သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသခံရခိုင်နှစ်ဦး သတ်ဖြတ်ခံရမှု နှစ်ဖက်အသိုင်းအဝိုင်း စိုးရိမ်


မောင်တောမှာ လုံခြုံရေးတပ်တွေ လုံခြုံရေး ယူထားပုံ (အောက်တိုဘာ ၂၀၁၆)
မောင်တောမှာ လုံခြုံရေးတပ်တွေ လုံခြုံရေး ယူထားပုံ (အောက်တိုဘာ ၂၀၁၆)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း ဒေသခံရခိုင်လူမျိုးနှစ်ဦး သေဆုံးမှုဖြစ်ပြီးနောက် နှစ်ဘက်အသိုင်းအဝိုင်း ဒေသခံတွေကြား လုံခြုံရေးစိုးရိမ်မှုတွေဖြစ်နေသလို နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးမှုရှိဖို့ အရေးကြီးလိုအပ်လာနေတဲ့အနေအထား ဖြစ်လာနေတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေဘက်ကလည်း မောင်တောဒေသထဲ လုံခြုံရေးအင်အား ပိုတိုးမြှင့်ထားသလို မူဆလင်ရွာတွေထဲ ဝင်ပြီး စစ်ဆေးမှုတွေရှိနေတယ်လို့ မောင်တောဒေသခံမူဆလင်တဦးကပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ထဲ ဒီရက်ပိုင်းတွေအတွင်းမှာ ဒေသခံရခိုင်လူမျိုးနှစ်ဦး သေဆုံးမှုရှိခဲ့တဲ့အတွက် စစ်တပ်၊ ရဲလုံခြုံရေးတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေပါတယ်။ ဒီကနေ့မှာတော့ မောင်တောမြောက်ပိုင်းက မူဆလင်ကျေးရွာတွေထဲ ဝင်ပြီး စုံစမ်းစစ်ဆေးမေးမြန်းနေတဲ့ အခြေအနေ ကိုတော့ မောင်တောဒေသခံ မြို့သူကြီးကျေးရွာသား မူဆလင်တဦးဖြစ်တဲ့ ဦးလှထွန်းက အခုလို ပြောပြပါတယ်။

"ဒီနေ့က သူတို့က နယ်မြေရှင်းလင်းရေးလုပ်တယ်ဆိုပြီးတော့ သူတို့က ရေတွင်းပြင်ရွာကိုလာပြီးတော့ စစ်တယ် ၊ စစ်တဲ့အခါကျတော့ သူတို့က အင်အားကတော့ ၁၀၀ လောက်လာတယ်လို့ပြောတယ်။ စစ်တပ်နဲ့ နယ်ခြားစောင့်ပေါင်းပြီးတော့ ။ ဒီနေ့ စစ်တပ်ရေတွင်းပြင်ဆိုတဲ့ရွာနဲ့ ဟိုတနေ့က အလောင်းရတဲ့ရွာနဲ့ ၇-၈ မိုင်လောက်တော့ဝေးတယ်အမ ၊ အဲဒီအလောင်းရတဲ့ရွာမှာ အရင်ကတည်းက ကျနော်တို့လူတွေရှိခဲ့တယ်။ အခုတော့ အဲဒီရွာမှာကျနော်တို့လူတွေ တယောက်မှ မရှိဘူး။ ပြီးတော့ ဒီမှာ ကာဖူးထုတ်ထားတာက ကျနော်တို့ နေဝင်တာနဲ့ ဘယ်သူမှ ရွာအပြင်ကိုတောင်မပြောနဲ့ အပြင်ကိုတောင်မထွက်ဘူး။ နောက်တချက်က ဟိုတနေ့က အလောင်း ရတဲ့နေရာနားမှာလည်း စစ်တပ်စခန်းတွေရှိတယ်။ဆိုတော့ ကျနော်တို့လူတွေက ဒီလိုညအချိန်မျိုးမှာ သွားပြီးတော့ လူတွေကို လိုက်တိုက်တယ်ဆိုတာက ကျနော်တို့ကျေးရွာသားတွေ မဖြစ်နိုင်ဘူးဆိုတာကိုတော့ ကျနော်တို့ သေသေချာချာ ပြောလို့ရတယ်။"

ပြီးခဲ့သည့်နှစ် အစိုးရလုံခြုံရေးကင်းစခန်းတွေကို ARSA အကြမ်းဖက်သမားတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အစိုးရစစ်တပ်နဲ့ ရဲလုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေကြောင့် ဒေသခံမူဆလင် သိန်းချီဟာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရပါတယ်။ အခုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေရာနဲ့ မနီးမဝေးမှာ နေထိုင်နေသူ မူဆလင်ကျေးရွာတွေက ဒေသခံတွေဟာ ရခိုင်ပြည်နယ်ထဲမှာပဲ နေထိုင်နေခဲ့ကြသူဖြစ်တယ်လို့လည်း ဦးလှထွန်းကပြောပါတယ်။ တကယ်လို့ ဒီနယ်မြေရှင်းလင်းရေးတိုင်းမှာ မူဆလင်တွေကို ဦးတည်ချက်ထား စုံစမ်းစစ်ဆေးမှုတွေ လုပ်နေမယ်ဆိုရင်တော့ ဆက်နေရဲကြမယ်မထင်ဘူးလို့လည်း သူကပြောပါတယ်။

"ဘာပြဿနာဖြစ်ဖြစ် ကျနော်တို့ခေါင်းပေါ်ကို ပုံချမယ်ဆိုရင်တော့ ကျန်နေတဲ့လူတွေက ထွက်ပြေးမှာပေါ့ ။ ဒီမှာမောင်တောနဲ့ဘူးသီးတောင်ကလူတွေက ပြဿနာတွေ ပေါ်လာတိုင်း လူတယောက်အသတ်ခံရတိုင်း ကျနော်တို့မွတ်ဆလင်တွေလုပ်တယ်ဆိုပြီးတော့ အပြစ်ပုံချပြီးတော့ အလွန်အကျွံအင်အားသုံးနှိမ်နင်း နယ်မြေရှင်းလင်းရေးတွေလုပ်မယ်ဆိုရင် ကျနော်တို့လူတွေက နေရဲမှာမဟုတ်ဘူး။"

မောင်တောဒေသတွင်း ချောင်းထဲ ငါးဖမ်းသွားတဲ့ ဒေသခံ မာရမာကြီးလူမျိုးနှစ်ဦးနဲ့ ရခိုင်လူမျိုးနှစ်ဦးတို့ တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ရခိုင်ဒေသခံတွေကြား စိုးရိမ်မှုတွေဖြစ်နေတဲ့ အနေအထားကို ရခိုင်အမျိုးသားပါတီ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အခုလိုပြောပြပါတယ်။

" မာရမာကြီး ၂ ယောက်နဲ့ ရခိုင် ၂ ယောက်က စားဝတ်နေရေး အတွက် ငါးသွားရှာတယ်ပေါ့နော်။ သူတို့လှေကလေးနဲ့ သွားရှာတယ်။ ဒါပေမယ့် အဲဒီ ၂ ယောက်လည်း ပျောက်သွားတယ် နောက် ၁ ရက် ၂ ရက်မှာ သူတို့ကို လည်လှီးဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရတယ်။ ဒါကြောင့် ကျမတို့ ရခိုင်ပြည်နယ်မြောက်ပိုင်းသည် တည်ငြိမ်အေးချမ်းမှု မရရှိတဲ့အခြေအနေကို ဖော်ပြနေပါတယ်။ ဆိုတော့ ဒီလိုပြဿနာတွေ ဖြစ်နေလို့ရှိရင်လည်း လုံခြုံရေးအပိုင်းက ဘာပဲဖြစ်ဖြစ် အားနည်းနေတာကိုလည်း တွေ့နေရတယ်။ အခုသေဆုံးသွားတဲ့နေရာတွေကိုလည်း သွားဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီတော့မှ သူတို့ဒေသ သူတို့နေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ အသံကို နားထောင်ပြီးတော့ ဘာဆက်လုပ်သင့်သလဲ အဲဒါမျိုးတွေကို ဆက်လုပ်ဖို့ရှိတယ်လို့ ပြောချင်ပါတယ်။"

ရခိုင်ပြည်နယ်လွှတ်တော် ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကတော့ ရခိုင်ပြည်နယ်လွှတ်တော ်ကိုယ်စားလှယ်တွေဘက်က ရခိုင်ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရကို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှုရှိအောင် လုံခြုံရေးကိုပိုစနစ်တကျ စီစဉ်ဆောင်ရွက်ပေးဖို့ အစီရင်ခံစာတင်သွင်းတိုက်တွန်းနေတဲ့အကြောင်း အခုလိုပြောပြပါတယ်။

"ကျနော်တို့ကြားရသလောက်ဆိုရင် လုံခြုံရေးက ကိုယ့်စခန်းကိုပဲ လုံခြုံရေးယူထားတာလောက်ပဲရှိတယ်။ ပြည်သူအပေါ်မှာ လုံခြုံရေးမပေးနိုင်ဘူး တရားဥပဒေ စိုးမိုးမှု မရှိနိုင်ဘူး ၊ အဲဒီအတွက်ကြောင့် အခုလိုဖြစ်ရတာဖြစ်တယ်။ ဒီသေဆုံးသွားသူတွေကို ရှာတဲ့အခါမှာ အလောင်းတွေကို ဖော်တွေ့တာတောင်မှ ကျနော်တို့ ဒေသခံ ကျေးရွာသွားတွေ ၂၀၀-၃၀၀ ကနေပြီးတော့ အဲဒီလို တောနက်ထဲကို ဝင်ရှာပြီးမှ ဒီအလောင်းတွေကို တွေ့တယ်လို့ကြားတယ်။ နောက်ပြီး တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အတွက်ကြောင့် ဒီလိုပြဿနာတွေဖြစ်တယ် အဲဒီအတွက်ကြောင့် ရခိုင်ပြည်နယ်အစိုးရရော၊ ပြည်ထောင်စုအစိုးရရောက ကျနော်တို့ တာဝန်ယူထားတဲ့ အချိန်အခါ အစိတ်အပိုင်း က ကျနော်တို့ ပြည်သူလူထုကို လုံခြုံမှုပေးနိုင်ဖို့အရေးကြီးတယ် တရားဥပဒေ စိုးမိုးမှု လုပ်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒါတွေကိုလည်း ကျနော်တို့က လွှတ်တော်မှာ တင်ပြထားပြီးဖြစ်တယ် ဆိုတာကို ကျနော့်အနေနဲ့ ပြောလိုပါတယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်း ဒီနယ်မြေရှင်းလင်းမှုတွေအတွင်း ကလေးငယ်တွေနဲ့ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေအပါအဝင် ရိုဟင်ဂျာမူဆလင်တွေအပေါ်မှာ စစ်တပ်ဘက်က လူမျိုးတုန်းသတ်ဖြတ်မှုအထိလူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့တယ်ဆိုပြီး ကုလသမဂ္ဂအပါအဝင် အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စွပ်စွဲပြောဆိုထားကြတာပါ။ မြန်မာအစိုးရဘက်ကတော့ ဒီအပေါ် ငြင်းဆန်ထားပြီး ဒီနယ်မြေရှင်းလင်းရေးတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုရင် တိုင်ကြားဖို့ ပြောဆိုထားပြီး တဘက်နိုင်ငံကို တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေအရေး ကုလ-ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG