သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ဦး ပစ်ခတ်မှု ကလေးငယ်တဦးသေဆုံး


ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ။ (ဓာတ်ပုံ - Rakhine Ethnics Congress)
ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ။ (ဓာတ်ပုံ - Rakhine Ethnics Congress)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း နောက်ထပ် ကလေးငယ်တဦးထပ်မံ သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရမှုတွေနဲ့ စစ်ဘေးအန္တရာယ်က တိမ်းရှောင်နေရတဲ့ အခြေအနေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ လက်နက်ကြီးကျည်ကြောင့် လူ ၁ ဦး သေဆုံးပြီး နောက်တရက်မှာပဲ နောက်ထပ် ကလေးငယ်တဦး သေဆုံးပြီး တချို့ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။ မြောက်ဦးမြို့၊ ထမရာဇ်ရပ်ကွက်မှာ မနေ့နှောင်းပိုင်းက လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ မြို့ခံ ကိုလှကျော်စံက ပြောပါတယ်။

“အဲဒီလက်နက်ဟာ မနေ့ညက ည ၄ နာရီအချိန်မှာ ဦးကျန်မြင့်အိမ်အရှေ့မှာ ကျတယ်ခင်ဗျာ။ အရှေ့မှာကျတာ့ ဦးကျန်မြင့်ရဲ့သား မျိုးအောင်ဌေး ၇ နှစ်အရွယ်ပေါ့နော်။ ပွဲချင်းပြီးသေသွားတယ်ဗျ။ နောက်ပြီး ဦးကျန်မြင့်ဆိုတာကလည်း အခုတော့မြောက်ဦးဆေးရုံမှာ အရေးပေါ်လူနာအဖြစ်နဲ့ ခံယူနေတယ်ခင်ဗျ။ နောက်ပြီးအိမ်နီးနားချင်းဖြစ်တဲ့ ဒေါ်ဦးသန်းယဉ်လေ။ သူကတော့ ညာဘက်လက်မောင်းကို ဖေါက်သွားတယ်ခင်ဗျ။ ပစ်တာကတော့မြောက်ဦးမြို့ထဲက ပစ်တယ်ခင်ဗျ။ ငွေတောင်ပေါက် သူတော်မတောင်ဘက်က ပစ်တယ်လေ။ တပ်ကတော့ ငွေတောင်ပေါက်ဘက်မှာ စေတီရှိတယ်လေ။ အဲဒီစေတီတောင်ဘက်မှာသူတို့ တပ်စွဲနေတာကိုး။ အဲ လက်နက်ကြီးလည်း အထိုင်ချတယ်သူတို့မှာ။”

လက်နက်ကြီးကျည်ထိမှန်ခဲ့လို့ ကလေးငယ်မောင်မျိုးအောင်ဌေး သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူ ဦးကျန်မြင့်နဲ့ အိမ်နီးချင်း ဖြစ်သူ ဒေါ်ဦးသန်းယဉ်တို့ ဒဏ်ရာပြင်းထန်စွာ ရရှိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

တပ်မတော် လက်ချက်အဖြစ် ဒေသခံတွေက စွပ်စွဲနေတဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ပတ်သက်လို့ တပ်မတော်ပြောခွင့်ရသူကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။

တနင်္ဂနွေနေ့မှာတုန်းကလည်း ရသေ့တောင်မြို့နယ်မှာ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ရွာသစ်ကေကျေးရွာက ကျောင်းဆရာတဦး သေဆုံးသွားခဲ့ပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့အခြေပြုနေတဲ့ ရသေ့တောင်မြို့နယ် အောင်သာစည်ကုန်းကို မြန်မာစစ်တပ်ကနေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြည်း၊ ရေ၊ လေ ပူးပေါင်းအင်အားနဲ့ထိုးစစ်ဆင်ခဲ့ပြီး နောက်ဆက်တွဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မနေ့တုန်းကလည်း လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ထောင်ချီတဲ့လိုင်ဂွင်ရွာသားတွေဟာ နီးစပ်ရာရွာနဲ့ ပုဏ္ဏားကျွန်း မြို့နယ်ထဲ တိမ်းရှောင် ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံရွာသားတဦးကပြောပါတယ်။

“နေရာတိုင်းပဲ ပစ်နေတယ်သူတို့က။ ဇက်က ဒီနေ့လည်း ပစ် မနေ့ကလည်း ပစ်တယ်လေ။ ထိုးစစ်ဆင်တာတော့ မရှိသေးဘူး။ ဇက်သင်္ဘောကနေပြီးတော့ လက်နက်ပစ်တယ်။ အဲဒီလိုင်ဂွင်ရွာမှာကို ထိတယ်လေ။ ပထမတခေါက်လေယာဉ်နဲ့ ပစ်လို့ သူတို့ရွာမှာ ပစ်လို့ မူးတယ်၊ အော့တယ်၊ အန်တယ်ဖြစ်သွားတယ်လေ။ ဓါတုလက်နက်တွေ ပါလို့ ထိတ်လန့်တယ်လေ။ မနေ့တုန်းကလည်း ထပ်ပြီးတော့ပြေးနေကြတယ်လေ။ လိုင်ဂွင်ကြီးချောင်းဘက်ကို သွားတဲ့သူထွက်ပြေးသွားကြတယ်။ ပုဏ္ဏားကျွန်းမြို့နယ် သြရမဘက်ကို ရှောင်ပြီးထွက်ပြေးသွားကြတာ။ ပြေးတဲ့သူက ၁,၀၀၀ ကျော်လောက်ရှိတယ်။”

ပုဏ္ဏားကျွန်းမြို့နယ် သြရမကျေးရွာဘက်မှာ စစ်ရှောင်ဦးရေ ၂၀၀ ကျော်ရောက်ရှိနေတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း နှစ်နှစ်နီးပါး စစ်ရေးတင်းမာမှုအတွင်း ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေမြင့်တက်လာနေသလို အရပ်သား ၂၂၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက စာရင်းထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews ကလည်း ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ကြုံနေရတဲ့အပေါ် ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ သတိပေးခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ်က ကျေးရွာတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေ ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကိုလည်း ချက်ခြင်းရပ်ဖို့နဲ့ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေတွေ အဆုံးသတ်နိုင်အောင် အပစ်အခတ် ရပ်စွဲကြဖို့လည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG