သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းမှာ စစ်ရှောင်ဒုက္ခသည်တိုး


ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ
ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ

(Zawgyi/Unicode)

ပြီးခဲ့ရက်ပိုင်းတွေက တိုက်ပွဲတွေကြောင့် ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်က ညောင်ချောင်း စစ်ရှောင် စခန်းမှာ ၄ရက်အတွင်း စစ်ရှောင် ၁၈၀၀ အထိရှိလာပါပြီ။ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ရှောင်ဦးရေ စုစုပေါင်း တစ်သိန်းငါး သောင်း ကျော်အထိရှိနေတာပါ။

စစ်ရှောင်စခန်းတွေမှာ လူဦးရေ များလာတာကြောင့် ကမ္ဘာအနှံဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဖြစ် လာမှာကိုလည်း စိုးရိမ်စရာရှိနေပါတယ်။ စစ်တွေမြို့ကနေ ကိုသက်နိုင် သတင်းပေးပို့ထားပါတယ်။

ကျောက်တော်မြို့နယ်မှာ ပြီးခဲ့ရက်ပိုင်းတွေက တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်တာကြောင့် နေရပ်စွန့်ခွာထွက် လာကြသူတွေ တစ်သောင်းကျော်အထိရှိနေပြီး ညောင်းချောင်းကျေးရွာ စစ်ရှောင်စခန်းကိုတော့ ၄ရက်အတွင်း စစ်ရှောင်ဦးရေ ၂ထောင်နီးပါးရောက်လာတယ်လို့ စခန်းတာဝန်ခံ နီအောင်က ပြောပါတယ်။

"လူဦးရေကတော့ ကျနော်တို့ ထင်ထားတာထက် ပိုပြီးတော့ များလာတယ်။ လက်ရှိစစ်ရှောင်စခန်းမှာ ရောက်နေ တာကတော့ ၁၈၀၀၀တောင်ရှိသွားပြီး စားဝတ်နေရေးအတွက်လည်း ဘယ်အဖွဲ့အစည်းမှ လာရောက် ကူညီနေ တာမရှိဘူး။ ဒီမှာရှိတဲ့ ရွာတွေကပဲ နည်းနည်းပေးနေရတယ်။ လုံတော မလုံလောက်ပါဘူး။ ဖြစ်သလိုပေါ့။ ကျနော် တို့ ရွာကို ရောက်လာကြတာတော့ ၂၂ရက်နေ့ကရောက်လာကြတာ အခုအချိန်ထိလည်း ဝင်နေတုန်းပဲ ဘယ်လောက်ထပ်ရောက်လာမလဲဆိုတာကိုတော့ ကျနော်တို့ မပြောနိုင်သေးဘူး။အခုလက်ရှိမှာတောင် အိမ်ထောင်စုက ၄၂၀ တောင်ဖြစ်နေပြီ။"

အချိန်တိုအတွင်းမှာ လူဦးရေများပြားလာတာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ရင်ဆိုင် နေရသလို လက်ရှိကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာထက် စားဝတ်နေရေးက ပိုအရေးကြီးနေ တယ်လို့ သူကဆက်ပြောပါတယ်။

"ဗိုင်းရပ်စ်နဲ့ကို စိုးရိမ်တယ် ဒါပေမယ့် ကျနော်တို့မှာ ဗိုင်ရပ်စ်ထက် စိုးရိမ်စရာတွေ အများကြီးရှိတယ်။ စစ်ပွဲထဲ ကနေ အသက်စွန့်ပြီးတော့ လာကြတာ။ ခိုလုံစရာမရှိတော့ ကျနော်တို့ ရွာကို ရောက်လာကြတယ်။ ကျနော်တို့ စဉ်းစားတဲ့ထဲမှာတော့ ပါတယ် တစ်ဖက်မှာလည်းကျနော်တို့ လူစုလူဝဲဆိုတာ မထားလို့မှမရတာ။ နေရာအစုံထားလို့လည်း မရဘူး။ အခုပြောင်းလာကြတာလည်း ၁၀ရွာလောက်ကို တစ်ရွာတည်းမှာ ထားရတာ ဆိုတော့ အဆင်မပြေဘူး။"

ပြီးခဲ့တဲ့ရက်ပိုင်းက မီးရှို့ခံလိုက်ရတဲ့ ကျောက်တော်နဲ့ ပလက်ဝနယ်စပ် ပြိုင်းတိုင်းကျေးရွာကနေ ထွက်ပြေးလာ တဲ့ မရွှေမေသန်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှာကို စိုးရိမ်ပေမယ့် နေစရာလေးတစ်ခုရတာကိုပဲ ကျေနပ်နေရတယ်လို့ ပြောပါတယ်။

"ဒီမှာကျတော့ နည်းနည်းပါးပါးအခက်အခဲတွေ ရှိတယ် ရေတွေ ဘာတွေ တစ်ခြားနေရာတွေမှာ သွားချိုးရတယ်။ အစားအသောက်တွေကလည်း နည်းနည်းပါးပါးပဲ ရှိတယ်။ နေထိုင်ရတာကလည်း လူတွေ အများကြီးနေထိုင် ရတာဆိုတော့ ကျပ်တယ်။ ပူအိုက်ပြီးတော့။ အဲလိုလူစုလူဝဲတွေနဲ့ နေရတော့ ရောဂါပိုးကူးစက်ခံရမှာကိုလည်း ကြောက်တယ်။"

လက်ရှိအချိန်ထိ ရခိုင်မြောက်ပိုင်းက ကျောက်တော် မြောက်ဦး မင်းပြားစတဲ့ မြို့နယ်တွေမှာ ပစ်ခတ်မှုတွေ ရှိနေ တာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရသလို ပစ်ခတ်မှုတွေအတွင်းမှာ လည်းသေဆုံးဒဏ်ရာရတာတွေလည်း နေ့စဉ်တိုးလာနေပါတယ်။

တိုက်ရိုက် လင့်ခ်


.......................


(Unicode)










XS
SM
MD
LG