သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ကျောက်ဖြူမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
နောက်ဆုံးရသတင်း

ကျောက်ဖြူမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်ရေနံပိုက်လိုင်းစီမံကိန်း ဆိပ်ခံတံတား။ (photo: AFP)
ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်ရေနံပိုက်လိုင်းစီမံကိန်း ဆိပ်ခံတံတား။ (photo: AFP)

ရခိုင်ပြည်နယ်မှာ တရုတ်နိုင်ငံရဲ့စီမံကိန်းတွေအများဆုံးရှိနေတဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အဖွဲ့ကြား ပြီးခဲ့တဲ့ သီတင်းပတ်ကစ ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက်သေကျေတာ၊ နေအိပ်တွေ ပျက်စီးတာတွေရှိနေတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းက မဒေးကျွန်း ရေနက်ဆိပ်ကမ်းအပါအဝင် တရုတ်စီမံကိန်းတွေ အများဆုံး ရှိနေတဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ AA ကြား နှစ်ဘက်တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေ ပါတယ်။ ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ဓညဝတီ ရေတပ်စခန်း နားမှာတိုက်ပွဲတွေ ဖြစ်နေပြီး မနေ့ညအထိ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်သံတွေ ကြားနေရ ကြောင်း ကျောက်ဖြူဒေသခံ တဦးကပြောပါတယ်။

“ကျောက်ဖြူဘက်မှာ တိုက်ပွဲဖြစ်တာတွေက တရက်နှစ်ရက်လောက်တော့ ရှိပြီပေါ့နော်၊ ဖြစ်တာက တော့ စစ်ကောင်စီတပ်တွေက အာရက္ခတပ်တော်ရှိတဲ့တပ်စခန်းတွေ လာဝိုင်းတာကြောင့် ဖြစ်ကြတာ တိုက်ပွဲဖြစ်ကြတာ။ အခုကတော့ စကစ တပ်သားတွေ ပြန်ဆုတ်သွားပြီလို့ ကြားရတယ်ဗျာ၊ တိုက်ပွဲကတော့ အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်နေတာတော့ ကြားရတယ်။”

စစ်ကောင်စီဘက်ကတော့ သစ်ပုတ်တောင် ရေတပ်စခန်းအနီးပတ်ဝန်းကျင်မှာရှိတဲ့ ကြတ်တိန်၊ စစ်တော၊ စည်မော်၊ ရှောက်ရှောင်း၊ စိုင်ခြုံ၊ ကပ်သပြေစတဲ့ ကျေးရွာတွေအပါအဝင်ကျေးရွာ တော်တော်များများကို လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။

“ဂျက်လေယာဉ်နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို လာပြီးတော့ ဗုံးကြဲတာကြောင့် အမျိုးသမီး တဦးသေဆုံးသွားတယ်။ ကျွဲနွားတွေလည်း သေဆုံးသွားတယ်လို့တော့ သိရတယ်ဗျာဟုတ်။ ကြတ်တိန် ကျေးရွာမှာဆိုလို့ရှိရင် နေအိမ်တချို့ မီးလောင်သွားတယ်လို့တော့ ကြားရတယ်ဗျာ။ ပြီးရင်မီးမလောင်ပဲ ပျက်စီးသွားတာတွေ ရွာခံတွေကပြောတာတော့ ကြားရတယ်ဗျာဟုတ်။”

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားရာနေရာတွေက အနီးနားတဝိုက် ဒေသခံတွေဟာ ဘေးလွတ်မယ့်နေရာ တွေကို ထွက်ပြေးတိမ်ရှောင်နေကြတဲ့အကြောင်း ဒေသံတွေက ပြောဆိုကြပါတယ်။ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AAကြား တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာတွေဟာ တရုတ်ရေနက်ဆိပ်ကမ်းတည်ရှိတဲ့ မဒေကျွန်းအနီးနား နေရာတွေ ဖြစ်ပါတယ်။

လောလောဆယ် ကျောက်ဖြူမြို့နယ်မှာ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေသလို ဖုန်းနဲ့ အင်တာနက်လိုင်းတွေကတော့ ပြီးခဲ့တဲ့နှစ်ကစပြီး အခုထိ ပြတ်တောက်နေဆဲဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေမှုနဲ့ ပတ်သက်ပြီးတော့ အာရက္ခတပ်တော် AA ဘက်က တစုံတရာသတင်းထုတ်ပြန် တာမတွေ့ရသေးသလို စစ်ကောင်စီဘက်ကလည်းသတင်းတစုံတရာထုတ်ပြန်တာမတွေ့ရသေးပါဘူး။

ဒါ့အပြင် ရခိုင်မြောက်ပိုင်းက စစ်တွေမြို့နယ်မှာလည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်သံတွေ နေ့တိုင်းကြားနေရတယ်လို့ စစ်တွေမြို့ပေါ်မှာရှိနေတဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်တွေမြို့အပြင်ဘက်မှာရှိတဲ့ ကျေးရွာတွေမှာ ပစ်ခတ်နေကြပြီး စစ်တွေမြို့ပေါ်မှာ တော့ လူသွားလူလာတွေ ပုံမှန်အတိုင်းရှိနေသလို စစ်တွေ-ရန်ကုန် လေကြောင်း လိုင်းလည်း ပုံမှန်ပြေးဆွဲနေဆဲဖြစ်တယ်လို့လည်း မြို့ခံတွေကပြောကြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ AA တပ်တွေ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလအကုန်ပိုင်းလောက်က စပြီး ပြန်တိုက်ပွဲတွေ တကျော့ပြန် ပြန်ဖြစ်နေတာပါ။ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို AA ဘက်က သိမ်းပိုက်ထားပါတယ်။ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့နယ်တွေကိုတော့ စစ်ကောင်စီက ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပြီး အခုရက်ပိုင်းကစလို့ စစ်တွေမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG