သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအတွက် ရေနံဝင်ငွေ ပိတ်ဆို့ဖို့ တက်ကြွလှုပ်ရှားသူတွေတောင်းဆို


The move by Total and Chevron is earning praise from pro-democracy activists for taking an important first step. PHOTO: REUTERS
The move by Total and Chevron is earning praise from pro-democracy activists for taking an important first step. PHOTO: REUTERS

{{Zawgyi/Unicode}}
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နိုင်ငံပိုင် ရေနံနဲ့ သဘာဓာတ်ငွေ့လုပ်ငန်းတွေက ရတဲ့ ငွေကို စစ်ကောင်စီကို မပေးပဲ ပိတ်ဆို့ ဒဏ်ခတ်ထားဖို့ မြန်မာနိုင်ငံတဝန်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုထားပါတယ်။ ဒါပေမဲ့လည်း အမေရိကန် Chervon နဲ့ ပြင်သစ် Total ရေနံ ကုမ္ပဏီတို့လို လုပ်ငန်းတွေရတဲ့ နိုင်ငံခြား ဝင်ငွေတွေကို ပိတ်ဆို့ထားဖို့ အမေရိကန်နဲ့ ပြင်သစ်အစိုးရတို့က လုပ်ဆောင်တာမရှိသေးပါဘူး။ အေပီ သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးပါ့မယ်။

မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေ ရပ်တန့်စေဖို့ တိုင်းပြည်အတွက် ဝင်ငွေအများဆုံးရနေတဲ့ တခုတည်းသောနိုင်ငံခြားဝင်ငွေ လမ်းကြောင်းဖြစ်တဲ့ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ ဝင်ငွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူဖို့ မြန်မာနိုင်ငံတဝန်း ဆန္ဒပြသူတွေက တောင်းဆိုထားပါတယ်။ ဒါပေမဲ့လည်း အမေရိကန် Chervon နဲ့ ပြင်သစ် Total ရေနံ ကုမ္ပဏီတို့လို ရေနံ ကုမ္ပဏီတာဝန်ရှိသူတွေ နဲ့ မြန်မာဓာတ်ငွေ့အပေါ် မှီခိုနေရတဲ့ ထိုင်းနိုင်ငံလို နိုင်ငံတွေက ဆန့်ကျင် တင်းခံထားတာကြောင့် အမေရိကန် နဲ့ ပြင်သစ်အစိုးရက အရေးယူပိတ်ဆို့တာ မရှိသေးပါဘူး။ ဒီကုမ္ပဏီတွေအနေနဲ့ တလ ဒေါ်လာ သန်း ၁၀၀ လောက် စစ်ကောင်စီကို ပေးနေတယ်လို့ ကြားကာလ အမျိုးသားညီညွတ်အရေးအစိုးရ ပြောခွင့်ရ ဒေါက်တာ ဆာဆာ က စွပ်စွဲပြောဆိုထားပါတယ်။

"တနှစ်ဆိုရင် ဒေါ်လာ သန်း ၁၀၀၀ လောက် မင်းအောင်လှိုင်တို့ကို ပေးနေတာပါ။ သူက အဲ့ဒီပိုက်ဆံတွေ နဲ့ လက်နက်တွေ ဝယ်ပြီး လူတွေ အများကြီး ထပ်သတ်နေတာပါ"

ပြီးခဲ့တဲ့ သောကြာနေ့က စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်းတွေကို အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ထပ်လုပ်ခဲ့ပေမဲ့လည်း ရေနံ နဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ ဝင်ငွေကို ချန်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီက ရတနာဓာတ်ငွေ့ သိုက်က ငွေဝင်နေတဲ့ ဘဏ်အကောင့်ကိုပါ သိမ်းစီးခဲ့ ပါတယ်။ ရတနာဓာတ်ငွေ့သိုက်မှာ မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE, ထိုင်း PTT, ပြင်သစ် Total နဲ့ အမေရိကန် Chevron ကုမ္ပဏီတွေက ဖက်စပ်လုပ်ကိုင်နေတာဖြစ်ပြီး သူတို့ဟာ မြန်မာပြည်က ဝန်ထမ်းတွေကို ကာကွယ်နေတာဖြစ်ပြီး ထိုင်းနဲ့ မြန်မာနိုင်ငံအတွင်း အရေးကြီးတဲ့ ဓာတ်ငွေ့ တင်ပို့တာကို လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဒီဓာတ်ငွေ့က ရတဲ့ ဝင်ငွေတွေဟာ စစ်အစိုးရကို ထောက်ပန့်နေတာဖြစ်တာကြောင့် မြန်မာပြည်မှာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို ထောက်ပန့်သလို ဖြစ်နေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က သုတေသီ Manny Maung က ပြောပါတယ်။

"စစ်တပ်ကို ထောက်ပန့်နေတဲ့ ငွေတွေဟာ ဒီလို ဖိနှိပ်မှုတွေကို ထောက်ပန့်နေတာပါ။ စစ်သားတွေကို လခပေးထားတယ်၊ စစ်လက်နက်တွေ ဝယ်တယ်၊ နောက်ပြီး လေယာဉ်ဆီလိုမျိုးဝယ်တယ်ဆိုရင်တောင် တိုင်းပြည်ရဲ့ အစွန်အဖျားက ကျေးရွာတွေကို ရဟတ်ယာဉ် နဲ့ ဗုံးသွားကြဲတာမျိုးတွေ လုပ်နိုင်ပါတယ်။ ဒါတွေအားလုံးဟာ ဆက်စပ်နေတာပါ။ ဒါကြောင့် ဒီလို စစ်တပ်အတွက် ဝင်ငွေရလမ်းကို ဖြတ်တောက်ပစ်ရမှာ ဖြစ်ပြီး ဒါကို ကျမတို့ က တောင်းဆိုနေတာပါ"

ပြီးခဲ့တဲ့ သြဂုတ်လ ကတည်းက သွေးစွန်းငွေ လှုပ်ရှားမှုကို မြန်မာတက်ကြွလှုပ်ရှားသူတွေက စတင်ခဲ့ပြီး စစ်ကောင်စီကို ငွေမပေးဖို့ နဲ့ မြန်မာပြည်ကို ကယ်တင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံတဝန်း သန်းနဲ့ချီတဲ့ လူတွေကလည်း စစ်ကောင်စီကို ဒဏ်ခတ်တဲ့ အနေနဲ့ အခွန်မပေးတာ၊ လျှပ်စစ်မီတာခတွေ မပေး တာအပြင် စစ်တပ် နဲ့ ဆက်စပ် တဲ့ စီးပွားရေး လုပ်ငန်းတွေကို သပိတ်မှောက်တာတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောပါတယ်။

အေပီက ရရှိထားတဲ့ စာတစောင်မှာတော့ ရတနာဓာတ်ငွေ့လုပ်ကွက်က ဝန်ထမ်းတွေကလည်း Total ကုမ္ပဏီ ခွဲဖြစ်တဲ့ Total E&P Myanmar က မန်နေဂျာတွေကို ဦးတည်ပြီး စစ်တပ်ကို ပေးမယ့် ဓာတ်ငွေ့ရောင်းရ ငွေတွေကို စစ်တပ်မယူနိုင်မယ့် အကောင့်တခုမှာ ထားဖို့ စာရေးသား တောင်းဆိုခဲ့ပါတယ်။ ဒဏ်ခတ်အရေးယူစေချင်တဲ့ တက်ကြွလှုပ်ရှားသူတွေက ဓာတ်ငွေ့လုပ်ငန်းကို ရပ်ထားဖို့ မဟုတ်ပဲ အဲ့ဒီက ရတဲ့ ဝင်ငွေကို စစ်တပ်က မယူနိုင်မယ့် နိုင်ငံခြားဘဏ် အကောင့် တခုမှာ ထားဖို့ တောင်းဆိုနေကြတာပါ။

မြန်မာအစိုးရရဲ့ ခန့်မှန်းထားချက်အရ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံပိုင် ရေနံ နဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကကမ်းလွန် ရေနံ နဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း နဲ့ ပိုက်လိုင်းတွေကနေ အမေရိကန် ဒေါ်လာ သန်း ၁၅၀၀ လောက်ရဖို့ ရှိပြီး ဒါဟာ မြန်မာနိုင်ငံခြားဝင်ငွေရလမ်း ရဲ့ ၅၀% လောက်ရှိပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အေပီသတင်းဌာနက မေးခွန်းကို တုံ့ပြန်ရာမှာတော့ အမေရိကန် အနေနဲ့ စစ်တပ် တာဝန်ရှိသူတွေနဲ့ နိုင်ငံပိုင် ကျောက်မျက်ရတနာလုပ်ငန်းကို ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာကို ထောက်ပြပြီးတော့ အကြမ်းဖက်မှုကို ကျုးလွန်သူတွေ နဲ့ ပြည်သူတွေ ရဲ့ ဆန္ဒကို နှိပ်ကွပ်သူတွေကို ဆက်လက်အရေးယူဖို့ နောက်တွန့်မှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ် ခင်ဗျာ။

................................

တိုက်ရိုက် လင့်ခ်

{{Unicode}}








XS
SM
MD
LG