သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံပိုင်ဘဏ်တွေကို ဒဏ်ခတ်အရေးယူဖို့ Sean Turnell တိုက်တွန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ သြစတြေးလျနိင်ငံသား ပါမောက္ခ Sean Turnell (ယခင်မှတ်တမ်းဓာတ်ပုံ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ သြစတြေးလျနိင်ငံသား ပါမောက္ခ Sean Turnell (ယခင်မှတ်တမ်းဓာတ်ပုံ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Sean Turnell က ဩစတြေးလျအစိုးရအနေနဲ့ မြန်မာပြည်က နိုင်ငံပိုင်ဘဏ်တွေကို ဒဏ်ခတ်အရေးယူဖို့ တိုက်တွန်းလိုက်ပါတယ်။ Sean Turnell ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံအတွင်းမှာ ရက်ပေါင်း ၆၅၀ လောက် ဖမ်းဆီးထိန်းသိမ်းခံထားရာက မနှစ်ကမှ ပြန်လွတ်လာသူ ဖြစ်ပါတယ်။ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် အီရန်နိုင်ငံအပေါ်မှာလည်း ဩစတြေးလျနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်မယ့် အကြောင်း ကြေညာထားပါတယ်။ ဒီအကြောင်း Sydney မြို့ကနေ Phil Mercer သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပါမောက္ခ Sean Turnell ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းခင်အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ စစ်ကောင်စီက သူ့ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။ သူ့အပေါ်တင်ထားတဲ့ စွဲချက်တွေ မဟုတ်မှန်ကြောင်း သူ့ဘက်က ငြင်းဆိုထားပါတယ်။ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အချိန်မှာ "နှစ်နိုင်ငံ ချစ်ကြည်ရေးအရ" ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကိုပါ စစ်ကောင်စီက လွှတ်ပေးလိုက်တာကြောင့် မနှစ် နိုဝင်ဘာလမှာ ဩစတြေးလျကို ပြန်ရောက်လာခဲ့ပါတယ်။

ဩစတြေးလျအစိုးရအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံပိုင်ဘဏ်တွေကို ပြင်းထန်တဲ့ အပြစ်ပေး အရေးယူမှုတွေလုပ်ဆောင်ဖို့ Sean Turnell က အခုတော့ တိုက်တွန်းနေပါတယ်။

"ဩစတြေးလျက အဲဒီလို အရေးယူမှုတွေလုပ်ဆောင်ခဲ့ရင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့အပေါ် အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူထားတာနဲ့ အတူတူ ဖြစ်သွားမှာပါ။"

ဩစတြေးလျအစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုကချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း လုပ်ဆောင်သင့်တယ်လို့ ဩစတြေးလျ အသံလွှင်ဌာနကို သူက အခုလို ပြောကြားခဲ့ပါတယ်။

“အမေရိကန်က အခုတကြိမ်ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေဟာ အရင်လို ဒီ စစ်တပ်ရဲ့လုပ်ရပ်ကို မကြိုက်တာပြဖို့သက်သက်မဟုတ်တော့ဘဲ စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် လက်ရှိလုပ်ဆောင်နေတဲ့ ဖိနှိပ်မှုတွေ ဆက်မလုပ်နိုင်တော့အောင် ကန့်သတ်တဲ့ လက်တွေ့ထိရောက်မှုရှိတဲ့ အရေးယူမှုမျိုးဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ စစ်ကောင်စီဟာ သူတို့ လိုအပ်တဲ့နိုင်ငံခြားငွေတွေကို ဒီ နိုင်ငံပိုင်ဘဏ်တွေကတဆင့် ရနေတာကြောင့် ကျနော်တို့ (ဩစတြေးလျ အစိုးရ) ကလည်း တကယ်လုပ်ချင်တယ်ဆိုရင် အနီးနားမှာ ရှိနေတာကြောင့် လုပ်လို့ရနိုင်ပါတယ်။”

မြန်မာနိုင်ငံက ဘဏ်တွေအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ရေးအတွက် Sean Turnell ရဲ့ တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ ဩစတြေးလျအစိုးရဘက်ကတော့ တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းစစ်မီးတောက်လောင်ပြီး လူတွေလည်း ထောင်နဲ့ချီ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ရွေးကောက်ပွဲမသမာမှု၊ အကျင့်ပျက်ခြစားမှု စတဲ့ အမှုပေါင်းများစွာနဲ့ စွဲချက်တင်ခံရပြီး ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံထားရပါတယ်။

မြန်မာပြည်သူတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင် ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဲဒီလို ကျူးလွန်နိုင်အောင် ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေအပေါ် ပစ်မှတ်ထား အရေးယူမှုတွေ ဩစတြေးလျအစိုးရက အခုနှစ် အစောပိုင်းမှာ ချမှတ်ထားပြီး ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဩစတြေးလျအစိုးရဟာ အီရန်နိုင်ငံအတွင်း အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် ဖိနှိပ်ချုပ်ခြယ်တဲ့ အဆင့်မြင့် ရဲအရာရှိတွေ၊ ဆင်ဆာဘုတ်အဖွဲ့နဲ့ နိုင်ငံပိုင် မီဒီယာတို့အပါအဝင် အီရန်နိုင်ငံသား အများအပြားအပေါ် ဒဏ်ခတ် အရေးယူမှုအသစ်တွေ ချမှတ်ထားကြောင်း ကြေညာခဲ့ပါတယ်။ အီရန် နိုင်ငံမှာ Mahsa Amini ဆိုတဲ့ အသက် ၂၂ နှစ်အရွယ်အမျိုးသမီးကို ရဲက ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့အပေါ် မကျေနပ်လို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာလည်း တနှစ်နီးပါး ရှိလာနေပါပြီ။

ဩစတြေးလျအစိုးရက အီရန်နိုင်ငံအပေါ် ပစ်မှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှု ၃ ကြိမ် ချမှတ်ခဲ့ပြီးဖြစ်ပေမယ့် အခုတကြိမ် ချမှတ်တဲ့ ဒဏ်ခတ်မှုနဲ့ ခရီးသွားခွင့် ကန့်သတ်တဲ့ အရေးယူမှုတွေကတော့ အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် ဖိနှိပ်သူတွေကို ပစ်မှတ်ထားခြင်းဖြစ်တယ်လို့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong မနေ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG