သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလက်နက်ကိုင်ပဋိပက္ခကြောင့် ကလေးငယ်တွေထိခိုက်သေဆုံးမှုများလာ


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသောစစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ မိသားစု တစုကို တွေ့ရ။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉)
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသောစစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ မိသားစု တစုကို တွေ့ရ။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉)

[Zawgyi/Unicode]

ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံအဝန်းက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးငယ်တွေ အပါအဝင် ထိခိုက်သေဆုံးမှုတွေ တိုးလာနေတဲ့အပေါ် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ စိုးရိမ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၂၀ ပြည့် ပထမ ၃ လအတွင်း ကလေးငယ် ၁၀၀ ကျော် သေကြေဒဏ်ရာ ရခဲ့တာဟာ ပြီးခဲ့တဲ့နှစ် တနှစ်လုံးရဲ့ ထက်ဝက်ကျော် ရှိနေတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ဒီကနေ့ပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီကိန်းဂဏန်းဟာ ၂၀၁၈ ခုနှစ် တနှစ်လုံးထက်လည်း သိသိသာသာ များနေတယ်လို့ ပြောပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ ညီမျှခြင်းမြန်မာ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ကလေးသူငယ် သေဆုံးမှု အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။

"ရခိုင်ဘက်မှာ အခုဆိုလို့ရှိရင် တိုက်ပွဲတွေ ပိုပြီးတော့ ဖြစ်လာတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိလာတဲ့အခါမှာ ပြန်ပြီးတော့ တိုက်ပွဲကြောင့် သေဆုံးတဲ့ ကလေးတွေရဲ့ အခွင့်အရေးကတော့ တစ်ဖန်ပြန်ပြီးတော့ မြင့်တက်လာတာပေါ့နော်။ အရင်တုန်းက သေဆုံးမှုကကျနော်တို့ဒီ ကျန်းမာရေးကြောင့် သေဆုံးမှုတို့ အာဟာရနည်းပါးမှုကြောင့် သေဆုံးမှုတို့ နေရာမျိုးကနေ စစ်ပွဲကြောင့် သေဆုံးတဲ့ ကလေးတွေရဲ့ နှုန်းက ရခိုင်ပြည်နယ်ဘက်မှာ ပိုပြီးတော့ မြင့်လာတယ်။ ဒီနှစ်အတွင်းမှာဆိုရင် ပိုပြီးတော့ မြင့်လာတာကို တွေ့ရပါတယ်ခင်ဗျာ။"

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ တပတ်အတွင်းမှာပဲ အရပ်သား ၃ ဦး သေဆုံးပြီး၊ ၇ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ဖော်ပြခဲ့တာပါ။ ဦးအောင်မျိုးမင်းကတော့ စစ်ရေးပဋိပက္ခအတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ မဆင်မခြင် လုပ်ရပ်တွေကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သားတွေ သေကြေနေရတာလို့ ပြောပါတယ်။

"တိတိကျကျပြောရမယ်ဆိုရင်တော့ လက်နက်ကိုင်ပက္ခတွေအတွင်းမှာ ကလေးတွေ ကိုယ်တိုင် ပါဝင်တဲ့ ကိစ္စကတော့ နည်းသွားပါပြီ ဒါပေမဲ့ တိုက်ပွဲတွေ ကြားထဲမှာ မဆင်မခြင်ပစ်ခတ်တာတွေ နောက်ပြီးတော့ သူတို့စာသင်နေတဲ့ ကျောင်းတွေ သူတို့ပုန်းအောင်နေတဲ့ နေရာတွေကို လက်နက်ကြီးတွေ ကျတဲ့အတွက် သေဆုံးမှုဖြစ်တဲ့ဟာက ပထမဆုံးတစ်ခုပါ။ နောက်တစ်ခုက ဘာတွေ့ရလဲဆိုတော့ တိုက်ပွဲအတွင်းမှာ လက်နက်တွေ ဗုံးတွေကို တွေ့ရှိပြီးတော့ ဆော့ကစားတဲ့ သေဆုံးမှုတွေ ရှိတာကိုလည်း တွေ့ရတယ်။ ဒီဟာကတော့ အများဆုံးပေါ့။"

ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေသေးသလို ပြီးခဲတဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ ကလည်း မြောက်ဦးမြို့ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၉ နှစ် အရွယ်ကလေး တစ်ဦးသေဆုံးခဲ့ပါတယ်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကတော့ တိုက်ပွဲအတွင်း ကလေးသူငယ်သေဆုံးမှုတွေကို မရှိအောင် လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အပစ်ရပ်စဲဖို့ လိုတယ်လို့လည်း ပြောပါတယ်။

"ပြောချင်တာကတော့ နှစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ပစ်ခတ်ရပ်ဆဲဖို့ပေါ့နော်။ စားပွဲဝိုင်းနိုင်ငံရေးထဲမှာ ပြေပြေလည်လည်ဆွေးနွေးပြီးတော့ အပစ်ရပ်မှပဲ ကလေးတွေ သေဆုံးမှုက နည်းလာမယ်။ ကလေးတွေ သေတာမရှိဖို့အတွက် နှစ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အပစ်ရပ်ပြီး စားပွဲဝိုင်းမှာဆွေးနွေးဖို့လိုတယ်လို့ပြောချင်ပါတယ်။"

ရခိုင်ပြည်နယ်မှာ တိုက်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးဒဏ်ရာရတာတွေ များပြားလာနေသလို တိုက်ပွဲအတွင်း အရပ်သားတွေ သေဆုံးတာနဲ့ပတ်သတ်ပြီး ကျူးလွန်သူတွေကို မြန်မာအာဏာပိုင်တွေအနေနဲ့ ထိရောက်စွာအရေးယူဖို့ လိုအပ်တယ်လို့လည်း ညီမျှခြင်းမြန်မာက ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

"ကျနော်တို့ ဒီလိုအရပ်သားတွေ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေ သေဆုံးတာက လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်သလို ရာဇဝတ်မှုလည်း ဖြစ်ပါတယ်။ ဒါမျိုးကိစ္စကို ဘယ်သူပဲ ကျူးလွန်၊ ကျူးလွန် ဘယ်တပ်ဖွဲ့ကပဲ ဖြစ်ဖြစ် ကျုးလွန်သူကို တရားဥပဒေအတိုင်း စစ်စည်းကမ်း အတိုင်းအရေး ယူဖို့လည်း လိုအပ်ပါတယ်။"

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews ကလည်း ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ကြုံနေရတဲ့အပေါ် ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ သတိပေးခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ်က ကျေးရွာတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေ ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကိုလည်း ချက်ခြင်းရပ်ဖို့နဲ့ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေတွေ အဆုံးသတ်နိုင်အောင် အပစ်အခတ် ရပ်စဲကြဖို့လည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG