သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ပဋိပက္ခမှာ အရပ်သားတွေကို ညှာတာမှုမရှိ တိုက်ခိုက်နေကြောင်း အထောက်အထားသစ်တွေ AI အဖွဲ့ကြီး ထုတ်ပြန်


Amnesty International အဖွဲ့မှ မီးလောင်တဲ့ရွာများကို ဂြိုလ်တုစလောင်းကနေ လှမ်းထားသည့်ပုံ
Amnesty International အဖွဲ့မှ မီးလောင်တဲ့ရွာများကို ဂြိုလ်တုစလောင်းကနေ လှမ်းထားသည့်ပုံ

(Zawgyi/Unicode)

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား ပဋိပက္ခတွေ အရှိန်မြင့်တက်လာတာနဲ့အမျှ အရပ်သားတွေအပေါ် ညှာတာမှုမရှိ မဆင်မခြင်တိုက်ခိုက်နေတာတွေ၊ ရွာတွေမီးရှို့ဖျက်စီးနေတာတွေနဲ့ ပတ်သက်လို့ သက်သေအထောက်အထားအသစ်တွေ စုစောင်းထားတဲ့ အစီရင်ခံစာကို AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက အောက်တိုဘာလ ၁၂ ရက် တနင်္လာနေ့က ထုတ်ပြန်လိုက်ပါတယ်။

သူတို့ရရှိထားတဲ့ သက်သေအထောက်အထားတွေကိုကြည့်ရင် မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာ တကယ်ကို တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်ပြီး လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအခြေအနေကို အမြန်ဆုံးအရေးယူကိုင်တွယ်ဖို့ AI အဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ထုတ်ပြန်လိုက်တဲ့ အဲဒီအစီရင်ခံစာဟာ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတွေကို တွေ့ဆုံမေးမြန်းထားတဲ့ သက်သေခံထွက်ဆိုချက်တွ၊ရွာအတော်များများမီးလောင်ကျွမ်းနေတာတွေကို ဂြိုလ်တုစလောင်းကနေ လှမ်းပြီးရိုက်ယူထားတဲ့ ဓါတ်ပုံတွေ၊ ရခိုင်ပြည်နယ်က သတင်းမီဒီယာတွေ ရရှိထားတဲ့ ဓါတ်ပုံတွေနဲ့ ဗွီဒီယိုမှတ်တမ်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေက ရရှိထားတဲ့ အချက်အလက်တွေပေါ် အခြေခံစုစည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ နာမည်တွေကတော့ လုံခြုံရေးအရ နာမည်အရင်းတွေပြောင်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေဟာ လျော့နည်းသွားမယ့် လက္ခဏာမရှိတဲ့အပြင် အရပ်သားတွေအနေနဲ့လည်း စစ်ဘေးဒဏ်ကို ပြင်းပြင်းထန်ထန် ဆက်ပြီးခံနေရဆဲဖြစ်တယ်လို့ AI ဒေသဆိုင်ရာ လက်ထောက်ညွန်ကြားရေးမှူး Ming Yu Hah ကပြောပါတယ်။ ဒါအပြင် မြန်မာစစ်တပ်က ဒီလို အရပ်သားတွေ ဆင်းရဲဒုက္ခရောက်နေတာကို လုံးဝလျစ်လျူရှုထားမှုဟာ တုန်လှုပ်စရာကောင်းပြီး အရှက်သိက္ခာမဲ့တဲ့လုပ်ရပ်ဖြစ်နေကြောင်း၊ ဒါကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံရဲ့ အခြေအနေကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးလွဲှပြောင်းပေးရေး ဆုံးဖြတ်သင့်ကြောင်း Ming Yu Hah ကတိုက်တွန်းသွားပါတယ်။

ဒါအပြင် အရပ်သားတွေနေထိုင်တဲ့ ဒေသတဝိုက်မှာ တွေ့ရတဲ့ မြေမြှုပ်မိုင်း ပုံတွေကို AI ရဲ့ လက်နက်ဆိုင်ရာ ကျွမ်းကျင်သူတွေက လေ့လာဆန်းစစ်ခဲ့ပြီး မြန်မာစစ်တပ်က မကြာခဏ အသုံးပြုနေတဲ့MM2 အမျိုးအစားမြေမြှုပ်မိုင်းတွေဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒီလက်နက်အမျိုးအစားဟာ သာမန် မြေမြှုပ်မိုင်းတွေထက် ပိုကြီးပြီး ပြင်းထန်တဲ့ ပေါက်ကွဲ ပျက်စီးမှုကိုဖြစ်စေတယ်လို့ ဆိုပါတယ်။

AI လို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမျိုးဟာ နိုင်ငံတကာဥပဒေနဲ့ အညီ ပြုလုပ်ထားတာဖြစ်တဲ့အတွက် အခုအစီရင်ခံစာပါ အချက်တွေဟာ အရေးကြီးပြီး ထိရောက်မှုရှိတယ်လို့ မြင်ကြောင်း မြန်မာနိုင်ငံရေး လေ့လာသုံးသပ်နေသူ ဒေါက်တာတင်မောင်သန်းက ဗွီအိုအေကို ပြောပါတယ်။

“အရေးတော်တော်ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ စောစောက ပြောခဲ့သလိုပဲ တရုတ်လို နိုင်ငံမျိုးက စပြီးတော့ ခိုလုံခွင့် နိုင်ငံတကာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးထားလာပြီ ဆိုတဲ့ သဘောကိုက အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာပါမယ်လို့ သူ့ပိုင်းဖြတ်ချက် ကတိကဝတ် ထားတဲ့ အခြေအနေကို ရောက်လာတယ်။ အဲဒါက ကျနော်တိုင်းပြည်က ထွက်ပြေးရတဲ့ ၂၀၀၀ ခုနှစ်တုန်းကဆိုရင် နိုင်ငံပေါင်းက ၈၅ နိုင်ငံလောက်ပဲ ရှိတယ်။ အခုဆိုရင် ၁၃၀ ကျော်လောက်ရှိလာတာ။ ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံ ၃ ပုံ ၂ ပုံက အခြေခံ လူ့အခွင့်အရေးတွေကို လေးစားရမယ်ဆိုတဲ့ အမြင် ကတိကဝတ်ရှိလာတာကို တွေ့ရတယ်။ အဲဒီအချိန်မှာကျနော်တို့ ဘာသွားတွေ့ရသလဲဆိုတော့ မြန်မာနိုင်ငံက အခြေခံလူ့အခွင့်အရေးရဲ့ သဘော တရားကိုတောင်မှပဲ နိုင်ငံတကာ ဆက်ဆံရေးမှာ အရေးပါလာတာကို သိပ်ပြီးတော့ သဘောမပေါက်သေးတဲ့ အဖြစ်မျိုးတွေ သွားပြီးတော့တွေ့ရတယ်။ နောက်တချက်ကတော့ အထောက်အထားပေါ့နော် ဒါလည်း နားလည်မှုက ကွဲ ပြားနေတာတွေ့ရတယ်။”

မေး။ AI တို့ HRW တို့လို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်ရင်မြန်မာစစ်တပ်ကဘက်က အရင်က တုန့်ပြန်ထားတာက ဒီလိုအစီရင်ခံစာတွေကြာင့် သူတို့ဘက်က ခုံရုံးဖွဲ့အချက်အလက်တွေကို စစ်ဆေးတာတွေလုပ်လာရတယ်။ စစ်တရားရုံးဥပဒေကြောင်းအရလည်း ပြန်ပြီးသုံးသပ်မှုတွေရှိသလို၊ တပ်မတော်ကိုယ်တိုင်လည်း စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ တုန့်ပြန်ထားတာရှိပါတယ်။ အဲတော့ စစ်တပ်ရဲ့ ချဉ်းကပ်ပုံနဲ့ အခု AI လို နိုင်ငံတကာအဖွဲ့တွေက စုံစမ်းချဉ်းကပ်ပုံဘယ်လို ကွာခြားမှုတွေရှိနေလဲ။

ဖြေ။ ။ ယေဘုယျအားဖြင့်တော့ ကောင်းပါတယ်။ ဒါက မြန်မာနိုင်ငံအတွက် ဖြစ်ပေါ်တိုးတက်မှုပေါ့။ တပ်မတော်ကိုယ်တိုင်က မိမိတပ်မတော်သားတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နိုင်တဲ့အတွက်ကြောင့် စစ်ဆေးလာတယ်ဆိုတာတွေပေါ့။ ဒါပေမဲ့ နိုင်ငံတကာခုံရုံးတွေကို ရင်ဆိုင်တဲ့အခါမှာ သက်သေအထောက်အထားပေါ်မှာ မြင်တဲ့အမြင် တွေကွာနေတာတွေ့ရတယ်။ ဥပမာ- ရခိုင်မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်လို့ မြန်မာဘက်က အစဉ်အဆက်ပြောခဲ့တာက အထောက်အထားပြပါလို့ဆိုတယ်။ မြန်မာနိုင်ငံက ပြောနေတာတွေက များသောအားဖြင့် ရာဇဝတ်မှုမှာပြောတဲ့ အထောက်အထားသဘောတွေဖြစ်နေတယ်။ လူ့အခွင့်အရေးမှာ ပြောတဲ့ အထောက်အထားတွေမဟုတ်ဘူး။ လူ့အခွင့်အရေးချိုးဖောက်ခံရတယ်ဆိုတဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေရဲ့ ထွက်ဆိုချက်က အင်မတန်အချိန်စီးတယ်။ အဲဒါက တော်တော်လေးအရေးပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးနိုင်ငံတကာ ခုံရုံးတွေက စဉ်းစားပုံတွေမှာ ဥပမာ မြန်မာနိုင်ငံက သက်သေအထောက်အထားရှာမယ်၊ ကြည့်မယ်ဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝင်ခွင့်မပြုတာကိုက ဘာဖြစ်သွားမလဲဆိုရင် ပတ်ဝန်းကျင်သက်သေအထားတခု ပြန်ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ရာဇဝတ်မှုအထောက်အထားတွေမှာ အဲဒီလို ယူလို့မရဘူး။

တနင်္လာနေ့က ထုတ်ပြန်တဲ့ AI ရဲ့ အစီရင်ခံစာမှာ- စက်တင်ဘာလ ၁၈ ရက်နေ့က ပလက်၀ ဒေသမှာ မျှစ်ရှာနေတဲ့ အသက် ၄၄ နှစ်အရွယ် ချင်းအမျိုးသမီး တဦး မြေမြှုပ်မိုင်း ထိမှန်သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကို ဖေါ်ပြထားပါတယ်။ အဲဒီအမျိုးသမီး မြေမြှုပ်မိုင်းထိခဲ့တဲ့နေရာဟာ တပ်မ ၂၈၉အခြေစိုက်စခန်း အနီးအနားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

မြန်မာစစ်တပ်ရော ရခိုင်လက်နက်ကိုင်အဖွဲ့ပါ နှစ်ဖက်စလုံးက လူသေစေနိုင်တဲ့ လက်နက်တွေကို အသုံးပြုကြပြီး ဒါတွေကို သက်သေပြဖို့ မလွယ်ကူးတဲ့ အကြောင်းအရင်းမှာ မြေပြင်အခြေအနေကို မှတ်တမ်းတင်စုစောင်းစုတဲ့ သူတို့ရဲ့ လုပ်ငန်းတွေအပေါ် ကန့်သတ်ချက်တွေရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါအပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် မြန်မာစစ်တပ်တွေတိုးချဲ့နေရာယူထားတဲ့သတင်းတွေအပေါ် စိုးရိမ်မကင်းဖြစ်မိကြောင်းAI ရဲ့ အစီရင်ခံစာက ဆိုပါတယ်။


.............


(Unicode)














XS
SM
MD
LG