သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ ရိုဟင်ဂျာတွေ လူသားဒိုင်းသဖွယ် အသုံးချခံနေရလို့ ရိုဟင်ဂျာအဖွဲ့ စွပ်စွဲ


ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခ တွေကြောင့် ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာစခန်းတခု
ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခ တွေကြောင့် ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာစခန်းတခု

(Zawgyi/Unicode)

ရခိုင်ပြည်မှာ ပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေတာနဲ့ အမျှ ရခိုင်မှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကို လူသားဒိုင်းအဖြစ် အသုံးချဖို့ မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ဖြစ်လာနေတယ်လို့ အမေရိကန် အခြေစိုက် Arakan Rohingya Union က အောက်တိုဘာလ (၁၉)ရက် တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ (၅)ရက်နေ့က ဘူးသီးတောင်ဒေသမှာ ဖြစ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ကြား တိုက်ပွဲအတွင်း လယ်ယာစိုက်ခင်းမှာ အလုပ်လုပ်နေတဲ့ ရိုဟင်ဂျာ ကလေးနှစ်ဦးအပါအဝင် လူကြီး စုစုပေါင်း ၁၅ ဦးကို မြန်မာစစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲပြီး တိုက်ပွဲအတွင်း လူသားဒိုင်းသဖွယ် အသုံးပြုခဲ့တယ်လို့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း အသက် (၁၀)နှစ်နဲ့ (၁၁)နှစ် အရွယ် ရိုဟင်ဂျာ ကလေးနှစ်ဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ်မှာ မြန်မာစစ်တပ်ရော AA အဖွဲ့ကပါ တဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲပြောဆိုထားတယ်လို့လည်း Arakan Rohingya Union ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါအပြင် နိုဝင်ဘာလ ရွေးကောက်ပွဲမှာလည်း ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရိုဟင်ဂျာတွေ မဲပေးခွင့်မရတဲ့ အခြေအနေဟာ အရင်က အရေအတွက်ထက် နှစ်ဆတိုးများလာသလို၊ ရိုဟင်ဂျာတွေကို ကိုယ်စားပြု ယှဉ်ပြိုင်မယ့်သူအများစု ပါဝင်ခွင့်မရအောင် အစိုးရ ရွေးကောက်ပွဲကော်မရှင်က ပိတ်ပင် တားဆီးခဲ့တယ် လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးသွားကြတဲ့ မွတ်စလင်ဒုက္ခသည်တွေ နေရပ်ပြန်ခေါ်ရေးအစီအစဉ်ကို အားကြိုးမာန်တက်ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့က ပြုလုပ်တဲ့ သုံးနှစ်ပြည့် UEHRD ကော်မတီ အခမ်းအနားအဖွင့် ဗွီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ စတင်ဖွဲ့စည်းပြီးချိန် သုံးလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့ အညီ ပြန်လည်လက်ခံရေး လုပ်ငန်းတွေအတွက် အဆင်သင့်ဖြစ်နေခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ပြန်လည် လက်ခံရေးစခန်း (၂)ခုနဲ့ ယာယီကြားစခန်းတခုကို အချိန်တိုအတွင်း အပြီးလုပ်နိုင်ခဲ့ကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်တွင်းက အကူအညီလိုအပ်နေသူအတွက်လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်နိုင်ဖို့ နိုင်ငံအနှံ့အပြားက စေတနာ့ဝန်ထမ်းလူငယ်တွေနဲ့ UEHRD စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ် ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုဆောက်တည်ရေး လုပ်ငန်းတွေ အထူးလိုအပ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ဗွီဒီယိုမိန့်ခွန်းမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)








XS
SM
MD
LG