သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးထွက်သံယိုမှုရှောင်ခဲ့တဲ့ Wagner တပ်ဖွဲ့ဝင်တွေကို ရုရှားသမ္မတ ကျေးဇူးစကားဆို


နိုင်ငံတော်မိန့်ခွန်းပြောနေတဲ့ ရုရှားသမ္မတ Vladimir Putin၊ ဂျွန် ၂၆၊ ၂၀၂၃
နိုင်ငံတော်မိန့်ခွန်းပြောနေတဲ့ ရုရှားသမ္မတ Vladimir Putin၊ ဂျွန် ၂၆၊ ၂၀၂၃

စနေနေ့က ဖြစ်ခဲ့တဲ့ Wagner ရုရှား ကြေးစားလက်နက်ကိုင်တပ်ဖွဲ့ရဲ့ ပုန်ကန်မှုနဲ့ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဇွန်လ ၂၆ ရက်တနင်္လာနေ့က ကြေညာချက်ထုတ်ပြန် မိန့်ခွန်းပြောခဲ့ပါတယ်။ အဲဒီမိန့်ခွန်းမှာ လက်နက်ကိုင်ပုန်ကန်မှု ဆက်မလုပ်ဘဲ ဖျက်သိမ်းပြီး သွေးထွက်သံယိုမှုတွေ မဖြစ်စေခဲ့တဲ့ Wagner တပ်သားတွေနဲ့ တပ်မှူးတွေကို ကျေးဇူးတင်ကြောင်း သမ္မတပူတင်က ပြောပါတယ်။

Wagner တပ်ဖွဲ့ထဲက မိသားစုဆီ ပြန်လိုသူတွေ ပြန်ခွင့်ပေးမှာ ဖြစ်သလို ဘီလာရုစ်နိုင်ငံကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိသူတွေကိုလည်း သွားခွင့်ပြုဖို့သူ အာမခံတယ်လို့လည်း ပူတင်က ပြောပါတယ်။ ဒါမှမဟုတ် ရုရှား ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ဆိုပြီး တာဝန်ထမ်းဆောင်ရင်လည်း ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပုန်ကန်မှုကို ဦးဆောင်ခဲ့သူ Yevgeny Prigozhin အကြောင်းကို တော့ သမ္မတ ပူတင်က မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုတာမျိုးမရှိပါဘူး။

“ပုန်ကန်ဖို့ လှုံ‌ဆော်ခဲ့သူတွေဟာ တိုင်းပြည်နဲ့လူမျိုးကို သစ္စာဖောက်ပြီး ယူကရိန်းက နာဇီလက်သစ်တွေနဲ့ အနောက်နိုင်ငံက သခင်ကြီးတွေ အလိုကျ ရုရှား စစ်သား အချင်းချင်း သတ်ဖို့ ကြံစည်ခဲ့တယ်” လို့လည်း မိန့်ခွန်းမှာ ပူတင်က စွပ်စွဲပြောဆိုခဲ့ပေမယ့် “Wagner အဖွဲ့က စစ်သားတွေနဲ့ တပ်မှူးတွေ အများစုက သစ္စာစောင့်သိတဲ့ ရုရှားမျိုးချစ်တွေပါ” လို့ လည်း ဆိုပါတယ်။

တဖက်မှာလည်း ပုန်ကန်မှုကိုခေါင်းဆောင်ခဲ့တဲ့ Prigozhin က တနင်္လာနေ့မှာပဲ ပထမဆုံး အကြိမ် အဖြစ် တယ်လီဂရမ် ကတဆင့် ၁၁ မိနစ်ကြာ အများပြည်သူကို သတင်းထုတ်ပြန်ရာမှာ “တရားဝင် ရွေးကောက်တင်မြှောက်ထားတဲ့ လက်ရှိ အစိုးရကိုဖြုတ်ချဖို့ ရည်မှန်းချက် မရှိဘူး” လို့ ဆိုပါတယ်။ “ရုရှားစစ်တပ်က သူ့တပ်ဖွဲ့ဝင်တွေကို တိုက်လို့ တရားမျှတမှု ရဖို့ မော်စကို, ကို ချီတက်ဖို့ လုပ်ခဲ့တာ” လို့ ပြောပါတယ်။ ရုရှားစစ်တပ်က ဗာ့ဂနာ စခန်းကို ဒုံးကျည်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့လို့ လူ ၃၀ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ စခန်းတိုက်ခိုက်မှုကို ရုရှားဘက်က ငြင်းဆိုထားပါတယ်။

ဘီလာရုစ် သမ္မတ Alexander Lukashenko ရဲ့ ကြားဝင် စေ့စပ်ပေးခဲ့လို့ Wagner အဖွဲ့ရဲ့ ပုန်ကန်မှုဟာ စနေနေ့နှောင်းပိုင်းကတည်းက ရပ်တန့်ခဲ့တာပါ။ Prigozhin က သူ့ရဲ့ လက်ရှိနေထိုင်ရာနေရာ နဲ့ အနာဂတ်အစီအစဉ်တွေနဲ့ ပတ်က်ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော် ပြောဆိုတာမျိုး မရှိသေးပါဘူး။

ပုန်ကန်မှု ဖြစ်ပြီးနောက် ကာလကြာရှည် မဟာမိတ် အဖြစ် ရပ်တည်ခဲ့တဲ့ Prigozhin ကို သမ္မတ ပူတင်က 'သစ္စာဖောက်' လို့ ခေါ် ဆိုခဲ့ပေမယ့် ဘီလာရုစ်သမ္မတနဲ့ ညှိနှိုင်းထာတဲ့ သဘောတူညီချက်အရ တရားစွဲဆိုမှာ မဟုတ်ကြောင်းနဲ့ အိမ်နီးချင်း ဘီလာရုစ်ကိုကို သွားခွင့်ပြုခဲ့ကြောင်း သမ္မတ ပူတင်က ပြောပါတယ်။

ဒါပေမယ့် ရုရှားသတင်းအေဂျင်စီတွေကတော့Prigozhin ကို စွဲဆိုထားတဲ့ ရာဇ၀တ်မှုတွေကို ပိတ်သိမ်းထားခြင်းမရှိသေးကြောင်း ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG