သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရသေ့တောင် အဓမ္မပြုကျင့်မှု စစ်သားသုံးဦး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ


ရွာအဝင်ဆိုင်းဘုတ်။
ရွာအဝင်ဆိုင်းဘုတ်။

[Zawgyi/Unicode]

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ဒေသခံ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ တပ်မတော်သား ၃ ဦးကို ဒီကနေ့မှာပဲ စစ်တွေမြို့ တပ်မတော်စစ်ခုံရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်၂၀ ချမှတ်လိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က တင်ပြပေးပါမယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ဇွန်လ ၂၉ ရက်နေ့တုန်းက အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး တပ်မတော်သား ၃ ဦးကို စစ်ခုံရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ် ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကိုတော့ တရား လိုဘက်က အကျိုးဆောင်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်သူဇာ က ကြိုဆိုလိုက် ပါတယ်။

“ဒီနေ့မှာ တပ်မတော်သား သုံးဦးကိုပေါ့နော်။ ထောင်ဒဏ် နှစ် ၂၀ စီချမှတ်ပါတယ်။ တပ်မတော် စစ်တရားရုံးမှာ အမိန့်ချပြီးတော့ စစ်တွေ အကျဉ်းထောင်ကို ဒီနေ့ပဲ ပို့ပါတယ်။ ကျမကတော့ ဥပဒေသမားတစ်ယောက်၊ တရားလိုရဲ့ ရှေ့နေတစ်ယောက်အနေနဲ့ ပြောရမယ် ဆိုရင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်တာက မျှတတယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာဇသတ်ကြီးမှာ ထောင်ဒဏ် နှစ် ၂၀ ဆိုတာ အမြင့်ဆုံးပေါ့နော်။ ၃၇၆ မှာ ၁၂ နှစ်အောက် ကလေးကို ကျုးလွန်တယ်ဆိုရင်တော့ ထောင်ဒဏ် တစ်သက်ပေါ့နော်။ အခုက ထောင်ဒဏ် နှစ် ၂၀ ချမှတ်တယ်ဆိုတာက ထိရောက် ဟန့်တားနိုင်တဲ့ ပြစ်ဒဏ်တစ်ခုကို အမြင့်ကို ပြစ်ဒဏ်တစ်ခုကို ချမှတ်တယ်လို့ မြင်တယ်။”

အစောပိုင်းမှာတုန်းကတော့ အဓမ္မပြုကျင့်မှု စွပ်စွဲချက်ဟာ မမှန်ကန်ကြောင်း တပ်မတော်က ငြင်းဆန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စုံစမ်းစစ်ဆေး အရေးယူခဲ့တာပါ။ တပ်မတော်သား ၃ ဦးကို အကျဉ်းခုံရုံးဖွဲ့ စစ်ဆေးအမိန့်ချခဲ့တဲ့ တရားခွင်ကိုတော့ အရပ်ဘက်အဖွဲ့အစည်းတွေ အမျိုးသမီးရေး လှုပ်ရှားသူတွေ အပါအဝင် အများပြည်သူ တက်ရောက်ခွင့်ပြုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အပါဝင် လက်နက်ကိုင်ပဋိပက္ခတွေ ကြုံနေရတဲ့ ဒေသတွေမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားခံရတာတွေ ကြုံရလေ့ ရှိတာကြောင့် အခုလို အရေးယူအပြစ်ပေးတာမျိုးတွေအပြင် နောင်မှာ အလားတူမဖြစ်အောင် ထိထိရောက်ရောက် ဟန့်တားဖို့လိုတယ်လို့လည်း တရားလွှတ်တော်ရှေ့နေ ဒေါ်သူဇာ ကပြောပါတယ်။

“အခုဆိုလို့ရှိရင် အရင်ဆုံး စံပြသဘောအနေနဲ့ ထိရောက်တဲ့ ပြစ်ဒဏ်ကို အမြင့်ဆုံး ချမှတ်တာကို ကျမအနေနဲ့ ကြိုဆိုတယ်ပေါ့နော်။ ပြီးတော့ နောက်ထပ် ပဋိပက္ခဒေသအတွင်းမှာ အမျိုးသမီးတွေ၊ ကလေးတွေ၊ တစ်ခြားသက်ကြီးရွယ်အိုတွေလည်း ပါတာပေါ့။ အထူးသဖြင့် အမျိုးသမီးတွေ အကြမ်းဖက် မခံရဖို့အတွက်ကို ကြိုတင်ပြီးတော့ ဥပဒေမှာ ဖော်ပြချက်တွေကို ပြဌာန်းသင့်တယ်။ အမျိုးသမီးတွေ စော်ကားမခံရဖို့၊ အကြမ်းဖက်မခံရဖို့ ပြီးတော့ ထပ်ပြီးတော့ ဒီလိုမျိုးမဖြစ်လာဖို့လည်း တပ်မတော်အနေနဲ့ တာဝန်ရှိသူတွေအနေနဲ့ နောက်ပိုင်း သေသေချာချာပြုလုပ်သင့်ပါတယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက တပ်မတော်ရဲ့ စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့မှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ တပ်မတော်သားတွေကို ၁ နှစ်တောင် မပြည့်ခင်မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့အတွက် ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း တပ်မတော်က စစ်ဆေးအရေးယူတဲ့ အမှုတွေနဲ့ ပတ်သက်လို့ သံသယရှိတယ်လို့လည်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အထွေအထွေအတွင်းမှူး နော်ဆဲဆဲက ပြောပါတယ်။

“တပ်မတော်မှာ၊ တပ်ဘက်မှာပဲ ပြစ်မှုပြစ်ဒဏ်ပေးပြီးတော့ ပြီးသွားတဲ့ အမှုတွေလည်း အများကြီးပေါ့နော်။ ဒါပေမဲ့ ဘယ်လောက်ထိ ပြစ်မှုပြစ်ဒဏ်ပေးလဲဆိုတာ ကျမတို့ မမြင်ရဘူး။ အဲဒီတော့ ကျမတို့ သူတို့အပေါ်မှာလည်း အယုံအကြည်မရှိဘူးပေါ့နော်။”

မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေ ကြုံနေရတဲ့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေအပေါ် တပ်မတော်သားတွေက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ အမှုပေါင်း ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ် အထိ ၉၄ မှုရှိတယ်လို့လည်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က မှတ်တမ်းတင်ထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းခဲ့တဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေး တွေအတွင်း ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ တပ်မတော်နဲ့ မြန်မာအစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်ခဲ့တဲ့ လုပ်ရပ်တွေကိုလည်း စုံစမ်းဖော်ထုတ် အရေး ယူတာတွေ ရှိခဲ့ကြောင်း တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG