သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်ဖမ်းဆီးခံ အမ်းမြို့နယ်သား ၄ ဦး မိသားစုအဆက်အသွယ်မရသေး 


ရခိုင်ပြည်နယ် စစ်တွေမြို့မှာတွေ့ရတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ။ (အောက်တိုဘာ ၃၁၊ ၂၀၁၂)
ရခိုင်ပြည်နယ် စစ်တွေမြို့မှာတွေ့ရတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ။ (အောက်တိုဘာ ၃၁၊ ၂၀၁၂)

(Zawgyi/Unicode)

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၄ဦးကို တပ်မတော်က ဖမ်းဆီးထားတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေတဲ့ အကြောင်း ကိုသက်နိုင် ပြောပြပါမယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို သတင်းပေး၊ ဆက်ကြေးရိက္ခာစုဆောင်းပေးတဲ့ လုပ်ရပ်တွေနဲ့ ဆက်နွယ်နေသူ လူ ၄ ဦးကို မကြာသေးခင် ရက်တွေအတွင်း ဖမ်းဆီးထားကြောင်း တပ်မတော်က ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် စနဲကျေးရွာက ဖမ်းဆီးခံခဲ့ရသူတွေထဲက တဦးဖြစ်တဲ့ အသက် ၄၅နှစ်အရွယ် ဦးညီပုရဲ့ မိသားစုဝင်တဦးကတော့ ဖမ်းဆီးခံရချိန်ကစ အဆက်အသွယ်မရတာကြောင့် စိုးရိမ်တယ်လို့ ပြောပါတယ်။

" စိုးရိမ်စိတ်တော့ ရှိတယ် အခုအချိန်ထိ တွေ့ခွင့်လည်းမရသေး အဆက်အသွယ်လေးမရသေး။ ပြီးတော့ သမီးတို့လည်း အိမ်မှာနေလို့ မရဘူးဖြစ်နေတယ်။ တစ်ခြာနေရာတွေ ရှောင်ပြေးနေရတယ်။ လုံခြုံတဲ့နေရာတွေကို အဲလိုမျိုးတွေ နေရတယ်။"

တပ်မတော် ထုတ်ပြန်ချက်မှာတော့ AAအဖွဲ့ကို သတင်းပေး၊ ဆက်ကြေးရိက္ခာစုဆောင်းပေးနေတဲ့ သတင်းရရှိတာကြောင့် ရှာဖွေဖော်ထုတ်ရာက ဖမ်းဆီးမိခဲ့တာဖြစ်ပြီး ဥပဒေနဲ့အညီအရေးယူမှာ ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

အမ်းမြို့နယ်မှာ လူမှုရေးအကူအညီပေးနေတဲ့ ကိုမျိုးလွင်းကတော့ ဒီရက်ပိုင်းအတွင်း တပ်မတော်က ဖမ်းဆီးသွားသူတွေရှိပြီး၊ ပြန်လွတ်လာသူတွေ ရှိပေမဲ့ အနည်းဆုံး ၅ ယောက် ဖမ်းဆီးခံထားရတယ်လို့ ပြောပါတယ်။

" လက်ရှိအခြေအနေအရတော့ တပ်မတော်ကနေပြီးတော့ စနဲကျေးရွာသားတွေကို ဖမ်းဆီး ထိန်းသိမ်းတဲ့အချိန်ကတည်းက တိုက်ပွဲတွေ မရှိဘူး။ နောက်ပြီးတော့ ဖမ်းဆီးထိန်းသိမ်း ခြင်းခံရတဲ့ သူကတော့ လေးဦးမကဘူး အောက်တိုဘာ ၁၀ရက်နေ့က သုံးယောက်ဖမ်းတယ်။ နောက်ပြီးတော့ အောက်တိုဘာ ၁၂ရက်နေ့က ၆ယောက်ဖမ်းတယ်။ အဲဒီ ၉ဦးထဲမှာ လေးယောက်ကတော့ရွာကို ပြန်ရောက်တယ်။ နောက်ငါးယောက် ကျန်နေသေးတာပေါ့နော်။"

အမ်းမြို့နယ်နဲ့ မိုင်သုံးဆယ်လောက်ဝေးတဲ့ စနဲကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာတွေ မရှိသလိုဖမ်းဆီးခံရ သူတွေဟာလည်း သစ်ခုတ်ဝါးခုတ်နဲ့ တောင်ယာလုပ်ငန်း လုပ်ကိုင်သူတွေ ဖြစ်တယ်လို့လည်း မိသားစုဝင်တွေက ပြောဆိုကြပါတယ်။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးသမားတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ ဒေသခံတွေဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးမှုနဲ့ မကြာခဏ ကြုံရလေ့ရှိသလို၊ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးသွားတွေလည်း ရှိပါတယ်။

ဒီသီတင်းပတ်ထဲမှာပဲ တောင်ကုတ်မြို့နယ်မှာလည်း ရှေ့လရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကိုယ်စားလှယ်လောင်း ၃ ဦးကို ဘယ်အဖွဲ့ကမှန်းမသိတဲ့ လက်နက်ကိုင်တချို့က ဖမ်းဆီးသွားတဲ့အတွက် မိသားစုနဲ့ မိတ်ဆွေတွေ စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)











XS
SM
MD
LG