သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးအရေးယူမှုတွေ တိုးလာတဲ့အပေါ် တက်ကြွသူတွေ စိုးရိမ်


ရခိုင်ဒုက္ခသည်များ (သတင်းဓာတ်ပုံ - Rakhine Ethnics Congress)
ရခိုင်ဒုက္ခသည်များ (သတင်းဓာတ်ပုံ - Rakhine Ethnics Congress)

မကြာသေးခင်ကစလို့ ရခိုင်ပြည်နယ် အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေက အများစု အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ အာဏာပိုင်တွေက ဖမ်းဆီးအရေးယူ ခံရသူတွေ ပိုများလာနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံက သတိပေးလိုက်ပါတယ်။ တိုက်ပွဲတွေကြားက အရပ်သားတွေ သာမက ငြိမ်းချမ်းရေးအတွက် လှုပ်ရှားသူတွေပါ ဖမ်းဆီးခံနေရတဲ့ အပေါ်မှာလည်း စိုးရိမ်မှုတွေ ထွက်ပေါ်နေတာပါ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးပါလိမ့်မယ်။

သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်နဲ့ အကျဉ်းသားထောင်ချီ ပြန်လွှတ်ပေးပြီး တလအတွင်းမှာပဲ စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသတွေမှာ ဒေသခံတွေ မတရားအသင်း ဆက်သွယ်မှုပုဒ်မ၊ ငြိမ်းစုစီပုဒ်မတွေနဲ့ ရင်ဆိုင်ရသူတွေ ပိုများလာတဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB က သတင်းထုတ်ပြန် လိုက်တာပါ။ အထူးသဖြင့် တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အများစု ဖြစ်ကြောင်းလည်း AAPPB ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

"အဖမ်းဆီးတွေကတော့ ဆက်ပြီးရှိနေသေးတယ်လို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့နော်။ အထူးသဖြင့်တော့ ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) နောက် အကြမ်းဖက်မှုနဲ့ ပတ်သတ်တဲ့ ဥပဒေတွေ ပိုများလာတယ်။ အထူးသဖြင့်တော့ အဲလို ဒီရခိုင်ဘက်က အဲလို ရွာသားတွေကို ဒီ AA နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းတာတွေ များတယ်။ စစ်ဖြစ်နေတဲ့ အခါမှာတော့ သူတို့က ဥပမာ တချို့ ရွာသားတချို့ကို AA နဲ့ အဆက်အသွယ်ရှိတယ်၊ AA ဖြစ်နိုင်တယ်ဆိုတဲ့ သံသယနဲ့ သူက ရွာသားတွေအကုန်လုံးကို ဖမ်းဆီး ထိန်းသိမ်းတာမျိုးတွေကလည်း ကျနော်တို့ တွေ့နေရတယ်။ နောက် ဒီစာသင်ကျောင်းတွေကို ထိန်းသိမ်းရေးစခန်းအဖြစ်နဲ့ သုံးလာတာတွေလည်း တွေ့နေရတယ်။ ဒါတွေကတော့ ကောင်းတဲ့အလားအလာတွေတော့ မဟုတ်ဘူး။

ဆိုတော့ အထူးသဖြင့်တော့ ထောင်ကျပြီးသားထက်စာလို့ရှိရင် အမှုရင်ဆိုင်နေရတဲ့သူ အရေအတွက်က ပိုပြီးတော့ များလာတာမျိုးတွေ ကျနော်တို့ တွေ့ရတယ်။ ဆိုတဲ့အခါကျတော့ အမှုတွေကလည်း အချို့အမှုတွေဆိုလို့ရှိရင် အတော်လေး ကြန့်ကြာတာမျိုးတွေကို ကျနော်တို့တွေ့တယ်။ တွေ့တယ်ဆိုတဲ့အခါကျတော့ တရားရေးစီရင်စနစ်ကလည်း အမှုတွေ မြန်မြန်ဆန်ဆန် ပြတ်အောင် ဖန်တီးတာမျိုးတွေ လုပ်သင့်တယ်။ ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ ဒီနိုင်ငံရေးအကျဉ်းသားတွေဆိုတာ ခြွင်းချက်မရှိ လွှတ်ပေးရမှာ ဖြစ်ပါတယ်။ တချို့ကတော့ ကျန်းမာရေးမကောင်းဘူး။ ဥပမာ မင်းထင်ကိုကိုကြီးဆိုလို့ရှိရင် ကျန်းမာရေးက တော်တော်လေး စိုးရိမ်ရတဲ့ အနေအထားမျိုး ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူက အသည်းနဲ့ ပတ်သတ်တဲ့ ရောဂါခံစားနေရတာမျိုးတွေ ရှိတယ်။ ရှိတယ်ဆိုတဲ့အခါကျတော့ စနစ်တကျနဲ့ သေသေချာချာ ကုသဖို့ လိုအပ်တယ်ပေါ့။ ဒါကြောင့်မို့ ဒီလိုလူမျိုးတွေ ဆိုလို့ရှိရင်တော့ အနှိမ့်ဆုံးတော့ အာမခံပေးတာပဲ ဖြစ်ဖြစ်၊ ဖြစ်နိုင်ရင် အမှုတွေကို ပြန်ရုပ်သိမ်းပေးတာမျိုးပဲ ဖြစ်ဖြစ် ဒါမျိုးတွေ လုပ်သင့်ပါတယ်။"

တိုက်ပွဲတွေရပ်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာက ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲခံထားရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်းကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပါအဝင် အခြေခံ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ လိုတယ်လို့ ပြောပါတယ်။

"ပြည်သူတွေကို ဖိနှိပ်တာ၊ နောက် မစာနာတာ၊ ရက်စက်တာ၊ ဒါ လူမဆန်တဲ့ကိစ္စတွေ လုပ်နေတာ ဒါမျိုးပဲ ပြောရမှာပါပဲ။ အဲ့တော့ ဒီတဖြည်းဖြည်းနဲ့ ပြည်သူတွေရဲ့ နေရာက ကျဉ်းလာတယ်။ အဖမ်းအဆီး အဖိအနှိပ်တွေက များလာတယ်။ အဲ့တော့ နယ်မှာနေတဲ့လူတွေက ပိုပြီးတော့ ဖိနှိပ်ခံရတာတွေ များတယ်။ ဒါကြီးက မတရားပါဘူး၊ လူမဆန်ပါဘူး။ ဒါမျိုး လုပ်နေတဲ့ကိစ္စကတော့ ရှက်တတ်လို့ရှိရင် ရှက်ဖို့ကောင်းတဲ့ အယူအဆတွေပါပဲ။ တရားဥပဒေစိုးမိုးရေး ယန္တယားကို ဒီ NLD က ကောင်းကောင်း မထိန်းချုပ်နိုင်ရင် အဲ့ခါကျတော့ ဒီ ခံရတာတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူတွေ ခံရတယ်။ NLD ဘက် က ဒါကိုတော့ အနည်းဆုံး လွှတ်တော် ကိုယ်စားလှယ်တွေကနေပြီးတော့ လွှတ်တော်ထဲမှာ မေးတာမြန်းတာ၊ ပြောတာမျိုးလေးတွေကတော့ လုပ်ဖို့သင့်တဲ့ ကိစ္စလေ။ ဒါခုချိန်ထိလည်း ဘာမှ လုပ်တာတောင်းဆိုတာတွေ ကျနော် မတွေ့ရသေးဘူး။"

တပ်မတော်ကတော့ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်တပ်မတော် AA နဲ့ ဆက်နွယ်သူတွေအဖြစ် မသင်္ကာသူတွေကို စစ်ဆေးမေးမြန်းနေတာသာ ဖြစ်ကြောင်းနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်နေကြောင်း ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း စစ်ဒဏ်သင့်လူထု အနေနဲ့ ဖမ်းဆီးအရေးယူမှုတွေ ငြိမ်းချမ်းရေးအတွက် တိုက်တွန်းလှုံ့ဆော်သူတွေကို ဖမ်းဆီး အရေးယူနေတဲ့အပေါ် ပြည်တွင်းက တက်ကြွလှုပ်ရှားသူတွေ သာမက၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း စိုးရိမ်တဲ့ သဘောထားတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG