သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေမြို့ပေါ် ဆန္ဒပြသူ လေးဦးထက်မနည်း ဖမ်းဆီးခံရ


စစ်တွေမြို့အတွင်း ဆန္ဒပြသူတွေထဲက ကျောင်းသားလေးဦး ဖမ်းဆီးခံရတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၁၉၊ ၂၀၂၀)
စစ်တွေမြို့အတွင်း ဆန္ဒပြသူတွေထဲက ကျောင်းသားလေးဦး ဖမ်းဆီးခံရတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အစိုးရနဲ့ စစ်တပ်ကို ဆန့်ကျင်ဆန္ဒတဲ့ လှုပ်ရှားမှုတခု ဒီကနေ့ ပြုလုပ်ခဲ့ရာမှာ ဦးဆောင်လှုပ်ရှားသူ ကျောင်းသားလူငယ်တချို့ အပါအဝင် လူ ၄ ဦးထက်မနည်းကို အာဏာပိုင်တွေ ဖမ်းဆီးသွားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်ထောင်စု အစိုးရနဲ့ တပ်မတော်ကို အလိုမရှိကြောင်း ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီးတော့ ဒီကနေ့ နေ့လယ် တစ်နာရီလောက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ လူအင်းအား ၅၀ ကျော်လောက်ပါဝင်ပြီး အဲဒီထဲက ကျောင်းသား ခေါင်းဆောင်လေးဦးကို စစ်တွေမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ရခိုင်ပြည် ကျောင်းသား သမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကို ဘုန်းပြည့်ဖြိုးဟိန်းက ပြောပါတယ်။

“ဦးဥတ္တမ ပန်းခြံနားရောက်တဲ့ အချိန်မှာ ရဲတွေက ပိတ်လိုက်တယ်။ ပိတ်လိုက်တဲ့ အချိန်မှာ ကျနော်တို့က ဆန္ဒပြတဲ့ သူတွေက အဲဒီနေရာမှာ ကျနော်တို့က ငြိမ်းချမ်းစွာ ထိုင်ပြီးတော့ ဆန္ဒပြတာတွေရှိတယ်။ အဲဒီအချိန်မှာပဲ ရဲတပ်ဖွဲ့ကနေ ပြီးတော့ ဆန္ဒပြနေတဲ့ လူအုပ်ကြီးကို အတင်းတိုးဝှေ့ပြီးတော့ပေါ့နော် ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီးသွားပါတယ်ဟုတ်။ အဓိကတော့ ကျောင်းသားလေးဦး ဖမ်းဆီးခံရတာ သေချာပေမဲ့ တစ်ခြားသူတွေ ဖမ်းဆီးခံရလား မခံရဘူးလားဆိုတာကတော့ မသိရသေးပါဘူးဟုတ်။”

လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဒေသခံပြည်သူတွေ ဖမ်းဆီးခံရတာတွေ သတ်ဖြတ်ခံရတာတွေ ရှိနေတာကြောင့် တာဝန်ရှိတဲ့ စစ်တပ်နဲ့ ပြည်ထောင်စုအစိုးကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ဆန္ဒပြခဲ့ကြတာလို့လည်း ကိုဘုန်းပြည့်ဖြိုးက ပြောပါတယ်။

စစ်တွေမြို့နယ်အတွင်း လှည့်လယ် ဆန္ဒပြတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၁၉၊ ၂၀၂၀)
စစ်တွေမြို့နယ်အတွင်း လှည့်လယ် ဆန္ဒပြတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၁၉၊ ၂၀၂၀)

“ကျနော်တို့ ဒီနေ့ ဆန္ဒထုတ်ဖော်ရတာကတော့ ကျနော်တို့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်ပေါ့နော်။ လူသတ်နေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ မတရားသတ်ဖြတ်နေတာတွေ ရှိတယ်။ အဲဒါကို ကျနော်တို့ ရခိုင်ပြည်နယ်ကနေ ထွက်သွားဖို့ အတွက် ဆန္ဒပြတာပေါ့နော်။ ပွင့်ပွင့်လင့်လင့် ပြောရရင် ကျနော်တို့ သတ်မှတ်ထားတာက အဲဒီအဖွဲ့တွေဟာ မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံ စစ်တပ်တို့ဖြစ်တယ်။ အဲဒီအဖွဲ့အစည်းတွေက ရခိုင်ပြည်ကို လာပြီးတော့ ရခိုင်ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်နေတယ်။ ဖမ်းဆီးနေတယ်။ အဲဒါကြောင့် အဲဒီအဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်ကနေ ထွက်သွားဖို့ ဆန္ဒပြတောင်းဆိုရတာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အစိုးရရုံးရှေ့မှာ ရခိုင်ပြည်နယ်မှာ အင်တာနက် အပြည့်အဝ ပြန်လည်ဖွင့်ပေးဖို့ နဲ့ ပြည်နယ်အစိုးရ အလိုမရှိကြောင်း ဆန္ဒဖော် ထုတ်ခဲ့ကြတဲ့ ရခိုင်ပြည်ကျောင်းသား ခေါင်းဆောင် သုံးဦးကိုငြိမ်းစုစီပုဒ်မနဲ့ ဖမ်းဆီးတရားစွဲ ဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ကစ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အခုအချိန်အထိလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ၊ သိန်းနဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းနဲ့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ လက်နက်ကိုင် ပဋိပက္ခတွေကြား အရပ်သားတွေ ထိခိုက်သေကြေမှုတွေနဲ့ ပတ်သက်လို့လည်း စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေအထိ ဖြစ်နိုင်တဲ့အကြောင်း သတိပေးထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]



စစ်တွေမြို့အတွင်း ဆန္ဒပြသူတွေထဲက ကျောင်းသားလေးဦး ဖမ်းဆီးခံရတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၁၉၊ ၂၀၂၀)
စစ်တွေမြို့အတွင်း ဆန္ဒပြသူတွေထဲက ကျောင်းသားလေးဦး ဖမ်းဆီးခံရတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၁၉၊ ၂၀၂၀)








XS
SM
MD
LG