ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်ပြီး အရေးယူနိုင်ရေး အတွက် စုံစမ်းရေး ကော်မရှင်ကို လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးဖို့ မြန်မာ အစိုးရကို အရှေ့တောင်အာရှ နိုင်ငံခြားရေး ဝန်ကြီးတွေက တိုက်တွန်းကြောင်း စကာၤပူနိုင်ငံခြားရေး ဝန်ကြီးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ဖိလစ်ပိုင် သံတမန်ဟောင်း ရိုဆာရီယို မယ်နာလို၊ ဂျပန် သံတမန်ဟောင်း ကင်ဇိုအိုရှီးမားနဲ့ မြန်မာနိုင်ငံက ပုဂ္ဂိုလ်နှစ်ဦးတို့နဲ့ ဖွဲ့စည်းလိုက်တဲ့ စုံစမ်းရေး ကော်မရှင်က ရခိုင် ပဋိပက္ခတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ပြင်ပမှာ နိုင်ငံခြားရေး ဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံစဉ်မှာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အကြီးအကျယ် စိုးရိမ်ကြောင်း ပြောဆိုခဲ့တယ်လို့ စကာၤပူ နိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnan က လွှတ်တော်မှာ ဒီကနေ့ ပြောဆိုခဲ့တာပါ။
လူတွေ ဖန်တီးလို့ ဖြစ်ရတဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကပ်ဘေးကြီး ဖြစ်တယ်လို့လည်း စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးက သုံးနှုန်း ပြောဆိုသွားပါတယ်။ ရိုဟင်ဂျာ ပဋိပက္ခ အပေါ် နိုင်ငံတကာဘက်က ဝေဖန်ရှုတ်ချနေကြချိန်မှာ ပြည်တွင်းရေးကို ဝင်မစွက်ဖို့ မူချထားတဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ ဘက်ကလည်း ဒီကိစ္စ အပေါ် ပိုပြီး တင်းတင်းမာမာ ပြောဆိုလာတဲ့ အနေအထားရှိပါတယ်။ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေ မပြေမလည်ရင် အကြမ်းဖက်ဝါဒ ပျံ့နှံ့သွားစေနိုင်ပြီး အရှေ့တောင်အာရှမှာရော တခြားဒေသတွေကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့လည်း စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုသွားပါတယ်။ မြန်မာ အစိုးရအနေနဲ့ ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့နဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တို့ကိုလည်း ပြင်ဝင်ခွင့် ပိတ်ထားပါတယ်။