သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတဟောင်း Mike Pence ရီပတ်ဘလစ်ကင် သမ္မတလောင်းရွေးပွဲ ဝင်မည်


အိုင်အိုဝါပြည်နယ်၊ မဲဆွယ်စည်းရုံးပွဲတခုမှာ တွေ့ရတဲ့ ဒုသမ္မတဟောင်း Mike Pence ၊ ဂျွန် ၇၊ ၂၀၂၃
အိုင်အိုဝါပြည်နယ်၊ မဲဆွယ်စည်းရုံးပွဲတခုမှာ တွေ့ရတဲ့ ဒုသမ္မတဟောင်း Mike Pence ၊ ဂျွန် ၇၊ ၂၀၂၃

အမေရိကန် ဒုသမ္မတဟောင်း မိုက်ပန့်စ်ဟာ ၂၀၂၄ ရီပတ်ဘလစ်ကန် သမ္မတလောင်း ရွေးပွဲအတွက် မဲဆွယ်စည်းရုံးမှုကို ဗုဒ္ဓဟူးနေ့မှာ တရားဝင် စတင်လိုက်ပါတယ်။ Fox News သတင်းဌာနနဲ့ တွစ်တာ လူမှုကွန်ရက်ကတဆင့် ထုတ်ပြန်တဲ့ မဲဆွယ်မီဒီယို ထဲမှာ "အကောင်းဆုံးနေ့ရက်တွေ ရောက်လာဖို့" မိုက်ပန့်စ်ကကတိပြုလိုက်ပြီး "ကွဲပြားတဲ့ အချိန်တွေမှာ မတူညီတဲ့ ‌ ခေါင်းဆောင်မှုတွေကို တောင်းဆိုနေတယ်" လို့ဆိုပါတယ်။

သမ္မတဒေါ်နယ်ထရမ့်နဲ့ အတူ လေးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ မိုက်ပန့်စ်ဟာ သူ့ရဲ့ ဗီဒီယို မိန့်ခွန်းထဲမှာ “ဘေးမှာ ရပ်နေဖို့ကလွယ်ပေမယ့် သူဟာဒီလိုခံယူချက်မျိုး ရှိသူမဟုတ်လို့ အမေရိကန် သမ္မတလောင်းအဖြစ် အရွေးခံတာ” လို့လည်းပြောပါတယ်။

အမေရိကန်အနောက်အလယ်ပိုင်းက အိုင်အိုဝါပြည်နယ်မှာ စတင်လိုက်တဲ့ သူ့ရဲ့ မဲဆွယ်ပွဲဟာ
အရင်က သူနဲ့အတူ ရွေးကောက်ပွဲဝင်ခဲ့တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ပြန်ရင်ဆိုင်ရမယ့် မဲဆွယ်ကာလ ခရီးအစ ဖြစ်ပါတယ်။ ဒါဟာ ရီပတ်ဘလစ်ကန် ပါတီ ထောက်ခံသူတွေ အနေနဲ့ ပါတီထဲမှာ ထရမ့်ရဲ့ အများကြိုက်ဝါဒ သွတ်သွင်းလာတဲ့ ရေစီးကြောင်းကိုရှုတ်ချပြီး လူမှုရေးအရ ရှေးရိုးဆန်၊ နူးညံ့သိမ်မွေ့ပြီး လေးနက်တဲ့ ဘာသာရေး ကိုင်းရှိုင်းသူ ကိုယ်စားလှယ်လောင်း တဦးကို ပြောင်း ထောက်ခံ မလား စမ်းသပ်မယ့် ပွဲလည်း ဖြစ်ပါတယ်။

'ခရစ်ယာန်၊ ရှေးရိုးစွဲ၊ ရီပတ်ဘလစ်ကန်’ အဖြစ် သူ့ကိုယ်သူ အမြဲညွှန်းဆိုလေ့ရှိတဲ့ မိုက်ပန့်စ်တယောက် အခုလိုသမ္မတလောင်း ရွေးပွဲဝင်လာတာကြောင့် ရီပတ်ဘလစ်ကန် ပါတီထဲမှာ အဆိုပြုထားတဲ့ သမ္မတလောင်းတွေ ပိုများလာသလို ပြိင်ဆိုင်မှုလည်း ပြင်းထန်လာဖွယ်ရှိပေမယ့် အစောပိုင်းစစ်တမ်းတွေအရ သမ္မတဟောင် ဒေါ်နယ်ထရမ့်ကထိပ်က ဦးဆောင်နေပြီး သူ့နောက်မှာ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis ကပ်လိုက်နေတာပါ။

အရင်လက CNN သတင်းဌာနရဲ့ စစ်တမ်း တခုမှာတော့ ရီပတ်ဘလစ်ကန် ပါတီ ဝင်တွေနဲ့ ပါတီဘက် ယိမ်းတဲ့ တသီးပုဂ္ဂလ ၄၅ ရာခိုင်နှုန်းက မိုက်ပန့်စ် ကို ဘယ်လိုအခြေအနေမျိုးမှာမဆို ထောက်ခံမှာ မဟုတ်ကြောင်း ဆန္ဒပြုခဲ့ကြပြီး ထရမ့်အပေါ်အလားတူမထောက်ခံဘူးပြောသူကတော့ ၁၆ % ပဲ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG