သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြှုပ်မိုင်းကြောင့် ရခိုင်မှာ ထိခိုက်သူတွေ အကူအညီလိုအပ်


မိုင်းကြောင့် ခြေတဘက် ဆုံးရှုံးခဲ့သူတဦး (မှတ်တမ်းဓာတ်ပုံ-ဇန်နဝါရီ၊ ၂၄၊ ၂၀၁၃)
မိုင်းကြောင့် ခြေတဘက် ဆုံးရှုံးခဲ့သူတဦး (မှတ်တမ်းဓာတ်ပုံ-ဇန်နဝါရီ၊ ၂၄၊ ၂၀၁၃)

[Zawgyi/Unicode]

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ရပ်ဆိုင်းနေတယ်ဆိုပေမဲ့ လက်ရှိအချိန်ထိ မိုင်းပေါက်ကွဲတာတွေ ရှိနေသေးသလိုမိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိထာသူတွေအနေနဲ့လည်းအကူအညီတွေ လိုအပ်နေတဲ့ အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ရှိခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းတွေ ပေါက်ကွဲပြီး တော့ သေဆုံးသူတွေ ရှိသလို ထိခိုက်ဒဏ်ရာရတာတွေလည်း အများအပြား ရှိနေပါတယ်။

အခုလို မိုင်းပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို အရပ်ဘက်အဖွဲ့အစည်း တချို့က ကူညီပေးထားပေမဲ့လည်း ဒဏ်ရာရှိထားသူတွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း မိုင်းထိမှန်သူတွေကို ကူညီပေးနေတဲ့ ဦးသန်းထွန်းက ပြောပါတယ်။

“မိုင်းထိလူနာတွေကတော့ များသောအားဖြင့် တောင်ပေါ်တွေ၊ တောတွေမှာ လုပ်ကိုင်စား သောက်ရတဲ့ လူတွေများတယ်လေ။ တော်တော်များများကလည်း ဆင်းရဲ နွမ်းပါတဲ့ သူတွေပေါ့လေ။ အဲဒီတော့ သူတို့က ထင်ခွေသွားမယ်။ ဟင်းခူးမယ်။ အဲဒါကြောင့်ပဲ မိုင်းထိခံရ တာဆိုတော့ ဆင်းရဲ နွမ်းပါးတဲ့သူ များတယ်။ သူတို့ဟာ ခြေထောက်တစ်ဘက် ဖြတ်ထားရသူတွေလည်း ရှိသလို၊ နှစ်ဘက် ဖြတ်ထားရသူတွေလည်း ရှိတာပေါ့။ လောလောဆယ်ကတော့ ဒီကူညီစောင့်ရှောက်ရေး အဖွဲ့တွေက ကူညီပေးထားလို့ လောလောဆယ် အဆင်ပြေနေပေမဲ့ သူတို့ရဲ့ အနာဂတ် ရပ်တည်ရေးအတွက်ကတော့ မတွေးရဲစရာပါပဲ။ အကူအညီတွေ အထောက်ပံ့တွေ အများကြီး လိုအုံးမှာပေါ့။”

မြေပုံမြို့နယ် စညင်းကျေးရွာက မိုင်းထိမှန်ပြီးခြေတစ်ဘက်ပြတ်သွားတဲ့ မနန်းစုကတော့ လတ်တလော အဆင်ပြေအောင် ကူညီသူတွေ ရှိပေမယ့်လည်း ဘဝရပ်တည်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

“အကူအညီကတော့ လိုတော့ လိုတာပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့က လင်မယားနှစ်ယောက်တည်းနေတာဆိုတော့လေ ညီမက ဘာမှမလုပ်နိုင်တဲ့ အခါကျတော့ ညီမ အမျိုးသားကလည်း ညီမဘေးနားနေရတော့ အပြင်အလုပ်တွေ ဘာတွေလည်း ထွက်မလုပ်နိုင်တော့ ကူညီထောက်ပံ့မှုတွေ လိုတာပေါ့။ အစိုးရထောက်ပံ့မှုဆိုတာကလည်းမရှိပါဘူး။ ညီမတို့ ဆေးရုံစတက်ကတည်းက ဆရာဦးသန်းထွန်းတို့ အဖွဲ့အစည်း အသေးလေးတွေကနေ အကုန်လုံးကူညီပါတယ်။ ဆရာဦးသန်းထွန်းတို့ အဖွဲ့က အခုထိ ပံ့ပို့ပေးနေပါတယ်။”

လက်ရှိအချိန်ထိ စစ်တွေမြို့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းမှာ နေရပ်မပြန်နိုင်သေးတဲ့မိုင်းထိမှန်ပြီးတော့ ဒဏ်ရာရလူနာတွေ ဆယ်ဦးထက်မနည်းရှိတယ်လို့ မိုင်းထိမှန်သူတွေကို ကူညီပေးနေတဲ့ ဦးသန်းထွန်းက ပြောပါတယ်။

“တခြားဟာတွေတော့ ကျနော်မပြောလိုဘူးပေါ့နော်။ စစ်တွေဆေးရုံကို ရောက်လာတဲ့ လူတွေထဲက ခြေထောက်တစ်ဘက် ပြတ်သွားတဲ့ မိုင်းထိ လူနာတွေကတော့ ၁၀ ကျော် လောက်ရှိတယ်။ နှစ်ဘက်ပြတ်သွားတဲ့ သူကတော့ နှစ်ယောက်ရှိတယ်။ ကျားတစ်ယောက်၊ မတစ်ယောက်ပေါ့။ ကျနော်တစ်ယောက်တည်း သိသလောက်တော့ ၁၀ ကျော်လောက် ရှိတယ်။ ဒီထက်လည်း အများကြီးရှိမှာပေါ့နော်။ ကျနော်တို့ အကူအညီ မပေးလိုက်နိုင်တဲ့ သူတွေလည်း အများကြီးရှိမှာပေါ့လေ။ လောလောဆယ် အလိုတော်ပြည့်ကျောင်းမှာ ကျနော်စောက်ရှောက်ပေးထားတဲ့ထဲမှာ ခြေထောက် တဘက်ပြတ်တဲ့သူက အမျိုးသား နှစ်ယောက်၊ အမျိုးသမီး သုံးယောက် ရှိတယ်။ တဘက်ပြတ်တွေ အဲဒါတွေက။ နှစ်ဘက် ပြတ်တဲ့သူက ၁၀ ယာက်ရှိတယ်။ နောက်တယောက်ကလည်း ကျနော်တို့စောက်ရှောက်ပေးထားပြီးတော့ ရွာပြန်သွားတဲ့ ဝေသာလီက မောင်ဇော်ဌေးလင်းဆိုတာ တယောက်ရှိတယ် ကျန်တဲ့သူတွေကတော့ ရွာပြန်ပြီးတော့ ကိုယ့်ရွာကိုယ်ပြန်နေကြတာပေါ့။”

မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား ၂ နှစ်တာ စစ်ရေးတင်းမာမှု ကာလအ တွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန်ဗုံးတွေ ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးတာ ၃၃ ဦးထက်မနည်း ရှိခဲ့ကြောင်းလည်း ဒေသခံ လူထုအခြေပြုအဖွဲ့ တခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ကမှတ်တမ်းတင်ထားပါတယ်။ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေ အတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ပိုများလာသလို စစ်ရှောင်ဒုက္ခသည် ၂၃၀,၀၀၀ ကျော် ရှိနေပြီလို့လည်း ခန့်မှန်းထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ဒေသတွေမှာ ပြန်လည်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့ AA အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံခဲ့ပြီးနောက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းနေတာ ၁ လကျော်လောက် ရှိနေပေမဲ့ မြေမြှုပ်မိုင်းအန္တရာယ် အပါအဝင် လုံခြုံရေးစိုးရိမ်မှုကြောင့် ဒုက္ခသည်တွေ အများအပြား နေရပ်မပြန်ရဲသေးဘဲ ဖြစ်နေပါတယ်။

မြေမြုုပ်မိုင်း ပိတ်ပင်တားဆီးရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ မြန်မာနိုင်ငံမှာ အခုအချိန်ထိ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက မြေမြုူပ်မိုင်း အသုံးပြုတာတွေ ရှိနေသေးတယ်လို့ ဒေသခံတွေရဲ့ စစ်တမ်းတွေမှာ ဖော်ပြကြပါ တယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကတော့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ မြေမြုုပ်မိုင်းရှင်းလင်းရေး ပါဝင်ကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG