထွက်နော်- အိုင်အိုဝါဆိုတာက ပွဲဦးထွက်မှာ ဘယ်လိုဖြစ်မယ်ဆိုတာ သူတို့အနေနဲ့ ခန့်မှန်းရခက်နေတယ်။ ဘာကြောင့်ခန့်မှန်းရခက်မလဲဆိုတော့ သာမန်ပြည်သူတွေကလည်းပဲ သာမန် ရီပတ်ဘလစ်ကန်ပါတီဝင်တွေကလည်းပဲ မဲလာထည့်ကြရတာဖြစ်တဲ့အတွက်ကြောင့် ဘယ်သူတွေက ဘယ်လောက်ထိ ဘယ်လိုမျိုး မဲထည့်ကြမလဲဆိုတာကို သူတို့အနေနဲ့ မခန့်မှန်းနိုင်ဘူးပေါ့။ အကြမ်းဖျင်း သူတို့ခန့်မှန်းနိုင်တာကတော့ ခေါင်းဆောင်တွေပေါ့၊ ခေါင်းဆောင်တွေအနေနဲ့ ဘယ်သူ့ဘက်ကရပ်တည်မလဲ၊ ဘယ်လိုရပ်တည်မလဲ-အဲဒါမျိုးလောက်ကိုပဲ မျှော်လင့်ပြီးတော့မှ ခေါင်းဆောင်တွေက ဒီလိုရပ်တည်ရင် သူ့နောက်ကပြည်သူလူထုက ပါလာမှာပဲ' ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပဲ သွားနေရတဲ့အနေအထားပေါ့။ ...ဆိုတော့ ပွဲဦးထွက်က အဲဒီမှာ ခန့်မှန်းရခက်သွားတယ်။ ဒါပေမဲ့ ပွဲဦးထွက်က ပြီးသွားပြီ။ နောက်တဆင့်ရောက်တဲ့ နယူးဟမ့်ရှိုင်းယားပြည်နယ်ရောက်တဲ့အချိန်မှာတော့ ဒါက အနေအထားတခု,...သိလာပြီ။ လမ်းစရလာပြီပေါ့။ အဲဒီအပေါ်မှာ လမ်းစကို ထပ်နင်းလာပြီပေါ့၊ ထပ်နင်းလာတဲ့အချိန်ကျတော့ အခုဆိုရင် မီလျံနာသူဌေးတွေက Nikki Haley ဘက်ကနေပြီးတော့မှ ပိုပြီးတော့ တွန်းအားတွေ ပေးလာတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သိတယ်။ ဒေါ်နယ်ထရမ့်သာ ရီပတ်ဘလစ်ကန်ပါတီရဲ့ခေါင်းဆောင် တကယ့်... nominate အားလုံးကနေပြီးမှ သူ့ကို ထိုးတင်ပေးလိုက်ခဲသည်ရှိသော် သူတို့ ရှုံးနိုင်တယ်ဆိုတာကို သူတို့သိတယ်။ သူတို့ခန့်မှန်းနိုင်တယ်လို့ ကျနော် ယူဆတယ်ပေါ့လေ။

အင်ကြင်းနိုင်။ ။ ရီပတ်ဘလီကန်ပါတီတွင်း သမ္မတလောင်းအဖြစ် အရွေးချယ်ခံမယ့်သူတွေထဲမှာ Donald Trump ကို အဓိကယှဉ်ပြိုင်နိုင်မယ့်သူလို့ သတ်မှတ်ခံထားရတဲ့ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis က သူပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ တနင်္ဂနွေနေ့က ကြေညာခဲ့တာကရော ဘယ်လို ရိုက်ခတ်မှုတွေ ရှိမလဲ။

ကိုမိုးချမ်း။ ။ ပထမတော့ ကျနော့အမြင်မှာတော့ အစောပိုင်းကာလတွေမှာ DeSantis အနေနဲ့ အလားအလာရှိတယ်လို့ ကျနော် ယူဆခဲ့တယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ပညာရေး record ၊ အမေရိကန်စစ်တပ်မှာ တကယ့်ကို ထူးထူးချွန်ချွန် ပြောင်ပြောင်မြောက်မြောက်နဲ့စွမ်းဆောင်ခဲ့တဲ့ သူ့ရဲ့သမိုင်းကြောင်းအရကော ဒီလူက ထူးချွန်တဲ့လူတယောက်ဖြစ်တယ်။ ဒါပေမဲ့ တကယ်တန်း နိုင်ငံရေးခေါင်းဆောင် လုပ်လာတဲ့အချိန်ကျတော့ အဲဒီလို စာပေမှာထူးချွန်ရုံနဲ့ တခြားအလုပ်ကိစ္စတွေမှာ ထူးချွန်ရုံနဲ့လည်း မလွယ်လှဘူး။ နိုင်ငံရေးလောက-က တမျိုးလေ၊ နော်။ ဆိုတော့ အခု နိုင်ငံရေးလောကကို ရောက်လာတဲ့အချိန်ကျတော့ သူ့မှာ အားနည်းချက်တွေ၊ ချွတ်ယွင်းချက်တွေ တွေ့လာရတယ်။ အဲဒီအပေါ်မှာမူတယ်ပြီးတော့မှ ကျနော်ထင်တယ်၊ တချို့လည်း မထောက်ခံကြတော့ဘူးပေါ့၊ အထူးသဖြင့် သူ့ရဲ့ပြည်နယ်ထဲမှာကိုနှိုက်ပင်လျှင် သူ့ကိုမထောက်ခံကြတဲ့သူတွေလည်း အများကြီးရှိတယ်။ တပြိုင်နက်တည်းမှာပဲလည်း ရီပတ်ဘလစ်ကန်တွေကြားထဲမှာ တော်တော်များများက နဂိုကတည်းက ဒေါ်နယ်ထရမ့်ကို တကယ့် ဒေါ်နယ်ထရမ့်မှ ဒေါ်နယ်ထရမ့်- ဆိုပြီးတော့မှ အဲဒီ အမာဂိုဏ်းတွေက ရှိတာကို နော်။ တကယ့်အမာအုပ်စုတွေက ရှိတော့ သူတို့တွေက စိတ်ဆန္ဒမပြောင်းကြဘူးပေါ့နော်​၊ အဲဒီလိုမျိုးတော့ ဖြစ်တာပေါ့။ နောက်တခုကလည်းပဲ DeSantis ကိုယ်နှိုက်ကလည်း စည်းရုံးရေးအားနည်းသွားတယ်လို့ သူဟိုတနေ့က ဝန်ခံထားတာကို ကျနော် တွေ့လိုက်ရတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG