သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်လွှတ်တော်ရဲ့ မြောက်ဦးအရေး စုံစမ်းရေးအဖွဲ့ ကွင်းဆင်းစစ်ဆေးမှု စမည်


ရခိုင်ပြည်နယ်လွှတ်တော်
ရခိုင်ပြည်နယ်လွှတ်တော်

မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကို ဖော်ထုတ်နိုင်ဖို့ ပြည်နယ်လွှတ်တော်က အတည်ပြုဖွဲ့စည်းထားတဲ့“မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့”အနေနဲ့ လွှတ်တော်ပြီးမှသာ မြေပြင် ကွင်းစစ် ဆေးမှုများစတင် လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ရက်အတိအကျကို ဒီအချိန်ထိ အတည်ပြု မသတ် မှတ်ရသေးဘူးလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူးဖြစ်သူက ဗွီအိုအေ ကိုပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းကမေခကပေးပို့ထားတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးဒေသမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ပတ်သတ်လို့ ဖြစ်စဉ်အမှန်ကို ဖော်ထုတ်နိုင်ဖို့ ပြည်နယ်လွှတ်တော်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ “မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့”ကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ဒီလိုဖွဲ့ထားပေမယ့် ခုချိန်ထိ မြေပြင်ကွင်းဆင်း စစ်ဆေးမှုတွေကို မလုပ်နိုင်သေးပါဘူး။ လာမယ့် ပြည်နယ်လွှတ်တော် အစည်းအဝေးပြီးကို မတ်လ တွင်းမှာခေါ်ထားပြီး ဒါပြီးမှပဲ စတင်မယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အတွင်းရေးမှုး ဦးထွန်းသာစိန်က စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေတယ်လို့ပြောပါတယ်။

" ကျနော်တို့ကတော့ အကြမ်းအားဖြင့်ပြောမယ်နော် ဒီအဓိကရုဏ်းကို နှိမ်နင်းတဲ့ အတွင်းမှာ ပါတဲ့ ပြည်သူ့ရဲတွေပါမယ်။ ရခိုင်ပြည်နယ် စီမံခန့်ခွဲမှု ကော်မတီပါမယ် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီပါမယ် ကျနော်တို့မေးမြန်းစုံစမ်းမယ့် အထဲမှာပေါ့နော် တွေ့မတွေ့ကတော့ သူတိုနဲ့ဆိုင်ပါလိမ့်မယ် နောက်တခုက အခင်းဖြစ်သွားတာက ရပ်ကွက်ထဲမှာ ဆိုတော့ ရပ်ကွက်ထဲက မျက်မြင်သက်သေတွေကို စစ်ဆေးရမှာရှိတယ်။ ဘယ်သူ့ကို စစ်ဆေးရမလဲဆိုတော့ လမ်းတလျောက်မှာပေါ့နော် ဖြစ်တဲ့အချိန် မြင်တဲ့ကြားတဲ့သူတွေ အဲ့ဒီ့သူတွေကို ကျနော်တို့ မေးမြန်းစုံစမ်းရမှာပေါ့နော်။"

ဒီ စုံစမ်းရေးအဖွဲ့ကို ရခိုင်လွှတ်တော်က ဖွဲ့စည်းပေးခဲ့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၇ (က) နဲ့ ကိုက်ညီမှု မရှိတဲ့အတွက်ဆိုပြီး ဒီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက် တာတွေ မလုပ်ဖို့ ရခိုင်ပြည်နယ် အစိုးရက အစိုးရဌာနတွေဆီကို ပြီးခဲ့တဲ့ ရက်ပိုင်းက ညွှန်ကြားစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လွှတ်တော်နဲ့ အစိုးရအကြား အပြန်အလှန် ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ အဲဒီ ညွန်ကြားစာကို ရခိုင်အစိုးရဘက်က တရားဝင် ရုပ်သိမ်းခြင်း မပြုဘဲ ပြန်လည် ဆိုင်းငံ့ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဘက်ကတော့ စုံစမ်းမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းသွားပါတယ်။

ဒီစုံစမ်းစစ်ဆေးမှု အစီရင်ခံစာနဲ့ပတ်သက်လို့ ဦးထွန်းသာစိန်က-

"ဒါကတော့ ကျနော်တို့ စုံစမ်းလေ့လာပြီး လေ့လာမိသလောက် အကြောင်းအရာတွေကို တင်ပြမှာပါ လုပ်မှာက အစိုးရအဖွဲ့က လုပ်မှာ။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာဟာ ဘယ်လောက် အကောင်အထည်ဖော်နိုင် မလဲဆိုတော့ အကောင်အထည်ဖော်ဖို့အပိုင်းကျတော့ ကျနော်တို့မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အစီရင်ခံစာကို တင်ပြမယ် အဲ့တာကို တာဝန်ရှိတဲ့အစိုးရအဖွဲ့အနေနဲ့ သူတို့လုပ်သင့်လုပ်ထိုက်တာတွေ ပါလို့ရှိရင် လုပ်ပါ ဒါကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲ။ ကျနော်တို့ကတော့ အစီရင်ခံစာကို မြေပြင်နဲ့ကိုက်ညီအောင်လို့ တင်သွင်းမှာပါ။"

လွှတ်တော်က ဖွဲ့ထားတဲ့ စုံစမ်းရေးအဖွဲ့မှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၇ ဦးနဲ့ လွှတ်တော်ရဲ့ ဥပဒေရေးရာနဲ့ အခြား ကိစ္စရပ်များဆိုင်ရာ အကြံပေးအဖွဲ့ဝင် ၂ ဦးတို့ ပါဝင်ပါတယ်။

စုံစမ်း စစ်ဆေးရေးအဖွဲ့အနေနဲ့ ဖေဖော်ဝါရီလ ပထမအပတ်မှာ မြေပြင် ကွင်းဆင်း စစ်ဆေးဖို့ စီစဉ်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်က တိန်ညိုကျေးရွာက ဒေသခံတွေ ဖမ်းဆီးခံနေရမှုနဲ့ ရဲတပ်ဖွဲ့က လက်လုပ်သေနတ် ရှာဖွေမှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့တာကြောင့် အဲဒီ မြေပြင်ကွင်းဆင်း စစ်ဆေးမယ့် အစီအစဉ်ကို ရပ်နားထားရတာ ဖြစ်တယ်လို့ ဦးထွန်းသာစိန်က ဆိုပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေအတွင်း လူ ၇ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရှိခဲ့ပါတယ်။ ဒဏ်ရာရသူ ၁၂ ဦးထဲက ၈ ဦးဟာ စစ်တွေဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံလိုက်ရပါတယ်။ကျန် ဒဏ်ရာရသူ ၄ဦးကတော့ မြောက်ဦးမြို့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရာက အဖမ်းခံရမှာ စိုးရိမ်တဲ့အတွက် ထွက်ပြေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG