သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒုက္ခသည်အရေး ဒေါက်တာဝင်းမြတ်အေးနဲ့ မေးမြန်းချက်


အောက်တိုဘာ ၁၀ ရက်နေ့တုန်းက စစ်တွေ ရှိကျေးရွာများကို
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အပါအဝင်
အစိုးရအဖွဲ့ဝင်များနှင့် အရာရှိများ လေ့လာစဉ် (Prof Win Myat Aye)
အောက်တိုဘာ ၁၀ ရက်နေ့တုန်းက စစ်တွေ ရှိကျေးရွာများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် အရာရှိများ လေ့လာစဉ် (Prof Win Myat Aye)

ဒီရက်ပိုင်းအတွင်း မွတ်ဆလင်ဒုက္ခသည်တွေ ဘင်္ဂလားဒေရ်ှနိုင်ငံကို ထွက်ပြေးနေရာမှာ - စွတ်စွဲနေကြသလို တပ်မတော် စစ်ဆင်ရေးတွေကြောင့် မဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ငြင်းဆိုပါတယ်။ ဒေါက်တာဝင်းမြတ်အေးဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံဖြိုးရေး စီမံကိန်းရဲ့ ဒု ဥက္ကဌအဖြစ် တာဝန်ယူထားသူလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း ဒုက္ခသည်တွေအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါက်တာဝင်းမြတ်အေးကို ဗွီအိုအေက မခင်ဖြူထွေးက မေးမြန်းရာမှာ။ ဒုက္ခသည်တွေ စီစစ်ရေး ဘင်္ဂလားဒေရ်ှနိုင်ငံနဲ့ ညှိုနှိုှုင်းနေမှုကို အခုလို အရင်ဆုံး ပြောပါတယ်။

ဒေါက်တာဝင်းမြတ်အေး။ ။အဲဒါကတော့ ၂ နိုင်ငံနဲ့ပဲ ဆိုင်တယ် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနဲ့ သူတို့အဲလိုမျိုး ပြောနေတာရှိတယ်ဆိုတာကတော့ အခုပြောလို့သိတယ်ပေါ့နော်။ ဒါပေမယ့် သူတို့က လာမှာလေ အခုဒီနောက်ဆုံးအပတ်မှာ ဒီမြန်မာနိုင်ငံကိုလာပြီးတော့ အဲဒါကို အကျေအလည်ဆွေးနွေးမယ်။ နောက်သဘောတူညီချက်ရရင် ဒီဟာကို ကျနော်တို့က ချက်ချင်းစမှာလေ ဆိုတော့ အဲဒါပဲ ကျနော်သိတာကတော့ သူတို့ ဒီဘက်ကိုလည်း Proposal တင်ထားတယ်လို့လဲကြားတယ်။ ဘာပါတယ်ဆိုတာကတော့ ကျနော်လည်းမသိဘူး ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က အဓိက လူသားချင်းစာနာထောက်ထားမူအကူအညီနဲ့ ကျန်တဲ့ ကိစ္စတွေဆိုတော့လေ အဲဒီကိစ္စသေးစိတ်တော့ ကျနော်တို့မသိဘူးပေါ့နော်။

မခင်ဖြူထွေး။ ။အခု ဒုက္ခသည်တွေကို ပြန်လည်စိစစ်ရေးလုပ်နေတဲ့ တချိန်တည်းမှာပဲ အခုက ကုလသမဂ္ဂကပြောနေတာက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ၁ ရက်တည်းမှာတင် ဒုက္ခသည် ၁ သောင်း ၁ ထောင်လောက် ထပ်ထွက်လာတယ်ဆိုတာကို ပြောတယ် စစ်ဆင်ရေးတွေလည်း ဆက်ရှိနေတယ်လို့ပြောတယ်။

ဒေါက်တာဝင်းမြတ်အေး။ ။ဖြစ်နိုင်တာပေါ့ ကျနော်တု့ိလည်း သွားတားတယ်၊ တွေ့တယ်။ ရွာတွေမှာလည်း အကုန်လုံးအေးချမ်းနေတာပဲ ဘာမှမဖြစ်ဘူး။ ခုနကလို ဒီဘက်ကနေ တွန်းအားပေးတဲ့ Force ဆိုတာကတော့ ဘာမှ ဒီ Clash လည်းမဖြစ်ဘူး။ Engagement လည်းမရှိဘူး။ တပ်တွေလုပ်တာလည်း ဘာမှမရှိဘူး။ ဘာမှမရှိလည်း ထွက်နေတာတွေ့ရတယ်။ တွေ့တော့ ကျနော်တို့က ထွက်နေတဲ့နေရာတွေကိုလည်း ကျနော်တို့ ရောက်ပြီးပြီ။ ဒါတွေအကုန်သိပြီးသားပါ။ ကျနော်တို့ သူတို့ကိုသွားတွေ့တယ် ဘာကြောင့်လဲဆိုတာကို သေချာမပြောဘူး။ ကျန်တဲ့ဟာတွေလျှောက်ပြောတယ်။ ၆ နာရီကျော်ရင်မထွက်ရတော့လို့ ၊ ဒါက Temporarily ပဲ curfew ကတော့ ဒီလောက်ဖြစ်တဲ့အချိန်မှာတော့ ၆ နာရီကျော်ရင် မထွက်ရဘူးဆိုတာကတော့ရှိတာပေါ့လို့ ဆိုတော့ အဲဒါမျိုးပေါ့နော် မလွတ်လပ်ဘူးပေါ့။ လုပ်ကိုင်စားသောက်လို့မရဘူး ဒါကတော့ ခဏတာပဲလေ ။ ဒါကြောင့် ကျနော်တို့ စားဝတ်နေရေးနဲ့ ပတ်သက်လို့ အပြည့်အဝထောက်ပံ့မယ်။

နောက်စိတ်ချရအောင်လည်း လုံခြုံရေးအတွက်ကိုလည်း ဆောင်ရွက်မယ် ဒီ curfew ကတော့ ရှိနေဦးမယ်။ ဒါပေမယ့် ကျန်တာတွေဘယ်လိုပြောသော်လည်း သူတို့ကမရဘူးလေ သွားမယ်ပဲ ဖြစ်တာပေါ့နော် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ။ အဲဒါ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးတောင်ပါတယ်။ ဟိုဘက်မှာ ရောက်သွားရင်လည်း ဒုက္ခအင်မတန်ရောက်မှာ အဲဒါဘာဖြစ်လို့သွားရမလဲ ဆိုပြီးတော့ သူလည်းပြောတယ်။

မခင်ဖြူထွေး။ ။မနေ့တုန်းက UNOHCHR ပေါ့နော် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကုလမဟာမင်းကြီးရုံးက အစီရင်ခံစာထုတ်ပြန်တဲ့အထဲမှာ ပြင်းပြင်းထန်ထန်ပြောဆိုထားတာတွေရှိပါတယ်။ ဒုက္ခသည်တွေကို လက်ခံရေး ၂ ဖက်နိုင်ငံတွေ ညှိနှိုင်းဆွေးနွေးနေတယ်လို့ပြောပေမယ့် ဒီကုလသမဂ္ဂတို့ဘက်ကပြောနေတာကျတော့ ဒုက္ခသည်တွေကို ပြန်ပြီးတော့တောင်ဝင်လို့မရအောင် အပြီးနှင်ထုတ်လိုက်တဲ့ သဘောမျိုးအထိ လုပ်ဆောင်တာတွေရှိတယ် စစ်ဆင်ရေးတွေကလည်း ဆက်ပြီးတော့ ရှိနေတယ်လို့ပြောပါတယ် ဒီအပေါ်မှာ ဘယ်လိုများ တုံ့ပြန်ပါသလဲ။

ဒေါက်တာဝင်းမြတ်အေး။ ။အဲဒါတွေတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့အဲလိုမျိုးဖြစ်နေသလဲမသိဘူးပေါ့နော် သတင်းတွေ အံသြတယ်ကျတော်လည်း။

မခင်ဖြူထွေး။ ။သူတို့ကတော့ သူတို့မှာ ခိုင်မာတဲ့ အထောက်အထားတွေရှိတယ်ပေါ့နော် အင်တာဗျူးပေါင်း ၆၅ ခုလုပ်ထားတယ်လု့ိလည်းပြောပါတယ်နောက်ပြီးတော့ တကယ်ဖြစ်ပျက်ခဲ့တဲ့ ပုံရိပ်တွေ မှတ်တမ်းမှတ်ရာတွေနဲ့ ဒီအပေါ်မှာ ကိုးကားပြီးတော့ ဒုက္ခသည်တွေရဲ့ပြောဆိုချက်တွေအရ ဒါတွေက ဆက်ပြီးတော့ ရှိနေတယ်ပေါ့လေ။ ဆိုတော့ အဲလိုပုံစံမျိုးပြောပါတယ်။ ဆိုလိုတာကတော့ ဒီနိုင်ငံထဲမှာဆက်နေဖို့အတွက် သူတို့ကိုသူတို့ လုံခြုံတယ်လို့ မခံစားရတဲ့အတွက်ကြောင့် ဒုက္ခသည်တွေက ဆက်ပြီးတော့ ထွက်နေတယ်ပေါ့နော် ဆိုတော့ ဒီအနေအထားက တကယ်ပဲ ရှိနေတဲ့သဘောလား။ ဒါမှမဟုတ် ဝန်ကြီးတို့ပြောသလို ဘယ်လိုအခြေအနေမျိုးတွေကြောင့်လို့ ဒီလိုစွပ်စွဲချက်တွေဖြစ်လာသလဲ။

ဒေါက်တာဝင်းမြတ်အေး။ ။မသိဘူးအဲဒါကတော့ ကျနော်တို့ ကိုယ်တိုင်လည်းရောက်တာပဲ ဘာမှမဖြစ်ဘူး ငြိမ်းချမ်းလို့ အဲဒီနေရာမှာ လူတွေကတော့ ရွေ့တာတော့တွေ့တယ် ဒါပေမယ့် ဘာတွေဖြစ်နေသလဲဆိုရင် ဘာမှလည်းမဖြစ်ဘူး။ ငြိမ်းချမ်းတဲ့ရွာတွေလည်း ကျနော်တို့ရောက်ခဲ့တယ် အများကြီးပဲ ၊ ဒီဘာသာ ၃ မျိုးတွဲနေတဲ့ရွာ ငါးခူရရွာဆိုရင် ဟိန္ဒူလည်းရှိတယ်၊ မွတ်စလင်လည်းရှိတယ် ရခိုင်လည်းရှိတယ်။ ၃ မျိုးတွဲပြီးတော့ ကျနော်တို့နဲ့ တွေ့ခဲ့တယ်။ အဲဒီမှာ ဈေးဆိုင်တွေဖွင့် သူတို့ဟာသူတို့ ရောင်းဝယ်ဖောက်ကားနေတဲ့ နေရာတွေလည်းရှိတာပဲ။ နောက်ပြီး အနောက်ပြင်မွတ်ဆလင်ရွာမှာဆိုရင် လူအပြည့်ပဲရှိတယ် ။ ဘယ်သူမှလည်းမသွားကြဘူး ဘာဖြစ်လဲဆိုရင် မသွားဘူးတဲ့ ဘိုးဘွားအစဉ်အဆက်ဒီမှာနေတာမို့လို့တဲ့ ဘာဖြစ်လို့သွားရမှာလဲ ကျနော်တို့ ဒီမှာပဲ နေတာတဲ့။ ဆိုတော့ ကျနော်တို့လည်း ထောက်ပံ့တာတွေ တခြားဆက်လုပ်စရာတွေလုပ်တယ်။ သူတို့မှာ လိုအပ်ချက်ကတော့ National Verification process ဆိုတာ ဒါကတော့ သူတို့ နိုင်ငံသားဖြစ်မှုနဲ့ ဆိုင်တာတွေကို ကျနော်တို့တွန်းပြီးတော့ ဆောင်ရွက်ပေးမယ် ဒါတွေအကုန်လုံး ကျနော်တို့ ပြောဆိုခဲ့တာပဲ။ အရင်တုန်းကတော့ လုပ်ရကိုင်ရတာ ကြာတယ် အခုကတော့ အရင်ထက်မြန်အောင်လုပ်ပေးမယ် ဒါတွေလည်းပြောခဲ့တယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးကတော့လေ ။ ဆိုတော့ အဲဒီရွာတွေကတော့ အေးဆေးပဲ ဘယ်တော့မှ မသွားဘူးတဲ့ သူတို့ ရွာတည်ထားတာ အနှစ် ၂၀၀ လောက်ရှိပြီတဲ့။

ဆိုတော့ အဲလိုလူတွေလည်းရှိနေတာပဲ အဲလိုသွားတဲ့လူတွေကလည်း သွားတာမှ ဘာမှမဖြစ်တဲ့ ရသေ့တောင်ဆိုရင် ဘာမှမဖြစ်တဲ့နေရာ ဘာဖြစ်လို့ အဲဒီကလူတွေသွားတုန်း ။ အဲတော့ ဘာမှန်းကိုမသိဘူး အကွက်ကျကျပဲ လုပ်နေသလား။ ဒါတွေအကုန်လုံးထွက်သွားရင် Ethnic Cleansing ဆိုတဲ့ Definition ဆိုတာကို ဝင်အောင်လုပ်နေသလား။ တကယ်တန်း ကျနေ်ာတို့က ဘာလဲဆိုတော့ ဘာမှ မပြောလိုတော့ဘူး ကျနော်တို့ အလုပ်နဲ့ပဲ သက်သေပြရမယ်။ ကျနော်တို့ အစိုးရ လုပ်တာတွေဟာ မှားတာတခုမှမလုပ်ဘူး မဟုတ်တာတခုမှမလုပ်ဘူး ။ အဲဒီတော့ ကျနော်တို့ ဆက်ပြီးတော့ လုပ်တယ် နောက်ပြီးတော့ ကျနော်တို့မှာ နိုင်ငံတော် စီမံချက်ကြီးဆိုပြီးတော့ အကြီးအကျယ်အကောင်အထည်ဖော်မယ့် ကိစ္စလည်းရှိတယ် ဒါတွေကို ကျနော်တို့ စီစဉ်ထားတဲ့အတိုင်းသွားနေမှာပဲလေ၊ ကျနော်တို့အလုပ်နဲ့ သက်သေပြပါမယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဒုက္ခသည်တွေအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါက်တာဝင်းမြတ်အေးကို ဗွီအိုအေက မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG